ဝက်ခြံပေါက်လွယ်သူတို့ ရှောင်ကြဉ်သင့်သည့် အမူအကျင့်ဆိုးများ

ဝက်ခြံပေါက်လွယ်သူတို့ ရှောင်ကြဉ်သင့်သည့် အမူအကျင့်ဆိုးများ

ဝက်ခြံပေါက်လွယ်သူတို့ ရှောင်ကြဉ်သင့်သည့် အမူအကျင့်ဆိုးများ

မိမိမျက်နှာပေါ်မှာ ဝက်ခြံပေါက်နေတာက မိမိကိုယ်မိမိယုံကြည်မှု လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံပျောက်ဖို့အတွက် ဆေးဝါးတွေ ဝယ်လိမ်းရတာ၊ သောက်ရတာတွေကြောင့် ပိုက်ဆံအကုန်အကျများနိုင်ပါတယ်။

အရေပြားနဲ့ ဦးရေပြားပေါ်မှာရှိတဲ့ မွေးညင်းပေါက်တွေက ခန္ဓာကိုယ်အတွင်း သန့်စင်ဖို့နဲ့ ကျန်းမာဖို့အတွက် ကူညီပေးပါတယ်။ ဒီမွေးညင်းပေါက်တွေက ကိုယ်တွင်းက အဆီထုတ်ပေးတဲ့ ဂလင်းတွေရဲ့အပေါ်မှာ ရှိနေတတ်ပါတယ်။ အဆီတွေက အရေပြားပေါ်က ဆဲလ်သေတွေကို စုဆောင်းပေးပြီး မွေးညင်းပေါက်ကနေ တစ်ဆင့် ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ ဆဲလ်သေတွေ စုဆောင်းမှုများလာတဲ့အခါမှာ မွေးညင်းပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ မွေးညင်းပေါက်တွေဟာ ဖုန်မှုန့်၊ ဘက်တီးရီးယားနဲ့ အဆီတွေကြောင့် ပိတ်ဆို့မှုကို ခံရတတ်ပါတယ်။ အရေပြားကို ပုံမှန်သန့်စင်ပေးနိုင်ရင် မွေးညင်းပေါက်ပိတ်ဆို့မှုတွေလည်း ဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ်လို့ ပုံမှန်မသန့်စင်နိုင်ခဲ့ရင် ပိတ်ဆို့နေတဲ့ မွေးညင်းပေါက်တွေကနေ တစ်ဆင့် ဝက်ခြံပေါက်တာ၊ ယားယံတာနဲ့ တခြားအရေပြားရောဂါတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်၊ လေထုညစ်ညမ်းမှုနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံပေါက်လွယ်သူတွေအနေနဲ့ မိမိရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုပြောင်းလဲမှသာ ဝက်ခြံကင်းစင်ပြီး လှပချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အောက်ပါတို့ဟာ ဝက်ခြံပေါက်လွယ်သူတွေ ပြုလုပ်တဲ့ အကျင့်ဆိုးတွေဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

မျက်နှာကို လက်ဖြင့် မကြာခဏပွတ်သပ်ခြင်း
သင့်အနေနဲ့ စာဖတ်နေစဉ်အတွင်း သင့်မျက်နှာကို မကြာမကြာပွတ်တတ်တဲ့ အကျင့်ရှိနေရင် ဒီအကျင့်ကို ပြုပြင်သင့်ပါတယ်။ သူက ဝက်ခြံပေါက်လွယ်နိုင်တာကြောင့်ပါ။ သင်မျက်နှာသစ်နေစဉ်အတွင်း မျက်နှာကို ကိုင်တွယ်တာက ဘာမှမဖြစ်နိုင်ပေမယ့် တစ်နေ့တာလုံး သင့်မျက်နှာကို ကိုင်တွယ်မိမယ်ဆိုရင်တော့ သင့်လက်မှာ ကျန်ရှိနေခဲ့တဲ့ ဖုန်မှုန့်တွေ၊ အဆီတွေနဲ့ ဘက်တီးရီးယားတွေကြောင့် မွေးညင်းပေါက်တွေ ပိတ်ဆို့မှုဖြစ်ပြီး ဝက်ခြံပေါက်နိုင်ပါတယ်။

နေပူဆာလှုံခြင်းနှင့် နေရောင်ကာခရင်မ် အသုံးပြုခြင်း
ပင်လယ်ကမ်းစပ်မှာ နေပူဆာလှုံတတ်သူတွေအနေနဲ့ အရေပြား အလွန်ပျက်စီးတတ်တဲ့အတွက် မပြုလုပ်သင့်ပါဘူး။ ဒီလိုပြုလုပ်တာကြောင့် မွေးညင်းပေါက်တွေ ကျယ်လာနိုင်ပြီး အရွယ်မတိုင်ခင် အရေးကြောင်းပေါ်ပေါက်လာတာ၊ မှဲ့ကင်ဆာ ဖြစ်တာတွေအထိတောင် ဖြစ်လာနိုင်ပါတယ်။ နေရောင်ကာလိမ်းဆေး လိမ်းတာကလည်း အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်နိုင်ပေမယ့် သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေကြောင့် မွေးညင်းပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ နေရောင်ကာလိမ်းဆေးလိမ်းမယ်ဆိုရင် အဆီမပါဝင်ဘဲ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက် ပါဝင်တဲ့ အရည်ခပ်ကျဲကျဲအမျိုးအစားကို အသုံးပြုသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက အကျင့်ဆိုးတစ်ခုပါ။ မိမိကိုယ်တိုင်ဘဲသောက်သောက်၊ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကိုဘဲရှူရှူ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဒါ့အပြင် ဆေးလိပ်ငွေ့နဲ့ အရေပြား ပြဿနာဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်ငွေ့တွေက အရေပြားပေါ်မှာ ကျန်ရှိနေခဲ့ရင် မွေးညင်းပေါက်တွေ ပိတ်ဆို့နိုင်ပြီး အသားအရေညစ်ထပ်ထပ် ဖြစ်လာနိုင်ပါတယ်။ ပုံမှန်ဆေးလိပ်သောက်သူတွေမှာ ဂျွတ်ရောဂါနဲ့ အရေပြားတွဲကျတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေအလွန်မြင့်မားပါတယ်။ လေ့လာမှုအများအပြားအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် ဝက်ခြံပိုပေါက်လွယ်တယ်လို့ သိရပါတယ်။

ညစ်ပေနေသော အိပ်ရာခင်းပေါ်တွင် အိပ်စက်ခြင်း
အိပ်စက်မှုကောင်းမွန်တာက အရေပြားကျန်းမာရေးအတွက် အလွန်အရေးကြီးတယ်ဆိုပေမယ့် ညစ်ပေနေတဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးပေါ်မှာ အိပ်စက်တာကတော့ ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိပါတယ်။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အဆီတွေ အလွယ်တကူ ကျန်ရှိနေတတ်ပြီး သူတို့တစ်တွေက သင်အိပ်နေစဉ်အတွင်း သင့်အရေပြားနဲ့ ထိတွေ့နေတာကြောင့် အရေပြားအတွင်း ဝင်ရောက်သွားတာ မွေးညင်းပေါက်ပိတ်ဆို့သွားတဲ့အတွက် ဝက်ခြံပေါက်လာနိုင်ပါတယ်။ သင့်အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လျှော်ဖွပ်သင့်ပါတယ်။ ဝက်ခြံပေါက်လွယ်သူတွေအနေနဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်အသစ်တွေကို မကြာခဏလဲလှယ်သင့်ပါတယ်။

လက်ကိုင်ဖုန်းဖြင့် စကားပြောခြင်း
သင့်အနေနဲ့ သင့်လက်ကိုင်ဖုန်းကို ပိုက်ဆံအိတ်ထဲမှာ ထည့်ထားတတ်ပြီး အသုံးပြုတဲ့အခါမှာ သင့်မျက်နှာနဲ့ နားမှာကပ်ပြီး အသုံးပြုနေတတ်ပါသလား။ သင့်ဖုန်းကို ပုံမှန်သန့်ရှင်းရေးမလုပ်မိတဲ့အတွက် ဖုန်းမှာ ကပ်တွယ်နေတဲ့ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေက မျက်နှာပေါ် ရောက်ရှိသွားကာ မွေးညင်းပေါက်တွေ ပိတ်ဆို့သွားနိုင်ပါတယ်။ လက်ကိုင်ဖုန်းတွေက များသောအားဖြင့် အလွန်ညစ်ပတ်ပါတယ်။ သူနဲ့ ထိတွေ့တဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ဖုန်မှုန့်တွေ အကုန်လုံးက သူ့ပေါ်မှာ ကပ်ငြိနိုင်ပါတယ်။ သင့်အရေပြား ကျန်းမာဖို့အတွက် လက်ကိုင်ဖုန်းကို နားကြပ်တပ်ပြီး အသုံးပြုသင့်ပါတယ်။ သင့်လက်ကိုင်ဖုန်းတွေကို မကြာခဏ သန့်စင်ပေးရပါမယ်။ ဖြစ်နိုင်ရင် ဆေးရုံ၊ ဈေး၊ အိမ်သာ ဒါမှမဟုတ် လူအများသုံးနေရာတွေမှာ ဖုန်းကို အသုံးမပြုသင့်ပါဘူး။ အဲဒီနေရာတွေက ဖုန်းထဲ ပိုးမွှားတွေ အလွယ်တကူ ကပ်ငြိနိုင်ဆုံးနေရာတွေ ဖြစ်တာကြောင့်ပါ။

ကြေးချွတ်သန့်စင်မှု မပြုလုပ်ခြင်း
သင့်အနေနဲ့ မျက်နှာကို ဘယ်နကြိမ်ပဲသစ်သစ်၊ တစ်ပတ်ကို တစ်ကြိမ်တောင် ကြေးချွတ်သန့်စင်မှု မပြုလုပ်ဘူးဆိုရင် သင့်အရေပြားကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ကြေးချွတ်သန့်စင်တာက မွေးညင်းပေါက်တွေပိတ်ဆို့ကာ ဝက်ခြံပြဿနာဖြစ်နိုင်တဲ့ ဖုန်၊ အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားနိုင်တဲ့အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် ကြေးချွတ်သန့်စင်တာကြောင့် အရေပြားအလှကုန်ပစ္စည်းတွေက အရေပြားအတွင်း အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်တဲ့အတွက် မိတ်ကပ်လိမ်းလိုက်တိုင်း တောက်ပြောင်ဝင်းလက်သွားနိုင်ပါတယ်။ မွေးညင်းပေါက်တွေ ကျဉ်းမြောင်းအောင်နဲ့ ပိတ်ဆို့မှုမရှိအောင် သင့်အနေနဲ့ မျက်နှာကို တစ်ပတ်တစ်ကြိမ် ကြေးချွတ်သန့်စင်သင့်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ တစ်ပတ်နှစ်ကြိမ် ကြေးချွတ်သင့်ပါတယ်။ နေ့စဉ်ပြုလုပ်ရင်တော့ သင့်အရေပြားပေါ်က သဘာဝအဆီတွေပါ ကုန်စင်သွားနိုင်တာကြောင့် အရေပြားနီရဲ ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ် (အဆီပြန်လွယ်သူတွေမှာ နှစ်ကြိမ်)သာ ပြုလုပ်ပါ။

မိတ်ကပ်ထူထူလိမ်းခြင်း
မျက်နှာပေါ်က ဝက်ခြံတွေကို ဖုံးအုပ်ဖို့အတွက် မိတ်ကပ်ထူထူလိမ်းတာက ဝက်ခြံကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အဲဒီ မိတ်ကပ်တွေက မွေးညင်းပေါက်တွေကို ပိတ်ဆို့သွားနိုင်တဲ့အတွက် ပိုပြီး ဝက်ခြံထွက်လာနိုင်ပါတယ်။ ဒီလိုပြောလို့ ဝက်ခြံပေါက်သူတွေ မိတ်ကပ်လုံးဝမလိမ်းရဘူးတော့ မဟုတ်ပါဘူး။ Non-comedogenic အမျိုးအစားကို ရွေးချယ်ပြီး ပါးပါးလိမ်းပေးနိုင်ပါတယ်။ ညဘက်အိပ်ရာ ဝင်ခါနီးမှာတော့ မျက်နှာပေါ်က မိတ်ကပ်တွေကို သေချာဖျက်ဖို့ မမေ့ပါနဲ့။

မိတ်ကပ်လိမ်းပြီး အိပ်စက်ခြင်း
သင် ညအိပ်ရာဝင်စဉ်မှာ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင် မွေးညင်းပေါက်ပိတ်ဆို့မှုဖြစ်စဉ်မှာ အသေအချာပါပဲ။ တစ်နေ့တာလုံး မိတ်ကပ်လိမ်းထားတဲ့အခါမှာ အဆီ၊ ဖုန်မှုန့်၊ ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေက မိတ်ကပ်ပေါ်မှာ ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် ညဘက်မှာ မိတ်ကပ်ကို သေချာမဖျက်ဘဲ အိပ်မိခဲ့ရင် ဒီပစ္စည်းတွေက မွေးညင်းပေါက်ထဲ ပိတ်ဆို့သွားနိုင်ပါတယ်။ မိတ်ကပ်လိမ်းထားတာကြောင့် အရေပြားအတွင်း လေဝင်လေထွက်ရဖို့အတွက်လည်း အခက်အခဲဖြစ်နိုင်ပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်တာကြောင့် မျက်စိစွံတာ၊ ဝက်ခြံထွက်တာ၊ အရွယ်မတိုင်ခင် အရေးကြောင်းပေါ်တာ၊ အရေပြားခြောက်သွေ့တာ၊ မျက်တောင်ကျွတ်တာနဲ့ နှုတ်ခမ်းအရေပြားလန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်တိုင်း မိတ်ကပ်ကို မဖြစ်မနေ ဖျက်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်နေစဉ် မိတ်ကပ်လိမ်းထားခြင်း
သင့်အနေနဲ့ အားကစားခန်းမမှာပဲ လေ့ကျင့်ခန်းလုပ်လုပ်၊ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်လုပ် သင့်မျက်နှာက မိတ်ကပ်ကင်းစင်ပြီး သန့်စင်နေရပါမယ်။ အစိုဓာတ်ထိန်းခရင်မ်တောင် မလိမ်းမိပါစေနဲ့။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ချွေးထွက်တာက ခန္ဓာကိုယ်က သဘာဝအတိုင်း ဆေးအောင် ပြန်လည်ပြုလုပ်တဲ့နည်း ဖြစ်ပါတယ်။ မိတ်ကပ်လိမ်းထားတာကြောင့် ချွေးနဲ့အတူ ဘက်တီးရီးယားတွေ ပေါင်းစပ်သွားပြီး မွေညင်းပေါက်ကို ပိတ်ဆို့မှုဖြစ်ကာ ဝက်ခြံထွက်လာနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း မျက်နှာသစ်ကာ ရေချိုးပါ။ ဒီလိုမှ မလုပ်ရင် ကျန်ရှိနေတဲ့ ချွေးတွေက အဆီတွေနဲ့ ပေါင်းစပ်သွားပြီး မွေးညင်းပေါက်ကို ပိတ်ဆို့သွားနိုင်ပါတယ်။

သင့်အရေပြားနဲ့ မကိုက်ညီသော အလှထုတ်ကုန်များကို အသုံးပြုခြင်း
ကျွန်မတို့အများစုက သူငယ်ချင်း ဒါမှမဟုတ် အလှကုန်ပစ္စည်းရောင်းသူတွေရဲ့ အညွှန်းအတိုင်း အလှကုန်ပစ္စည်းတွေကို ဝယ်ယူလေ့ရှိကြပါတယ်။ လူတစ်ဦးနဲ့တစ်ဦးရဲ့ အရေပြားက မတူညီကြတဲ့အတွက် သူတို့ပြောတဲ့ထုတ်ကုန်တွေက သင့်အရေပြားနဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ဒါကြောင့် တွေ့သမျှ အလှကုန်ပစ္စည်းတွေကို ညွှန်းတိုင်း မဝယ်မိပါစေနဲ့။ ဥပမာအားဖြင့် အပြင်းစားဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာရည်၊ ဆပ်ပြာတုန်းတွေကြောင့် အရေပြားခြောက်သွေ့ကာ ပါးလွှာသွားနိုင်ပါတယ်။ မဝယ်ခင်မှာ ထုတ်ကုန်ပေါ်က အညွှန်းကို သေချာဖတ်ကြည့်ပါ။ ဒါ့အပြင် ရေစိုခံမိတ်ကပ်တွေကလည်း အဆီတွေ ပိုမိုပါဝင်တာကြောင့် မျက်နှာပေါ်မှာ ဖလင်ပြားခံထားသလို ဖြစ်နေပြီး အချိန်အကြာကြီး အသုံးပြုခဲ့ရင် မွေးညင်းပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံပေါက်နိုင်ပါတယ်။

ရေချိုးသည့်ပုံစံ မှားယွင်းခြင်း
ရေနွေးနဲ့ ရေအကြာကြီးချိုးတာ ဒါမှမဟုတ် မကြာခဏ ခေါင်းလျှော်တာတွေက သင့်ကို relax အလွန်ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြုလုပ်တာကြောင့် မွေးညင်းပေါက်ပိတ်ဆို့တာ အပါအဝင် အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ခေါင်းလျှော်အပြီး ပျော့ဆေးအသုံးပြုနေစဉ်အတွင်း သင်က တခြားအရာတွေ ပြုလုပ်နေရင် (ဥပမာ ခြေထောက်ကြေးတွန်းတာမျိုး) ပျော့ဆေးတွေကြောင့် မွေညင်းပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ သင် ရေချိုးခန်းထဲက မထွက်ခင်မှာ ပျော့ဆေးတွေ ကုန်စင်အောင် သေချာဆေးကြောသင့်ပါတယ်။ ရေနွေးနဲ့ ရေအကြာကြီး စိမ်ချိုးနေတာကြောင့်လည်း အရေပြားပေါ်က သဘာဝအဆီတွေ ကုန်စင်သွားနိုင်ပါတယ်။

တစ်ချိန်လုံး အိမ်တွင်းအောင်းနေခြင်း
ဝက်ခြံရှိသူတွေက အိမ်တွင်းအောင်းနေခဲ့ရင် နေရောင်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ နေ့စဉ် မနက် ၁၀ နာရီ မထိုးခင်မှာ နေရောင်ခြည်နုနုကို မိနစ်အနည်းငယ်ခန့် ထိတွေ့လိုက်ပါ။ နေရောင်ခြည်ထဲမှာ ကြာကြာနေမယ်ဆိုရင်တော့ အနည်းဆုံး SPF 30 ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးကို လိမ်းထားရပါမယ်။ နေရောင်နဲ့ ထိတွေ့မှုများလွန်းတာကြောင့်လည်း ဝက်ခြံပိုဆိုးရွားလာနိုင်ပါတယ်။

အထိုင်များသော ဘဝနေထိုင်မှုပုံစံရှိခြင်း
မျက်နှာမှာ ဝက်ခြံရှိနေတာကြောင့် အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေပါသလား။ ဒီအမူအကျင့်တွေက ဝက်ခြံပိုဆိုးရွားလာနိုင်ပါတယ်။ အားကစားခန်းမကို သွားစရာရှိရင် သွားလိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းမွန်လာပြီး အရေပြားအတွင်း အာဟာရဓာတ်နဲ့ အောက်ဆီဂျင်တွေ အလုံအလောက်ရရှိကာ အနာအမြန်ကျက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ မျက်နှာကို သေချာဆေးကြောဖို့ မမေ့ပါနဲ့။ ချွေးတွေ၊ ဖုန်တွေကြောင့် ဝက်ခြံပိုဆိုးရွားလာနိုင်ပါတယ်။

ညလုံးပေါက် ပါတီသွားခြင်း
အရေပြားအထူးကုဆရာဝန်တွေရဲ့ အဆိုအရ ဝက်ခြံပေါက်သူတွေအနေနဲ့ ညလုံးပေါက်ပါတီ မသွားသင့်ဘူးလို့ သိရပါတယ်။ အိပ်ရေးမဝတာက ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုများစေနိုင်ပြီး စိတ်ဖိစီးမှုများတာက ဝက်ခြံအပါအဝင် အလှအပပြဿနာတွေကို ပိုမိုဆိုးရွားနိုင်ပါတယ်။ ညစဉ် ခုနစ်နာရီကနေ ကိုးနာရီအထိ အိပ်ချိန်ယူတာက ဝက်ခြံပျောက်ဖို့အတွက် ကုန်ကျစရိတ်သက်သာပြီး အထိရောက်ဆုံးသော နည်းလမ်းဖြစ်ပါတယ်။

အစားမရှောင်ခြင်း
အချိုစာတွေ စားလွန်းတာက ဝက်ခြံကို ပိုဆိုးရွားစေနိုင်ပါတယ်။ သကြားဓာတ်က အင်ဆူလင်ပမာဏကို မြင့်တက်စေနိုင်ပြီး အင်ဆူလင်များလွန်းတာက အရေပြားပြဿနာတွေ ပိုဆိုးရွားနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားပေးပါ။ သူ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။ သင်စားတဲ့ အစားအသောက်တွေထဲက ဘယ်အစားအစာတွေက ဝက်ခြံကို ပိုဆိုးရွားနိုင်သလဲဆိုတာ သတိထားစောင့်ကြည့်ပြီး အဲဒီအစားအစာတွေကို ရှောင်ကြဉ်ပါ။

ရေသောက်နည်းခြင်း
ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနေဖို့ အလွန်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀-၆၅ ရာခိုင်နှုန်းအထိ ပါဝင်နေတာကြောင့်ပါ။ ရေဟာ ခန္ဓာကိုယ်အတွင်း စုဆောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးနိုင်ပြီး သွေးလှည်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပြီး အောက်ဆီဂျင်နဲ့ အာဟာရပြည့်ဝတဲ့ သွေးတွေကို အရေပြားအတွင်း ပေးပို့နိုင်ရင် ဝက်ခြံသက်သာနိုင်ပါတယ်။ နေ့စဉ် အနည်းဆုံး ရေနှစ်လီတာ ရရှိအောင် သောက်ပေးပါ။

Tips!

  • ဝက်ခြံကို ဘယ်တော့မှ မညှစ်မိပါစေနဲ့။ အရေပြားပိုမို ပျက်စီးသွားနိုင်ပါတယ်။
  • မျက်နှာကို သန့်စင်ဖို့အရေးကြီးသလို သင့်မိတ်ကပ်ဘရပ်တွေကိုလည်း မကြာခဏ သန့်စင်ဖို့ မမေ့ပါနဲ့။
  • လေထုညစ်ညမ်းမှုအလွန်များတဲ့ နေရာတွေကို ရှောင်ကြဉ်ပါ။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် အရေပြားပေါ်က မွေးညင်းပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။
  • အကြောင်းအရာငယ်တွေပေါ်မှာ စိတ်ဖိစီးမှု မဖြစ်ပါနဲ့။
  • အမွေးရိတ်တဲ့အခါမှာ အဆီလိမ်းပြီးမှသာ ရိတ်ပါ။
  • ကော်ဖီ ဒါမှမဟုတ် အရက် အလွန်အကျွံ မသောက်ပါနဲ့။
  • အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts