၉/၁၀ နိယာမ

၉၀/၁၀ နိယာမ ဆိုတာကတော့ နာမည်ကျော် စာရေးဆရာ Stephen Covey ပြောခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်။ အရမ်းကို ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကျင့်သုံးနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို အတွင်းကျကျနားလည်ပြီး လိုက်နာကျင့်သုံးရင် စိတ်ညစ်စရာတွေလည်း နည်းလာတာကို သင် တွေ့ရပါလိမ့်မယ်။ ဒီရိုးရိုးရှင်းရှင်းနည်းလမ်းလေးကို မသိခဲ့လို့ မလိုအပ်တဲ့ ခေါင်းခြောက်စရာ၊ ပြသာနာတွေကို ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရဖူးပါတယ်။

တကယ်တော့ ပြသာနာတော်တော်များများရဲ့ တရားခံဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့ကြောင်း ဒီနည်းလမ်းကို ဖတ်ပြီးမှပဲ သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖြေရှင်းနိုင်လျက်နဲ့ မဖြေရှင်းဘဲ ပြသာနာကို မီးလောင်ရာ လေပင့်ပေးခဲ့တာကြောင့် မကြီးသင့်ဘဲ – ကြီးခဲ့ရတဲ့ ပြဿနာတွေလည်း ဒုနဲ့ဒေးပါပဲ။ မဆုံးရှုံးသင့်တဲ့ သူငယ်ချင်းတွေ ဆုံးရှုံးခဲ့ရဖူးတယ်။ မကုန်သင့်တဲ့အချိန်တွေ ကုန်ခဲ့ရဖူးတယ်။ ၉၀/၁၀ နိယာမကို သိပြီးနောက်ပိုင်းမှ ကျွန်တော့်အမှားတွေကို ကွက်ကွက် ကွင်းကွင်း မြင်လာခဲ့ပါတယ်။

၉၀/၁၀ နိယာမအကြောင်းကို နည်းနည်းရှင်းပြပါမယ်။ ၉၀/၁၀ မှာပါတဲ့ ၁ဝ ဆိုတာက ၁၀ ရာခိုင်နှုန်းကို ဆိုလိုတာပါ။ နေ့စဉ်ဘဝမှာ သင့်အပေါ် ဖြစ်ပျက်နေတဲ့အရာတွေက ၁ဝ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက ထိုအရာတွေကို တုံ့ပြန်ရင်း ရလာတဲ့အရာတွေပါ။ ကျွန်တော်တို့အပေါ် ဖြစ်ပျက်နေတဲ့တစ်ဆယ် ရာခိုင်နှုန်းသောအရာတွေကို ကျွန်တော်တို့အားလုံး မထိန်းချုပ်နိုင်ကြပါဘူး။ မိုးမရွာအောင် တားလို့မရပါဘူး။ ကားမပိတ်အောင် တားလို့မရပါဘူး။ ဘတ်စ်ကားလာတာ နောက်ကျရင်လည်း ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူး။

ထိုအရာတွေက ဥပမာတွေဖြစ်ပြီး အဲ့ဒီလိုပဲ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အရာတွေ လောကကြီးမှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အဲဒါဟာ သင့်ဘဝရဲ့ ၁၀ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီအရာတွေအပေါ် သင် ဘယ်လိုတုံ့ပြန်လဲဆိုတာပဲ ဖြစ်ပါတယ်။ ဥပမာ မီးနီပြီး ကားပိတ်နေတာကို မတားနိုင်ပေမယ့် ဒေါသမထွက်အောင်တော့ သင် ထိန်းချုပ်လို့ရပါတယ်။ အကယ်၍ ဒီ ၉၀/၁၀ နိယာမလေးကို မရှင်းသေးဘူးဆိုရင်တော့ အောက်ပါဥပမာလေးကို ဖတ်ကြည့်နိုင်ပါတယ်။

မနက်ခင်းလေးတစ်ခုမှာ သင်က သင့်မိသားစုနဲ့ မနက်စာ အတူတူ စားနေတယ်ဆိုပါစို့။ သင်က အလုပ်သွားဖို့အတွက် ဝတ်စား ပြီးသွားပြီ။ စားပွဲဝိုင်းမှာ သင်ရယ်၊ သင့်ဇနီးရယ်၊ သင့်ကလေးတွေရယ် ထိုင်နေကြတယ်။ သင့်သမီးလေးက မတော်တဆ ကော်ဖီခွက်ကို တိုက်မိပြီး သင့်အပေါ် ကော်ဖီတွေ မှောက်ကျကုန်တယ်။ ဒီအဖြစ်အပျက်မှာ သင် ထိန်းချုပ်နိုင်တာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ နောက်ထပ် ထပ်ပြီးဖြစ်ပျက်မယ့် အဖြစ်အပျက်တွေကိုတော့ သင် ထိန်းချုပ်နိုင်ပါတယ်။

ဆိုပါစို့ သင်က ဒေါသထွက်သွားတယ်။ ကလေးကို အော်ငေါက်လိုက်တယ်။ ကလေးက ကြောက်ပြီး ငိုတယ်။ သင်က ဇနီးဘက်လှည့်ပြီး ဘာလို့ ကော်ဖီခွက်ကို ကလေးတွေနဲ့ အရမ်းနီးတဲ့နေရာမှာ ထားရတာလဲဆိုပြီး ထပ်ဆူတယ်။ ဇနီးနဲ့ စကားများတယ်။ နောက်တော့ ဒေါသထွက်ပြီး အပေါ်ထပ်က အခန်းမှာ အဝတ်အစား သွားတက်လဲတယ်။ ပြန်ဆင်းလာတော့ သမီးလေးက ငိုနေတုန်းပဲ။ မနက်စာလည်း စားတာ မပြီးသေးဘူး။ ဒီတော့ ကျောင်းသွားဖို့ နောက်ကျကုန်ရော။

ကျောင်းက ဖယ်ရီကားကို မမီတော့ဘူး ဖြစ်သွားတယ်။ သင့်ရဲ့ဇနီးက အလုပ်သွားမှဖြစ်တော့မယ်။ အဲ့ဒါကြောင့် သင့်ဇနီးက အရင်ထွက်သွားတယ်။ သင်က သင့်ရဲ့ကားနဲ့ သမီးတွေကို ကျောင်းလိုက်ပို့ရတယ်။ သင့်ရဲ့အလုပ်ကလည်း နောက်ကျနေပြီ။ ဒီတော့ သင်က ကားကို အရှိန်တင်မောင်းတယ်။ ယာဉ်ထိန်းရဲက သတ်မှတ်ထားတဲ့အရှိန်ထက် ပိုပြီးမောင်းလို့ သင့်ကို ဒဏ်ရိုက်တယ်။ ကျောင်းက ပိုနောက်ကျသွားတယ်။ ကျောင်းရောက်တော့ ကလေးတွေက သင့်ကိုတောင် လှည့်မကြည့်ဘဲ ကျောင်းထဲ အမြန်ပြေးဝင်သွားကြတယ်။

အလုပ်ကို မိနစ် ၃၀ လောက် နောက်ကျမှ ရောက်သွားတယ်။ သုတ်သီးသုတ်ပျားနဲ့ အိမ်ကထွက်လာခဲ့တာကြောင့် စာရွက်စာတမ်းထည့်ထားတဲ့ Briefcase က အိမ်မှာကျန်ခဲ့တယ်။ အလုပ်မှာ ဘာလုပ်လုပ် အဆင်မပြေဖြစ်လာရော။ ပြုံးပြတဲ့သူတွေကိုတောင် ပြန်မပြုံးပြနိုင်တော့ဘူး။ ရုံးချိန်ကုန်ဖို့ကိုပဲ စိတ်ထဲ ရောက်နေမိတယ်။ ညနေ အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူက သင့်ကို စကားမပြောတော့ဘူး။ ကလေးတွေကလည်း စကားမပြောတော့ဘူး။ ဒါတွေ ဘာကြောင့်ဖြစ်ခဲ့တာပါလဲ။ အကြောင်းအရင်းက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ၁၀ ရာခိုင်နှုန်းသောအခြေအနေကို ကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့လို့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းဟာ အဆင်မပြေမှုများစွာနဲ့ ပြည့်နှက်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာကြောင့် စိတ်ညစ်စရာနေ့တစ်နေ့ သင် ကြုံခဲ့တာလဲ

  1. ကော်ဖီကြောင့်လား
  2. သင့်သမီးလေးကြောင့်လား
  3. ယာဉ်ထိန်းရဲကြောင့်လား
  4. သင့်ကြောင့်လား

အဖြေမှန်ကတော့ နံပါတ် (၄) ဖြစ်ပါတယ်။ ကော်ဖီမှောက်ကျတာကို သင် ဘယ်လိုမှ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီ ၅ စက္ကန့်လောက်လေးအတွင်းမှာ သင် ဘယ်လိုတုံ့ပြန်တယ်ဆိုတာက သင့်ရဲ့တစ်နေ့တာလုံးအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေကို သင် ဘယ်လိုရှောင်လွှဲမလဲ

အထက်က အဖြစ်အပျက်ကို ပြန်ပြီး နောက်တစ်ခါ စဉ်းစား ကြည့်ရအောင်။ ဒီတစ်ခါ မတူညီတဲ့ တုံ့ပြန်မှုနဲ့ စဉ်းစားကြည့်မယ်။ ကော််််ဖီက သင့်အပေါ် မှောက်သွားတယ်။ သင့်သမီးလေးကလည်း ကြောက်နေပြီး ငိုတော့မယ်။ သင်က “သမီးလေး ဖေကြီး ဘာမှမဖြစ်ဘူးနော်၊ မငိုနဲ့နော်။ နောက်တစ်ခါ ဖေကြီးပေါ် မှောက်မကျအောင် သတိထားပေါ့ မီးမီးလေးရဲ့” ဆိုပြီး သုတ်စရာ အဝတ်လေးနဲ့ ခုံပေါ်ကို သုတ်လိုက်တယ်။ ပြီးတော့ သင်က အပေါ်ထပ်ကို ပြေးတက်သွားတယ်။ ခဏနေတော့ အဝတ်အစားအသစ်လဲပြီး ပြန်ဆင်းလာတယ်။

အောက်ရောက်တော့ ခုံပေါ်မှာ တင်ထားတဲ့ Briefcase လေးကို သွားယူတယ်။ သင့်ကလေးတွေကတော့ အိမ်ရှေ့မှာရောက်နေတဲ့ ကျောင်းဖယ်ရီကားပေါ်ကို တက်နေကြပြီး သင်က ပြတင်းပေါက်ကနေ ခဏလှမ်းကြည့်နေတယ်။ သင့်သမီးလေးတွေက သင့်ကို လက်ပြနှုတ်ဆက်တယ်။ ဇနီးဖြစ်သူရဲ့ နဖူးလေးကို နမ်းပြီး နှစ်ဦးသား ကိုယ့်အလုပ်ဆီ ကိုယ်သွားကြတယ်။ သင်က အလုပ်ကို ၅ မိနစ်စောပြီး ရောက်တယ်။ ပြီးတော့ တက်တက်ကြွကြွနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြုံးပြီး နှုတ်ဆက်တယ်။ တစ်နေ့လုံးလည်း အလုပ်တွေ အဆင်ပြေတယ်။ ညနေ အိမ်ပြန်ရောက်တော့ ကလေးတွေက သင့်ကို ကြိုတယ်။ ဇနီးကလည်း ပြန်ရောက်နေပြီ။ ဇနီးကလည်း သင့်ကို ချိုချိုသာသာနဲ့ ရေချိုးပြီး ညစာစားဖို့ ပြောတယ်။ သင် ရေချိုးပြီးနောက်မှာ သင်တို့မိသားစု ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ညစာစားကြတယ်။ ဘယ်လောက်ကြည်နူးဖို့ ကောင်းလိုက်လဲ။

နေ့တစ်နေ့ စတင်ခဲ့ပုံခြင်း အတူတူ ဘာကြောင့် အဖြစ်အပျက်နှစ်ခုက ကွာခြားသွားတာလဲ။ အဖြေက ရှင်းပါတယ်။ အခြေအနေတစ်ခုကို သင် တုံ့ပြန်တဲ့ပုံ ကွာခြားသွားတာပါ။ ။ သေးသေးလေးလို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီသေးသေးလေးကပဲ သင့်ကို တစ်နေကုန် စိတ်ဒုက္ခပေးသွားနိုင်ပါတယ်။ အဲဒီလိုအမြဲဖြစ်နေရင် သင့်ရဲ့နေ့ရက်တိုင်းကလည်း စိတ်ညစ်စရာတွေ ပြည့်နေမှာပေါ့။ အဲဒီအခါကျရင် သင့်ဘဝကြီးက စိတ်ပျက်စရာဆိုပြီး သင်ငြီးလာလိမ့်မယ်။

တကယ်တော့ စိတ်ညစ်နေတာ၊ မပျော််ရွှင်နေတာဟာ သူများတွေ ဘာလုပ်လဲဆိုတာထက် သင် ဘာလုပ်လဲဆိုတာပေါ် ပိုပြီး မူတည်နေပါတယ်။ မိမိထိန်းချုပ်လို့မရတဲ့ ၁၀ ရာခိုင်နှုန်းသော အရာတွေကြောင့် မိမိရဲ့ ၉၀ ရာခိုင်နှုန်းသောအချိန်တွေဟာ စိတ်ညစ်စရာတွေ ပြည့်နှက်နေတတ်ပါတယ်။ ၁၀ ရာခိုင်နှုန်းသောအခြေအနေကို ဘယ်လိုတုံ့ပြန်လဲဆိုတာက ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို ဆုံး ဖြတ်သွားပါတယ်။ စိတ်မရှည်ခြင်း၊ အလျင်လိုခြင်း၊ ဆုံးဖြတ်ချက်ကို အလောတကြီး ချခြင်း၊ မစဉ်းစားဘဲ တုံ့ပြန်ခြင်း စတဲ့အချက်တွေက သင့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဒီ ၉၀/၁၀ နိယာမဟာ တကယ်ကို လက်တွေ့ဘဝမှာ အသုံးဝင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်အသုံးပြုပြီးမှ စာဖတ်သူတွေကို ပြန်လည်ဝေမျှပေးတာလည်း ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော် ဘယ်လိုကျင့်သုံးလဲ တစ်ခုလောက် ပြောပြပါမယ်။ အရင်က ကျွန်တော်က ၇ လွှာက တိုက်ခန်းမှာ အဆောင် နေခဲ့တာပါ။ မနက်ပိုင်း ရုံးသွားရင် ၇ လွှာက ဆင်းရသလို ညနေပိုင်း ရုံးပြန်ချိန်မှာလည်း ၇ လွှာကို တက်ရပါတယ်။ အထက်မြင့်မှာ နေသူတိုင်း အတက်အဆင်းလုပ်ရတာ မုန်းကြပါတယ်။

တစ်နေ့ ကျွန်တော် ထီးမေ့ကျန်ခဲ့ပါတယ်။ တိုက်အောက်ရောက်မှ သိတာပါ။ အလုပ်ကလည်း နည်းနည်းလေးတော့ နောက်ကျနေပါပြီ။ ‌‌‌‌ဒေါသထွက်ပြီး ပြေးတက်ယူခဲ့ပါတယ်။ ပြီးတော့ ဒေါသတကြီးနဲ့ ဘတ်စ်ကားပေါ် တက်ခဲ့ပါတယ်။ ဘတ်စ်ကားစပယ်ယာနဲ့တောင် စကားများမလို ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ရုံးရောက်တဲ့အချိန်မှာ ကျွန်တော့်မျက်နှာက မကြည်တော့ဘူး။ အဲဒီနေ့က တစ်နေကုန် အဆင်မပြေခဲ့ပါဘူး။ နောက်တော့ ၉၀/၁၀ နိယာမလေးကို သိသွားပြီး လေ့လာကျင့်သုံးခဲ့ပါတယ်။

တစ်ခါတလေ အဲဒီလိုမေ့ကျန်တာမျိုးဖြစ်ရင် ဒေါသတော့ ထောင်းခနဲ ထွက်သွားပါတယ်။ ပြီးရင် အသက်ကို မှန်မှန်ရှူပြီး ငါ တစ်နေကုန် ရုံးမှာ ထိုင်နေရတာ၊ ဒါ ကျန်းမာရေးအတွက် ကောင်းတာပဲဆိုပြီး လေချွန်ပြီး တိုက်ပေါ်ပြန်တက်ကာ ထီးကို အေးဆေးဆေးဆေး ယူပါတယ်။ မြန်မြန်တက်ယူလည်း အမှားတွေဖြစ်ပြီး ကြာတတ်သေးတာပဲ။ ဒီတော့ မြန်မနေတော့ဘူး။ ပုံမှန်လေးပဲ စိတ်အေးလက်အေး သွားယူတော့တယ်။ တစ်ခါတလေ အမြန်လိုရင် ဖြည်းဖြည်းလုပ်ရတဲ့အရာတွေရှိမှန်း သဘော ပေါက်လာတယ်။

ပြာပြာသလဲ အမြန်လုပ်မိလို့ ကြာသင့်တာထက် ပိုကြာခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့တော့ အရင်လို အလောတကြီး မလုပ်တော့ဘူး။ ရုံးရောက်တော့လည်း ပုံမှန်နေ့လိုပဲ စိတ် ကြည်ကြည်လင်လင် ရှိနေပါတယ်။ ရုံးနောက်ကျလို့ ဒဏ်ငွေပေးရမှာလေးတစ်ခုပဲ ရှိပါတယ်။ ဒါကလည်း နေ့တိုင်းဖြစ်နေကျမှ မဟုတ် တာ။ ဒီတော့ ကျွန်တော် ခေါင်းထဲ မထားတော့ပါဘူး။ စိတ်က ကြည်နေတဲ့အတွက် သူများကို ပြုံးပြရမှာလည်း ဝန်မလေးပါဘူး။ နေ့တစ်နေ့ဟာ ချောချောမွေ့မွေ့နဲ့ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။

နေ့တစ်နေ့ စပုံချင်းတူပေမယ့် တုံ့ပြန်ပုံချင်း မတူလို့ အခြေအနေတွေ၊ နောက်ဆက်တွဲတွေပါ ကွာခြားသွားခဲ့ပါတယ်။ အဲဒီကစပြီး ၉၀/၁၀ နိယာမကို ကျွန်တော် အမြဲကျင့်သုံးပါတော့တယ်။ နေရာတော်တော်များများမှာ အသုံးဝင်တာလည်း တွေ့ရပါတယ်။ ပိုပြီးလည်း ပျော်ရွှင်လာပါတယ်။ လူတစ်ယောက်ရဲ့ဘဝဟာ နေ့ရက်တွေနဲ့ တည် ဆောက်ထားတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ နေ့တစ်နေ့မှာ အနည်းငယ်လေးပဲ ပျော်ရတယ်ဆိုရင် သင့်ဘဝဟာလည်း ပျော်ရွှင်မှုအနည်းငယ်ပဲရှိတဲ့ ဘဝဖြစ်ပါလိမ့်မယ်။

ဘဝမှာ ပျော်ချင်ရင် ဟိုး အဝေးကြီးကို မျှော်ကြည့်ရမှာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝထဲမှာ မိမိ အောင်မြင်မှုအတွက် ကြိုးစားရင်း ပျော်အောင်လည်း နေတတ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ စိတ်ကိုလည်း ထားတတ်ဖို့ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ မိမိရဲ့ပျော်ရွှင်မှုအတွက် မိမိမှာပဲ တာဝန်ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့သင့်ပါဘူး။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts