အီရန် ကွန်ထရာ

အီရန် ကွန်ထရာ အရှုပ်တော်ပုံ ( အပိုင်း- ၁ )

အီရန် ကွန်ထရာ အရှုပ်တော်ပုံသည် ဇစ်ပါဂိတ် အရှုပ်တော်ပုံ၊ ဝါးတားဂိတ် အရှုပ်တော်ပုံတို့ထပ် ပိုပြီး ကြီးကျယ်သည့် အမေရိကန်တို့၏ နိုင်ငံရေး အရှုပ်တော်ပုံကြီး ဖြစ်သွားရသည်။ သမ္မတကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိသည့် အက်ဥပဒေတွေ အတော်များများထုတ်ကာ မဟုတ်တရုတ်လုပ်သည့် ဇာတ်လမ်းက ထင်ရှားလွန်းလှသည်။ သို့သော် ထိုအချိန်က အသက် ၇၀ ရှိပြီ ဖြစ်သည့် သမ္မတ ရော်နယ် ရေဂင်သည် သူငယ်ပြန်သလိုလို၊ စိတ်မမှန်သလိုလို အကြောင်းပြချက်ဖြင့် အိမ်တော်မှထွက်ခွာပီး ဘာတစ်ခုမျှ မမှတ်မိတော့ကြောင်း ထုတ်ဖော် ကြေငြာလိုက်သည်။ အမေရိကန်ပြည်သူတို့ကလည်း ကြောက်စရာကောင်းလောက်အောင် သူ ပြောသမျှ ယုံလွယ်ကြသူများဖြစ်သွားရသည်။ အီရန် ကွန်ထရာ အကြောင်းကို စတင်ဖော်ထုတ်ဖွင့်ချခဲ့သူမှာ ၁၉၈၆ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ထုတ် လက်ဘနွန်မဂ္ဂဇင်း AlShiraa ဟု ဆိုနိုင်သည်။ ထိုမဂ္ဂဇင်းတွင် သမ္မတရေဂင်၏ အမျိုးသား လုံခြုံရေးကောင်စီ အကြံပေးအရာရှိဖြစ်သူ ရောဘတ် မက်ဖာလိန်းသည် တီဟီရန်သို့ လျှို့ဝှက်စွာ ရောက်လာကြောင်း ၊ အီရန် အစိုးရကို စစ်လက်နက်များ ထောက်ပံ့ပေးကြောင်း ဖွင့်ချဖော်ပြလိုက်သည်။

ဤသတင်းသည် လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိပေ။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးစတင်ကတည်းက အီရန်ကို နိုင်ငံတစ်ကာက ဝိုင်းပယ်ထားကြသည် မဟုတ်ပါလား။ သမ္မတရေဂင် ကိုယ်တိုင် အစ္စလာမ်မစ်သမ္မတနိုင်ငံကို “အကြမ်းဖက် နိုင်ငံ”ဟု ခေါ်ဝေါ်သုံးစွဲခဲ့ရုံသာမက အီရန်နို်ငငံသို့ လက်နက်ထောက်ပံ့ခြင်းကို တရားမဝင်သည့် ဥပဒေချိုးဖောက်မူတစ်ခုဖြင့် အမိန့်ထုတ်ခဲ့သည် မဟုတ်ပါလော။ သို့ရာတွင် ၁၉၈၆ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့၌ အီရန် ပါလီမန်၏ ပြောရေးဆိုခွင့် ရှိသူ အလီအက်ဘာ ရာဖာဆန်ဂျနီက ထိုသတင်းကို ဟုတ်မှန်ကြောင်း ထပ်မံအတည်ပြု ပြောကြားလိုက်သည်။ ထို့ပြင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို သူတို့တည်းခိုနေသည့် ဟိုတယ်တွင် ငါးရက်တိုင် ထိန်းသိမ်းထားပီးမှ ပြန်လွှတ်လိုက်ကြောင်းကိုပါ သတင်းထုတ်ပြန်လိုက်သည်။ အီရန်အစိုးရသည် အမေရိကန်တို့နှင့် သဘောတူညီချက် ရခဲ့ခြင်း ရှိ မရှိ မသိရပေ။ အီရန်တို့ကလည်း အမေရိကန်တို့ကို “စေတန် အကြီးစား” ဟူ၍ အပြန်အလှန် ခေါ်ဝေါ်သမုတ်ထားကြသည် မဟုတ်ပါလား။

အီရန် ကွန်ထရာ အရှုပ်တော်ပုံ၏ အစ

လက်ဘနွန်တွင် သိနေကြသည်က အီရန်ကို လက်နက်များထောက်ပံ့ရခြင်းသည် ဘေရွတ်တွင် အီရန်ကို ထောက်ခံသည့် ဂိုဏ်းတစ်ဂိုဏ်းက အမေရိကန် ဓားစာခံ ဒေးဗစ် ပီ ဂျက်ကော့ဆန်အား ဖမ်းထားသည်ကို ပြန်လွှတ်ပေးစေလိုသောကြောင့်ဟု ဆိုသည်။ အမေရိကန်တို့သည် ပုံမှန်အားဖြင့် ဓားစာခံတို့နှင့် ညှိနှိုင်းဈေးဆစ်မှုကို လိုက်လျောလေ့မရှိပေ။ တီဟီရန်နှင့် လျှို့ဝှက်သဘောတူညီမူ သတင်းတွေ ထွက်လာပီးသည့်နောက် ဒီဇင်ဘာလအတွင်း ဘော့ မက်ဖာလိန်း ရာထူးမှ နှုတ်ထွက်သွားသည်။ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအရာရှိသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂျွန် အမ် ပွိုက်ဒက်တာကလည်း အမျိုးသားလုံခြုံရေးကောင်စီမှ အိုလစ်ဗာ နော့သ်နှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးနေခဲ့ကြသည်။

အီရန် ကွန်ထရာ သတင်းစကြားရပြီး ၁၀ရက်မြောက်နေ့တွင် သမ္မတရေဂင်အား အမေရိကန်အစိုးရအနေဖြင့် အီရန်သို့ ကာကွယ်ရေးဆိုင်ရာ လက်နက်များနှင့် အပိုပစ္စည်းများ အဘယ့်ကြောင့် ထုတ်ရောင်းရကြောင်း ပြည်သူတို့ တရားဝင် သတင်းထုတ်ပြန်ပေးရန် တွန်းအားတွေ အပေးခံလာရသည်။ လက်နက်ရောင်းခြင်းသည် ဓားစာခံကိစ္စနှင့် မပတ်သတ်ဟု သူက ထုတ်ဖော်ပြောသည်။ ဤဖြစ်ရပ်သည် ဗျုဟာမြောက် လှုပ်ရှားသည့် ပုံစံတစ်ခုဖြစ်ကြောင်း၊ အီရန်ကို တွန်းအားပေးရာရောက်သည့် အောင်မြင်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ၊ မရေမရာ ရှင်းပြသည်။ ထို့ပြင် သမ္မတရေဂင်က ဂုဏ်ယူစွာဖြင့် ” အမေရိကန် အစိုးရအနေနဲ့အီရန်တို့ကို ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တာနဲ့ အမေရိကန်တို့ကို အီရန်တို့က အကြမ်းဖက် မတိုက်ခိုက်ပါဘူးလို့ ပြောလို့တော့ မရဘူးပေါ့ ” ဟု ပြောကြားခဲ့သည်။

နောက် သုံးရက်အကြာတွင် အမေရိကန် နိုင်ငံခြားဝန်ကြီး ဂျော့ ရှုဇ် သည် အီရန် ကွန်ထရာ ကိစ္စနှင့်ပတ်သတ်ပြီး ဆန့်ကျင် ပြောကြားခဲ့သည်။ ထိုအချိန်တွင် အိမ်ဖြူတော်တွင်လည်း အရှုပ်အထွေးတွေ ဖြစ်နေသည်။ ရေဂင်က ထိုလက်နက်ထောက်ပံ့မူတွင် မည်သည့်တတိယနိုင်ငံမျှ ဝင်ရောက်ခြေမရှုပ်ရန် သတိပေးသည်။ အိမ်ဖြူတော်အနေဖြင့် အစ္စရေးတို့ ပါဝင်ပတ်သတ်လာမည့် အရေးကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

နောက်တစ်နေ့ နိုဝင်ဘာ ၂၀ရက်နေ့တွင် ရှေ့နေချုပ် အက် မီစီးသည် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့သည်။ နောက် ၅ရက် အကြာတွင် မီစီးသည် ပွိုင်ဒက်တာကို ရာထူးမှ နှုတ်ထွက်ရန်နှင့် နော့သ်ကို အလုပ်မှ ထုတ်ပြစ်ရန် ကြေငြာလိုက်သည်။ သူတို့နှစ်ယောက်သည် ကွန်ထရာဟု လူသိများသည်။ နိုက်ကရာဂွါမှ လက်ယာဝါဒီ သူပုန်များကို ထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် ထုတ်ယူသွားသည့် လက်နက်များကို လမ်းကြောင်းပြောင်းပြီး အီရန်ကို ထောက်ပံ့ခဲ့သဖြင့် ဒေါ်လာ ၁၀သန်းမှ သန်း ၃၀ အထိ အကျိုးအမြတ်ရရှိသွားကြောင်း ဖော်ထုတ်သိရှိခဲ့ရသောကြောင့်ဖြစ်သည်။

အိမ်ဖြူတော်နှင့် ရေဂင်တို့အနေဖြင့် ကွန်ထရာ အရေးအခင်းတွင် ပါဝင်ပတ်သတ်နေပြီး လက်ဝဲဝါဒီ ဆန်ဒီနစ္စတာအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေကြောင်း လျှို့ဝှက်ထား၍ မရနိုင်တော့‌ပေ။ ကွန်ဂရက်လွှတ်တော် အနေဖြင့် ကွန်ထရာကို ထောက်ပံ့ရန် တားမြစ်ထားသော်လည်း နော့သ်သည် ဥပဒေကို ချိုးဖောက်ပြီး လုပ်ဆောင်နေကြောင်း ပေါ်လွင် ထင်ရှားလာသည်။ ပိုဆိုးသည်က ပွိုင်ဒက်တာအနေဖြင့် နော့သ်နှင့် မက်ဖာလိန်းတို့ လုပ်ကိုင်နေသည်ကို သိသော်လည်း ရှောင်ပေးနေကြောင်း မာစီးက သိရှိသွားခြင်း ဖြစ်သည်။ ဤနေရာတွင် မေးစရာတစ်ခု ဖြစ်လာသည်။ သမ္မတ၏ အမျိုးသားလုံခြုံရေး အကြံပေးကိုယ်တိုင်က နော့သ် ဥပဒေချိုးဖောက်နေမှန်း သိပီး သမ္မတက မသိဘူးဆိုသည်မှာ ဖြစ်နိုင်ပါမည်လော ဆိုသည့် မေးခွန်းတွေ ထွက်လာသည်။

ရှေ့နေချုပ် မာစီးသည် နိူဝင်ဘာလ ၂၃ ရက်နေ့တွင် ကွန်ထရာ အရေးအခင်းနှင့် ပတ်သတ်ပြီး ထုတ်ဖော်ဖွင့်ချလိုက်သော်လည်း နော့သ်၏ ရုံးချုပ်ကို ချိတ်ပိတ်ခြင်း မပြုလိုက်မိသည်ကတော့ အမှားတစ်ခု ဖြစ်သွားသည်။ သတင်းမီဒီယာအနေဖြင့် နိုဝင်ဘာလ ၂၅ရက်နေ့အထိ အနံ့မရသေးပေ။ အလုပ်မှ ထုတ်လိုက်ကြောင်း ကြေငြာပီး နှစ်ရက်တိုင် နော့သ်ကို လွှတ်ထားသဖြင့် သူနှင့် သူ့အတွင်းရေးမှူး ဖောင်းဟောတို့နှစ်ယောက် နေ့ရောညပါ အထောက်အထားတွေကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးခွင့် ရသွားသည်။

ရေဂင်သည် အခြေအနေကို ထိန်းရန် တက္ကဆက်ပြည်နယ်မှ အထက်လွှတ်တော်အမတ် ဂျွန် တာဝါကို အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် အရှုပ်တော်ပုံကို စုံစမ်းရန် တာဝန်ပေးလိုက်သည်။ အမျိုးသားလုံခြုံရေးကောင်စီ၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် တာဝါသည် အစည်းအဝေးများကို စတင်ခေါ်ယူ စစ်ဆေးသည်။ ဤလုပ်ရပ်ကို ကွန်ဂရက် က သိပ်ပီး သဘောမကျပေ။ သို့ဖြစ်ရာ ရေဂင်ကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ဖြင့် အရှုပ်တော်ပုံကို စစ်ဆေးစေလိုသည်။ ကွန်ဂရက်သည် အိမ်ဖြူတော်နှင့် အထက်လွှတ်တော် ကော်မတီတစ်ရပ်ကို သီးခြားဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမူ ပြုတော့သည်။

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts