လူတိုင်းသဘောကျဖို့ မလိုဘူး

လူတိုင်းသဘောကျဖို့ မလိုဘူး

လူတိုင်းသဘောကျဖို့ မလိုဘူး – အချို့သူတွေက တစ်ခါတလေ လူတိုင်း ကျေနပ်အောင် အမြဲတမ်း အနစ်နာခံပြီး လိုက်လုပ်ပေးနေလေ့ရှိကြတာ တွေ့ဖူးတယ်။ သူတို့စိတ်ထဲမှာ ထင်နေတာက သူတို့သာ အမှန်တကယ် အနစ်နာခံပြီး နေမယ်ဆိုရင် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အားလုံးက သူတို့ကို နှစ်သက်လာမယ်ပေါ့။ သူတို့ပတ်ဝန်းကျင်ကသူတွေအားလုံး ကျေနပ်ပျော်ရွှင်ကြလိမ့်မယ်ပေါ့။ ဒီလိုစိတ်ကူးမျိုးနဲ့ သူများကျေနပ်အောင် အမြဲနေပေးတဲ့သူတွေ ရှိတတ်ပါတယ်။

နောက်တစ်မျိုးကကျတော့ သူ တစ်ခုခု အမှားလုပ်ရင် ဘယ်သူတွေကများ စောင့်ကြည့်နေမလဲ။ လူ ၁ဝဝ မှာ ၁ ယောက်လောက်က အပြစ်တင်မှာကိုတောင် သူ စိုးရိမ်တတ်ပါတယ်။ အဲဒီတော့ လူ ၁၀၀ လုံးကြိုက်အောင် သူ ကြိုးစားလေ့ရှိပါတယ်။ ပျော်လားဆိုတော့ မပျော်ပါဘူး။ လူတွေရဲ့ အတောမသတ်နိုင်တဲ့လောဘတွေ၊ မကျေနပ်မှု၊ မရောင့်ရဲမှုတွေကို ဖြည့်ဆည်းရင်း စိတ်ဆင်းရဲခြင်းတွေ စုပြုံလာတယ်။ သူ့သဘောနဲ့သူမို့ သူများကို သွားတိုင်ပင်လို့ကလည်း တစ်ခါတစ်လေ အဆင်မပြေ။ ကိုယ့်အကျင့်နဲ့ကိုယ်ဒုက္ခရောက်နေခြင်း ဖြစ်ပါတယ်။

အကယ်၍ အဲ့ဒီလို လုပ်ပေးနေရတာကို ပီတိတွေဖြစ်ပြီး စိတ်ချမ်းသာနေတယ်ဆိုရင်တော့ ကျွန်တော်ကလည်း ဘာမှမပြောလိုပါ။ အရမ်းကို ကောင်းပါတယ်။ အဲ့ဒါဟာ ကျွန်တော် မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး အဲ့ဒီလိုလုပ်နေရင်း ပျော်နေတဲ့သူလည်း သိပ်မတွေ့ခဲ့ဖူးပါ။ အကယ်၍ အဲ့ဒီလို လုပ်နေရတာကို သင်က ပျော်ရွှင်နေသူ ဆိုရင်တော့ အခု ဆက်ရေးမယ့် အကြံပေးချက်က သင့်အတွက် မဟုတ်ဘူးဆိုတာ ကြိုတင်ပြောပါရစေ။ အခုဆက်ပြီး အကြံပေးမှာကတော့ ကိုယ့်အကျင့်နဲ့ကိုယ် မပျော်နိုင်ဖြစ်နေကြတဲ့သူတွေအတွက်ပါ။

တကယ်တော့ သင်လုပ်သမျှကို လူတိုင်း ကျေနပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လောကကြီးမှာ ဘယ်လောက်ကောင်းတဲ့သူဖြစ်ဖြစ် အပြစ်ပြောမယ့်သူက အမြဲရှိတတ်ပါတယ်။ အပြစ်ပြောတဲ့သူရှိတိုင်းသာ ရှေ့ဆက်မတိုးရရင် သင် ဘယ်တော့မှ ပန်းတိုင်ရောက်မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို အနစ်နာခံပြီး တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ ခေါင်း‌ဆောင်ကြီးမျိုးကိုတောင် အပြစ်ပြောကြတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့လို သာမန်လူတွေဆိုရင်တော့ အပြစ်ပြောကြတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့လို သာမန်လူတွေဆိုရင်တော့ အပြစ်ပြောချင်တဲ့သူ ပိုပေါပါတယ်။ တစ်ခါတစ်လေ သင့်ရဲ့လုပ်ရပ်၊ သင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် မပျော််််််ရွှင်တဲ့သူ ရှိမယ်၊ ပျော်ရွှင်တဲ့သူလည်း ရှိမယ်။ ဒီလိုဖြစ်လာရင် ဒီဖြစ်ရပ်ဟာ သာမန်ဖြစ်ရပ်တစ်ခုပဲဆိုတာ သင် လက်ခံဖို့ လိုပါမယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားဟာ တကယ်ကို မှန်ကန်ပါတယ်။ နတ်တောင် အလိုမလိုက်နိုင်တဲ့လူတွေရဲ့ အလိုဆန္ဒတိုင်းကို ဖြည့်ဆည်းပေးနေရင်တော့ သင်လည်း စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်အပါအဝင် သာမန်လူအများစုဟာ အတ္တအပေါ် အခြေခံပြီး တည်ဆောက်ထားကြတာချည်းပါပဲ။ အနည်းအများ အချိုးအစားပဲ ကွာခြားကြတာပါ။

လူတိုင်း ကျေနပ်အောင် လုပ်ပေးတဲ့သူဖြစ်ဖို့ထက် မှန်တာကို လုပ်ရဲသူဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ မိမိရဲ့ စဥ်းစားချင့်ချိန်ဉာဏ်နဲ့ ဘယ်ဟာကို လုပ်သင့်သလဲ ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ ဘောလုံးအသင်းတစ်သင်းရဲ့ မန်နေဂျာဟာ သူ့အသင်းထဲမှာရှိတဲ့ အသင်းသားအားလုံးကို တစ်ပြိုင်နက် ပွဲထုတ်လို့ မရပါဘူး။ ပွဲပေါ် မူတည်ပြီး သင့်တော်တဲ့ ကစားသမား ၁၁ ယောက်ကို ‌ရွေးထုတ်ရပါတယ်။ ဒီနည်းနဲ့ နိုင်ပွဲတွေ ရှာဖွေပြီး အောင်မြင်မှုတွေ ရယူတာဖြစ်ပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ရချင်တိုင်း ပွဲထွက်ခွင့်ပေးနေလို့ မရပါဘူး။ ခြေစွမ်းတိုးတက်မှု၊ ပွဲနဲ့သင့်တော်မှု စတာတွေကို တွက်ချက်ရပါတယ်။ ဒါ့အပြင် မီဒီယာတစ်ခုခုက ကစားပုံကို ဝေဖန်တိုင်း ကစားကွက်တွေ လိုက်ပြောင်းနေလို့ မရပါဘူး။ မိမိဘာသာ ဘယ်နေရာမှားနေလဲ သုံးသပ်ပြီး လိုအပ်တဲ့နေရာကို တိုးတက်အောင် လုပ်ရပါတယ်။

အလားတူစွာပဲ ဘဝမှာလည်း လူတွေက ဝေဖန်တိုင်း၊ မိမိရဲ့ဆုံးဖြတ်ချက်ကြောင့် မပျော်ရွှင်တဲ့သူတွေရှိတိုင်း မိမိလုပ်ရပ်ကို ပြောင်းလဲလိုက်ဖို့ မလိုပါဘူး။ မိမိဘာသာ အချိန်ပေးပြီး တကယ်မှားနေတဲ့နေရာကို ဖော်ထုတ်ရမယ်၊ ပြင်ဆင်ရမယ်၊ တိုးတက်အောင် လုပ်ရပါမယ်။ ဒီလိုမှသာ သင့်ဘဝ တကယ်တိုးတက်ပြီး အရင်ကထက်လည်း ပိုမိုပျော်ရွှင်လာနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းကို ကျေနပ်အောင် လုပ်နေရင် သင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ လူတိုင်းကျေနပ်မှာ မဟုတ်ပေမဲ့ ပြောသင့်တာပြော၊ လုပ်သင့်တာလုပ်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ လူတိုင်း သင့်ကို သဘောကျဖို့ မလိုပါဘူး။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts