ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့မှသည် ရန်ကုန်တက္ကသိုလ်ဆီသို့

ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့မှသည် ရန်ကုန်တက္ကသိုလ်ဆီသို့ အပိုင်း-၁


ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့အား အခြေခံ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ဟိုက်စကူးကျောင်း

ရန်ကုန်ကောလိပ်သည် ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်း(Government High School)ကို မူတည်၍ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်းကို ကိုလိုနီခေတ် ၂ မတ်၊ ၁၈၇၄ ကပင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းဟိုက်စကူးကျောင်းမှ အထက်တန်းအဆင့်ကိုသာ အမြင့်ဆုံးသင်ယူနိုင်ကြသည်။ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ခြင်း မရှိပေ။ အစောပိုင်းကာလတွင် ကာလကတ္တားနှင့် မဒရပ်မြို့များသို့ သွားရောက်ကာ တက္ကသိုလ်ပညာ သင်ယူကြရ၏။ အက်(ဖ်)အေ ( First Art)စာမေးပွဲ ဖြေဆိုအောင်မြင်ကြပြီးနောက် ဘီအေဒီဂရီအတွက် ဆက်လက်ဖြေဆိုကြရ၏။ သို့ဖြစ်၍ ငွေကြေးချမ်းသာသူများသာ တက္ကသိုလ်ပညာရေးအတွက် အိန္ဒိယသို့ သွားရောက်ပညာသင်ယူနိုင်ခဲ့ကြသည်။

ရန်ကုန်ကောလိပ်အဆင့်သို့

၁၈၈၁ ခုနှစ်တွင် ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းရှိ အထက်တန်းပြ ဆရာများက အခမဲ့အဖြစ် မိမိတို့ကျောင်း၌ပင် ကာလကတ္တား တက္ကသိုလ်မှ ပြုလုပ်သော အက်(ဖ်)အေ စာမေးပွဲအတွက် သင်တန်းများ ပို့ချပေးခဲ့ကြသည်။ ၁၈၈၀-၈၁ ခုနှစ်တွင် သင်တန်းဖွင့်လှစ်စက ကျောင်းသား ၈ ဦးသာ ရှိခဲ့ရာ နောက်နှစ်များတွင် တစ်စတစ်စ ပိုမိုများပြားလာခဲ့သည်။ ၁၈၈၃-၈၄ ခုနှစ်များတွင် ဘီအေဒီဂရီ စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန်သင်တန်းကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ ရန်ကုန်ဟိုက်စကူးကျောင်းတွင် တက္ကသိုလ်ပညာများ စတင်သင်ကြားပေးခဲ့ပြီး ကာလကတ္တား တက္ကသိုလ်ဝင် စာမေးပွဲများလည်း ဖြေဆိုလျက် ရှိပြီဖြစ်ရာ ရန်ကုန်အစိုရအထက်တန်းကျောင်းကို ၁ မတ်၊ ၁၈၈၅ တွင် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ပထမတန်း ဘီအေဒီဂရီကောလိပ်အဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ ကောလိပ်အမည်ကိုလည်း ရန်ကုန်ကောလိပ်(Rangoon Collage) ဟု ခေါ်ဆိုကြသည်။

ကူရှင်ကျောင်း

ဂျပ်ဆင်ကောလိပ် ခေါ် ယုဒသန်ကောလိပ်၏ အစမှာ ဘက်(ပ)တစ်ကောလိပ်(Baptist Collage) ကျောင်း ဖြစ်ပါသည်။ ၁၈၇၂ ခုနှစ်တွင် အမေရိကန် နှစ်ခြင်း ခရစ်ယာန် မစ်ရှင်အဖွဲ့က စတင်ထည်ထောင်ခဲ့သောကျောင်း ဖြစ်သည်။ ယင်းကို ကျောင်းအုပ်ဆရာကြီး ဂျေအဲန်ကူရှင် (J.N Cushing) (၁၈၉၄-၁၉၀၆)အား အစွဲပြု၍ နောက်ပိုင်း ကူရှင်အထက်တန်းကျောင်းဟု ခေါ်ဆိုခဲ့ကြသည်။ (ယခု အလုံ အ.ထ.က-၄ ဖြစ်ပါသည်။)

ဂျပ်ဆင်ကောလိပ်

ကူရှင်အထက်တန်းကျောင်းမှ ၁၈၉၄ ခုနှစ်တွင် ကောလိပ်ဌာနတစ်ခု စတင်ဖွင့်လှစ်ကာ အက်(ဖ်)အေ စာမေးပွဲများကို ကျင်းပပေးခဲ့သည်။ ထိုစဉ်က ကာလကတ္တားတက္ကသိုလ်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်၏။ ကျောင်းလခမှာ ကောလိပ်ကျောင်းသားများအတွက် ၅ ရူပီးဖြစ်ပြီး အထက်တန်းကျောင်းသားများအတွက်မူ ၄ ရူပီး ဖြစ်ပါသည်။
၁၈၉၄ ခုနှစ်၊ မေလ ကောလိပ်စတင်ဖွင့်လှစ်ချိန်မှ ၃ နှစ်အတွင်း ကောလိပ်တက်သူ ကျောင်းသား ၂၃ ဦး ရှိခဲ့ပြီး ၁၈၉၆ ခုနှစ်တွင် ၁ ဦး၊ ၁၈၉၇ ခုနှစ်တွင် ၃ ဦး အက်(ဖ်)အေ စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် နှစ်ခြင်းခရစ်ယာန်သာသနာပြု ဒေါက်တာဂျပ်ဆင်(ဆရာယုဒသန်) ကို ဂုဏ်ပြုသောအားဖြင့် ဂျပ်ဆင်ကောလိပ်ဟု အမည်ပြောင်းလဲ ခေါ်ဆိုခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် တစုတစည်းတည်းသော တက္ကသိုလ်စနစ်ကို စတင်တည်ထောင်သောအခါ ဂျပ်ဆင်ကောလိပ်သည် ရန်ကုန်တက္ကသိုလ်(ထိုခေတ်အခေါ် ယူနီဗာစီတီကောလိပ်)နှင့် အပေါင်းအပါဖြစ်လာခဲ့သည်။ ဂျပ်ဆင်ကောလိပ်တွင် ကရင်တိုင်းရင်းသား အများအပြား တက်ရောက်ကြသဖြင့် ကရင်ကျောင်းဟုလည်း ခေါ်ဆိုကြသည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts