အသေးအဖွဲ့တွေကို အထင်မသေးပါနဲ့

အသေးအဖွဲ့တွေကို အထင်မသေးပါနဲ့

အသေးအဖွဲ့တွေကို အထင်မသေးပါနဲ့ – ဘဝမှာ ကျွန်တော်တို့ အသေးအမွှားလို့ ယူဆထားတဲ့ အရာလေးတွေ အများကြီး ရှိပါတယ်။ ဥပမာ အိပ်ချိန်ဆိုပါစို့။ အိပ်ချိန်ဘယ်လောက်အရေးကြီးတယ်ပဲပြောပြော အချို့လူတွေက အိပ်ချိန်ကို ဂရုစိုက်လေ့မရှိပါဘူး။ ညဘက်ဆို ညဉ့်နက်သန်းခေါင်အထိနေပြီး မနက်ကျရင် အလုပ်နောက်ကျတတ်ကြပါတယ်။ ဒီလိုအရာတွေကို သင့်စိတ်ထဲမှာ အသေးအဖွဲလို့ပဲ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအသေးအဖွဲတွေဟာ သင့်ဘဝရဲ့ပျော်ရွှင်မှုနဲ့ အများကြီး ပတ်သက်နေပါတယ်။

ကျွန်တော် လုပ်ခဲ့ဖူးတဲ့ Company တစ်ခုမှာ သူငယ်ချင်း ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူက ဘယ်တော့မဆို အလုပ်နောက်ကျလေ့ရှိပါတယ်။ ညဘက်လည်း စောစောအိပ်တတ်သူတစ်ယောက် မဟုတ်ပါဘူး။ ပထမ အလုပ်ကို နည်းနည်းနောက်ကျတယ်။ နောက်တော့ အရမ်းနောက်ကျလာတယ်။ နောက်ဆုံးမှာ Warning ပေးခံရတယ်။ ဒါပေမဲ့ ဆက်လက်ပြီး နောက်ကျဆဲပဲ။ အလုပ်မှာလည်း သိပ်ပြီးအဆင်မပြေတော့ဘူး။ တာဝန်တွေလည်း မကျေတော့ဘူး။ နောက်ဆုံးမှာတော့ အလုပ်ထုတ်ခံလိုက်ရတယ်။ သူ့ကြည်လိုက်ရင်လည်း အချိန်အတော်များများမှာ စိတ်ဓာတ်ကျနေတတ်တယ်။

ဒါတွေ အားလုံးဘယ်ကစလဲလို့ အမြစ်ရှာလိုက်ရင် အိပ်ချိန်ကစပါတယ်။ မိမိကိုယ်ကို ဂရုမစိုက်ခြင်းက စပါတယ်။ ညဘက် အိပ်ရာဝင်တာ နောက်ကျတော့ မနက် မထနိုင်ဘူး။ မနက် မထနိုင်တော့ ဘတ်စ်ကား နောက်ကျတယ်။ ဘတ်စ်ကားနောက်ကျတော့ စိတ်က မကြည်ဘူး။ စိတ်က မကြည်တော့ အခန့်မသင့်ရင် စပယ်ယာနဲ့လည်း စကားများနိုင်တယ်။ ရုံးရောက်တော့ အလုပ်နောက်ကျလို့ လစာ အဖြတ်ခံရတယ်။ ရုံးကို နောက်ကျမှရောက်တော့ အလုပ်တွေက ပြီးသင့်သလောက် မပြီးဘူး။ အဲဒီတော့ Stress တွေ ပိုဝင်လာတယ်။ အလုပ်မှာ သိပ်မပျော်တော့ဘူး။ အလုပ်မှာ မပျော်တော့ ပိုပြီးတော့တောင် အလုပ်လာတာ နောက်ကျလာတယ်။

နောက်ဆုံး Warning ပေးခံရတယ်။ နောက်ဆုံးမှာတော့ အလုပ်ထုတ်ခံလိုက်ရတယ်။ အဖြစ်အပျက်တိုင်းမှာ အကြောင်းရင်းရှိပါတယ်။ အကယ်၍ သင်ဟာ မပျော်ရွှင်နေဘူးဆိုရင် သင့်ကို မပျော်ရွှင်အောင် လုပ်နေတဲ့အကြောင်းအရင်း အမြဲရှိပါတယ်။ အဲဒီအရင်းအမြစ်ကို ရအောင်ရှာပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ ကောင်မလေးဆိုရင် သူ့အိပ်ချိန်လေး သေသေချာချာ ဂရုစိုက်ဖို့ပဲ လိုတာပါ။ မနက်ပိုင်း အိပ်ရေးဝပြီး စိတ်ကြည်နေရင် အလုပ်မှာလည်း တော်တော်များများအဆင်ပြေတတ်ပါတယ်။ အသေးအဖွဲလို့ သင် ထင်နေတဲ့အရာတွေက တကယ်တမ်းတော့ ဘဝမှာ အရေးကြီးတဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။

နောက်တစ်ခုက ကျန်းမာရေးပါ။ ကျွန်တော် အရင်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ တစ်ခါ အပြင်းအထန် ဖျားပြီးကတည်းက မှတ်သွားပါတယ်။ တစ်လလောက် အလူးအလဲ ခံစားလိုက်ရပါတယ်။ အသေးအမွှားပါဆိုပြီး တစ်ခါတလေ စားချိန်မမှန်၊ တစ်ခါတလေ နေ့လယ်စာ မစားဖြစ်။ နောက်တော့ အားနည်းလာပြီး ဖျားပါဖျားသွားခဲ့တာပါ။ အဲဒီနောက်ပိုင်း ကျန်းမာရေးကို အရမ်းကြီး ဂရုမစိုက်ရင်တောင် အရင်ထက်ပိုပြီး ဂရုစိုက်လာခဲ့ပါတယ်။ အစားအသောက်လည်း ပုံမှန်စားလာခဲ့ပါတယ်။ အသေး အမွှားလို့ ကိုယ် ထင်ခဲ့တဲ့အရာတွေက ဘဝမှာ ဒုက္ခပေးတတ်မှန်း သိလာပါတယ်။ စာဖတ်သူတွေထဲမှာလည်း အိပ်ချိန်မမှန်၊ စားချိန်မမှန်တဲ့သူတွေရှိရင် အခုကစပြီး ပြန်လည်ဂရုစိုက်စေချင်ပါတယ်။ အဲဒါတွေဟာ သင့်ရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်နေလို့ပါ။

ကျွန်တော်တို့ မေ့လျော့တတ်တဲ့ နောက်ထပ်အရာတစ်ခုရှိပါသေးတယ်။ အဲဒါက ကျွန်တော်တို့မှာရှိတဲ့အရာတွေကို တန်ဖိုးမထားခြင်းပါ။ ကျွန်တော့်မှာ လက်ပ်တော့လေး မရှိခင်တုန်းကဆိုရင် ကျွန်တော် လက်ပ်တော့လေးတစ်လုံး အရမ်းလိုချင်ခဲ့တာ။ လက်ပ်တော့လေးရပြီး အချိန်တွေကြာလာတော့ နောက်ထပ်တစ်မျိုး လိုချင်လာခဲ့ပြန်ရော။ အဲဒီလို လိုချင်တဲ့စိတ် အတောမသတ်ရင်းနဲ့ မိမိမှာရှိတဲ့အရာလေးတွေကို တန်ဖိုးထားဖို့၊ ကျေးဇူးတင်ဖို့ မေ့နေတတ်ပါတယ်။ မိမိမှာ နားကြပ်လေးတစ်ခု ရှိတယ်။ ဒါပေမဲ့ အားမရဘူး။ ဒီထက် ပိုကောင်းတဲ့ဟာ လိုချင်မိတယ်။ မိမိမှာရှိတဲ့ နားကြပ်လေးရဲ့ တန်ဖိုးကို အဲဒီနားကြပ်လေး ပျောက်သွားချိန်၊ ပျက်သွားချိန်မှပဲ ပိုပြီး တန်ဖိုးထားတတ်လာပါတယ်။

မဝယ်ခင်ကတော့ အရမ်းလိုချင်နေတယ်။ ဝယ်ပြီးခါစဆို အရမ်းသဘောကျနေတာ၊ တစ်လလောက်နေတော့ နည်းနည်းလေး ရိုးလာတယ်။ တစ်နှစ်လောက်လည်းနေရော သိပ်အလေးမထားတော့ဘူး။ ပျောက်သွား၊ ပျက်သွားတဲ့အချိန်ကျမှ တန်ဖိုး ပြန်တက်လာပါတယ်။ ဒါပေမဲ့ သင် ချစ်ရတဲ့မိသားစု၊ သူငယ်ချင်းစတာတွေ ပျောက်သွားရင်တော့ ပြန်မရနိုင်ပါဘူး။ ရှိတုန်း တန်ဖိုးမထားခဲ့တာတွေကို သူတို့မရှိတော့မှ သင် နောင်တအကြီးအကျယ် ရပါလိမ့်မယ်။ ဘယ်အရာကိုမှ သေးသေးမွှားမွှားဆိုပြီး အထင်မသေးပါနဲ့။ အသေးအမွှားတွေကို စိုးရိမ်ပူပန်ကြောင့်ကြဖို့ ပြောတာမဟုတ်ပါဘူး။ သင့်ဘဝထဲက သင် သတိမထားမိတဲ့ အသေးအမွှားတွေကို တန်ဖိုးထားဂရုစိုက်ဖို့ ဆိုလိုတာပါ။ မိမိမှာ ရှိတာတွေအတွက် ကျေးဇူးတင်ပါ။

မိမိလို မရှိသူတွေ အများကြီးပါပဲ။ မိမိနေ့တိုင်း ထမင်းစားနေရသလို ကမ္ဘာကြီးပေါ်က လူတွေအားလုံး မှန်မှန်စားနေရမယ်လို့ မထင်ပါနဲ့။ အစားအစာ ငတ်မွတ်နေသူတွေ အများကြီးရှိပါတယ်။ မိမိမှာ အိပ်စရာ ကျောတစ်ခင်းရှိပေမယ့် အိပ်စရာနေရာ မရှိသူတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တိုးတက်ပြီးသား နိုင်ငံံံတွေမှာတောင် အိမ်ခြေရာမဲ့တွေ ရှိပါတယ်။ အခုအချိန်ကစပြီး မိမိလိုချင်တာတွေလည်း ကြိုးစားရင်း မိမိမှာရှိတဲ့အရာတွေကိုလည်း တန်ဖိုးထားကြည့်ပါ။ အရင်ထက်ပိုပြီး စိတ်ချမ်းမြေ့လာပါလိမ့်မယ်။

“ကိုယ် လိုချင်တာတွေရဖို့ ကြိုးစားနေရင်း

ကိုယ့်မှာရှိတဲ့အရာတွေနဲ့လည်း ပျော််အောင် နေပါ”

Helen Keller

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts