အနော်ရထာမင်း

အနော်ရထာမင်း (၁၀၄၄ – ၁၀၇၇) (အပိုင်း-၁)

အနော်ရထာမင်း သည် ပထမမြန်မာ၊ ပျူ၊ မွန် နိူင်ငံတော်ကြီးကို စတင်စည်းရုံး တည်ထောင်ခဲ့သော မင်းဖြစ်သည်။ ပုဂံမင်း ၅၅ ပါးအနက် ၄၂ ဆက်မြောက် အနော်ရထာမင်းကား အကြီးမြတ်ဆုံး မင်းကောင်းမင်းမြတ် ဖြစ်သောကြောင့် နှစ်ပေါင်း ထောင်ချီကြာလေခဲ့ပြီ ဖြစ်သော်လည်း မြန်မာတို့သည် ယနေ့တိုင် မှန်းဆ၊ တမ်းတ၍ ကြည်ညိုလေးစား ရပေသည်။ ‘ မော်စရာ ဟိုတခေတ် ’ ကို တွေးမြင်ဆင်ခြင်မိတိုင်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာ စွမ်းပကားများကို တွေ့မြင်ရပေသည်။ 

အနော်ရထာမင်းကို ကျောက်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားတို့မှ ၁၃၊ ဧပြီ၊ ၁၀၁၄ တွင် ဖွားမြင်ခဲ့သည်။ အနော်ရထာ၏ ဘဝပုံရိပ် အတိတ်ဇာတ်ကြောင်းများကို မှတ်တမ်းမှတ်ရာ ရာဇဝင်၊ ပညာရှင်အသီးသီးတို့ သုတေသန စာတမ်း စာအုပ်များကို လေ့လာပြီး ယနေ့ ဧပြီ၊ ၁၃ရက်၊ ၂၀၁၄ ခုနစ်တွင် ဤစာတမ်းကို မှတ်မှတ်ရရ ရေးသားနေရာ ယနေ့သည် အနော်ရထာမင်း မွေးနေ့ အနှစ် ၁၀၀၀ ပြည့်နေ့ပင် ဖြစ်သည်။ အချိန်ကာလ အားဖြင့် နှစ်ပေါင်း ၁၀၀၀ ဆိုသည်မှာ ကြာတောင်းကြာလှပြီ ဖြစ်သော အတိတ်ပင် ဖြစ်သည်။ သို့သော် မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်သူ အနော်ရထာ၏ လက်ရုံးရည်၊ နှလုံးရည်၊ အမြော်အမြင်၊ ဉာဏ်ရည်ထက်မြက် တိုင်းပြည်အတွက် စံနမူနာပြ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ယနေ့တိုင် မမေ့နိူင်ကြပါ။

အနော်ရထာဟူသော အမည်သည် သမိုင်းဆရာတို့က ပေးသော၊ ခေါ်သော အမည်သာဖြစ်သည်။ အနော်ရထာက မိမိကိုယ်မိမိ အနုရုဒ္ဓ၊ အနိရုဒ္ဓ ဟု ခေါ်ခဲ့သည်။ ဤသို့ခေါ်ခဲ့ကြောင်း အနော်ရထာ ရောက်ရာအရပ်ဒေသတိုင်းတွင် ချန်ထားရစ်သော အုတ်ခွက်မြေပုံဘုရားလေးများတွင် ပါရှိနေပေသည်။ အနုရုဒ္ဓဆိုသည်မှာ ပါဠိစကားဖြစ်ပြီး အဓိပ္ပာယ်မှာ နှစ်သက်ခြင်း၊ မဆန့်ကျင်ခြင်း ဖြစ်သည်။ အနိရုဒ္ဓမှာ သက္ကတ ဘာသာစကားဖြစ်ပြီး မချုပ်တည်းခြင်း၊ မတားဆီးခြင်းဟု အဓိပ္ပာယ်ရှိသည်။ 

အနော်ရထာ မတိုင်မီက မြန်မာ့သမိုင်းကို အကြိုသမိုင်းဟု ပညာရှင်တို့က ဆိုခဲ့သည်။ အထောက်အထား ခိုင်လုံစွာ သိရပြီးမှ သမိုင်းစတင်သည်ဟုဆိုကာ ပုဂံသမိုင်းကို အနော်ရထာမှ စတင်ပြီး မှတ်တမ်းတင်လေ့ ရှိကြသည်။ ပုဂံရွှေခေတ်ကြီးကို အနော်ရထာမင်းက စတင်တည်ထောင်ပြီး တည်တံ့ခိုင်မြဲ စည်ပင်တိုးတက်အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူ ဖြစ်သည်။ 

သမိုင်းအထောက်အထားအဖြစ် ‘ အုတ်ခွက်ဘုရား’ ခေါ် ‘ မြေပုံဘုရား ’ လေးများမှာ တစ်ထွာတစ်မိုက် အရွယ်အစားဖြစ်ပြီး အနော်ရထာမင်းကိုယ်တိုင် လက်တော်ဖြင့် ပြုလုပ်ပူဇော်ကြောင်း ပါဠိ၊ သက္ကတ ဘာသာဖြင့်သာ ရေးထိုးကြောင်း သမိုင်းပညာရှင်ကြီး ‘ လုစ် ’ က ဆိုခဲ့သည်။ ၁၉၇၁ ခုနစ်တွင် မိုးမိတ်မှာ တွေ့ရသော မြေပုံဘုရားတွင် မွန်စာပေဖြင့် ရေးထိုးထားကြောင်း တွေ့ရသည်။ ၁၉၈၃ ခုနစ်တွင် ကလေးမှရသော မြေပုံဘုရားတွင်လည်း မွန်ဘာသာဖြင့် တွေ့ရသည်။ ထို့ကြောင့် အနော်ရထာမင်းသည် ပါဠိ၊ သက္ကတ၊ မွန်စာပေ တို့ဖြင့် ရေးထိုးကာ မြေပုံဘုရားများ ပြုလုပ်ခဲ့ကြောင်း ပြင်ဆင်ဖြည့်စွက် မှတ်သားရပါသည်။

ဤမြေပုံဘုရားများကို ရွှေလီမြစ်ပေါ် ငအိုးရွာအနီး နွားတလည်ရွာမှ တွေ့ရသည်။ အထက်ရွှေလီမှ အောက် တွံ့တေး၊ ထားဝယ်အထိ တွေ့ရှိခဲ့သည်။ ဤမြေပုံဘုရား အုပ်ခွက်လေးများသည် အနော်ရထာ၏ သမိုင်းမှတ်တိုင်များပင် ဖြစ်သည်။ 

၁၉၃၈ ခုနစ်တွင် ကျောက်စာဝန် ဦးမြရရှိခဲ့သော၊ ပခုက္ကူ၊ ရေစကြိုအနား ကန်သစ်ရွာမှ ဦးဘတင် ရရှိသော အုတ်ခွက်တွင် လောကနာထ ဘုရားလောင်းပုံ ခြေတစ်ဖက်ချ ထိုင်ပုံကို တွေ့ရသည်။ ထို့ကြောင့် မဟာယာန ဗုဒ္ဓဘာသာကိုလည်း မပစ်ပယ်ကိုးကွယ်ကြောင်း သိရသည်။ 

အုတ်ခွက်ဘုရားများသည် ဘာသာရေး၊ သာသနာ ကိုးကွယ်ယုံကြည်မှု အထောက်အထားများသာမက သမိုင်းတန်ဖိုးလည်း ကြီးမားလှပေသည်။ ဗုဒ္ဓပုံ၊ ဘုရားလောင်းပုံများ ပါဝင်နေရာ ထေရဝါဒ၊ မဟာယန ရောထွေးကိုးကွယ်ကြောင်းကိုလည်းကောင်း၊ တိုင်းနိူင်ငံအတွင်း လှည့်လည်စည်းရုံးကာ ရောက်ရှိခဲ့သော နေရာဒေသများ၏ အထောက်အထားအဖြစ်လည်းကောင်း၊ အာဏာစက် ဖြန့်ကြက်နိူင်သော နိုင်ငံ အကျယ်အဝန်းကို လည်းကောင်း သိနိူင်ပေသည်။ 
အနော်ရထာ နန်းတက်စက တမ္ပဒီပခေါ် ပုဂံပြည်သည် မြစ်သား၊ ယခုကျောက်ဆည်လယ်တွင်း ၁၁ ခရိုင်၊ မင်းဘူး ၆ ခရိုင်နှင့် မြောက်ဘက် တောင်ပြုန်း၊ တောင်ဘက် တောင်တွင်း မိချောင်းရဲ၊ အောက်ပြည်တော်သာကျွန်း အရပ်အထိသာ ကျယ်ပြန့်မည်ဟု ခန့်မှန်းကြသည်။ ဤနယ်နိမိတ်သည် ယခုခေတ် မြန်မာနိူင်ငံ အကျယ်အဝန်းနီးပါးအထိ အနော်ရထာ စွမ်းဆောင်စည်းရုံးတည်ထောင်ခဲ့ကြောင်း သိရသည်။ 

ပျူမြို့တော် သရေခေတ္တရာပြည်ကြီး ပျက်စီးပြီး တိုင်းငယ်ပြည်ငယ် လူမျိုးစု အုပ်စုတူရာ၊ လုံခြုံရာ ဒေသများတွင် နေထိုင်ခဲ့ကြသည်။ အနော်ရထာမင်းက စတင် စည်းရုံးသော နယ်မြေမှာ မောရှမ်း ၉ ပြည်ထောင်စော်ဘွား၏ သမီးတော် စောမွန်လှကို ဆက်သ၍ ချစ်ကြည်ရေး ခိုင်မြဲစေခဲ့သည်။ 

အနော်ရထာမင်း၏ စည်းရုံးရေးပုံစံမှာ သမားရိုးကျ စစ်ရေးဖြင့် စတင်ခဲ့ပြီး လက်ရုံးရည်၊ နှလုံးရည် ယှဉ်တွဲ၍ နိူင်ငံအတွက် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ပုဂံလက်နက်နိုင်ငံအောက်သို့ စုစည်းရောက်ရှိလာခြင်း ဖြစ်သည်။ သထုံတစ်မြို့တည်းသာ စစ်ရေးအရ သိမ်းပိုက်ခဲ့ပြီး အခြားဒေသများမှာ တိုင်းခန်းလှည့်လည်ရင်း ခိုလှုံလာကြခြင်း ဖြစ်သည်။ အတွေးတူ၊ အယူအဆတူ၊ တန်းတူရည်တူ အခွင့်အရေး ပေးမှုများကြောင့် စည်းလုံးမိခြင်း ဖြစ်သည်။ ရိုးရာဓလေ့များကိုလည်း ခွင့်ပြုပြီး ထေရဝါဒ ဗုဒ္ဓဘာသာကိုလည်း အခြေခိုင် တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။ စီးပွားရေး ခိုင်မာအောင် ပြုလုပ်ပြီး မြို့သစ် ရွာသစ်များ တည်ထောင်ခဲ့သည်။ 

ရှမ်းပြည်နယ် အုပ်ချုပ်ရေးကို ပဒေသရာဇ်ပုံစံဖြင့် စတင်ခဲ့ပြီး ပုဂံနိူင်ငံ သြဇာအောက် ရောက်ရှိသော်လည်း လွတ်လပ်စွာ အုပ်ချုပ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ခမာဂျွမ်းစစ်သည်တို့ ကျူးကျော်နှောင့်ယှက်ခြင်း ခံနေရသော သထုံကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီး သထုံမနူဟာမင်းနှင့် ဆွေတော်မျိုးတော်များ၊ ရဟန်းသံဃာများ၊ အနုပညာသည်များကို ဘေးကင်းရန် ပုဂံသို့ခေါ်ဆောင်ကာ နေရာချထားပေးပြီး အေးချမ်းစွာ နေထိုင်စေခဲ့သည်။ ရန်သူ ကျူးကျော်တိုက်ခိုက်မှု ခံနေရသော ပဲခူးမှ စစ်ကူတောင်း၍ ကျန်စစ်သား ခေါင်းဆောင်သော ပုဂံသူရဲကောင်းတို့ သွားရောက်ခြေမှုန်း တိုက်ခိုက်အောင်မြင်ခဲ့သည်။ ဥဿာပဲခူးမင်းက သမီးတော် မဏိစန္ဒာခင်ဦးကို ချစ်ကြည်ရေး ပဏ္ဏာဆက်သလိုက်ကြောင်း ရာဇဝင်များနှင့် ပုဂံစကားများတွင် ယနေ့တိုင် ပြောကြားကာ ဇာတ်ပွဲ၊ ရုပ်ရှင်များဖြင့် ပြသနေဆဲဖြစ်သည်။ 

ဥဿာပဲခူး၊ သထုံမှစ၍ အနောက်ဘက် ရခိုင်ကိုလည်း သိမ်းသွင်းခဲ့ရာ ရခိုင်ရာဇဝင်တွင် ‘ပျူကိုးသောင်းနှင့် ပျူမင်းလာသည်’ ဟု စာတင်ပြောကြားခဲ့သည်။ အနော်ရထာအင်ပါယာလောက် မြန်မာ့သမိုင်းစဉ်တွင် တစ်ခါမျှ မကျယ်ပြောခဲ့ပါဟု ဆိုရမည်။ တောင်ဘက် မုတ္တမမှ မလေးနယ်စပ်၊ မြောက်ဘက် တရုတ်နယ်စပ်၊ အနောက်ဘက်ဘင်္ဂလား၊ မုတ္တမမှ မလေးနယ်စပ်၊ မြောက်ဘက် တရုတ်နယ်စပ်၊ အနောက်ဘက် ဘင်္ဂလား၊ အရှေ့ဘက် သံလွင်၊ ခမာ ကမ္ဘောဒီးယားဟု အကြမ်းဖျင်း ဆိုနိူင်သည်။ 

အနော်ရထာ နန်းတက်စက ‘ တမ္ပဒီပ ’ သည် ပုဂံနေပြည်တော်၏ အမည်တစ်ခု ဖြစ်ပြီး ပါဠိဘာသာစကားဖြစ်ကာ ‘ကြေးနိူင်ငံ’ ဟု အဓိပ္ပာယ်ရှိသည်။ ရှင်မဟာ သီလဝံသ၏ ရာဇဝင်ကျော်တွင် မြန်မာအထက်ပိုင်းကို သုနာပရန္တ၊ အောက်ပိုင်းကို တမ္ပဒီပဟု ခေါ်ဆိုခဲ့သည်။ ရှင်ဒီသာပါမောက္ခ၏ ကျောက်စာတွင် တံပြတိတ် (တမ္ပဒီပ) ဟု ခေါ်ခဲ့သည်။ အနော်ရထာမင်းသည် တမ္ပဒီပ ကို ဗဟိုပြုပြီး နိူင်ငံချဲ့တွင်စည်းရုံးခဲ့ရာ ယခု မြန်မာမြေပုံနိူင်ငံ အကျယ်အဝန်းတမျှ ကျယ်ပြန့်အောင် စွမ်းဆောင်နိူင်ခဲ့သည်။ အမြော်အမြင်ကြီးခြင်း၊ နိူင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အမြင်ရှိသူ ဖြစ်သည်။ မြောက်ပိုင်း မောရှမ်းနယ်စပ်တွင် ကင်းမြို့ပေါင်း ၄၃ မြို့ကို တည်ခဲ့ခြင်းက အနော်ရထာ၏ စစ်ရေး၊ နိူင်ငံရေး အမြင်ကျယ်မှုကို တွေ့မြင်နိူင်သည်။ မြို့များကို စစ်သည်အင်အားရှိမှုအလျောက် သိန်းပြမြို့၊ သောင်းပြမြို့၊ ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့ အဖြစ် သတ်မှတ်ကာ စစ်သည်အင်အား တောင့်တင်းစွာဖြင့် လုံခြုံရေးကို ဦးစားပေးပြီးနောက် စီးပွားရေး တောင့်တင်းဖွံ့ဖြိုးရန် ဆည်မြောင်းတူးဖော်ကာ မြစ်သား၊ ယခု ကျောက်ဆည်လယ်တွင်း ၁၁ ခရိုင်နှင့် မင်းဘူး ၆ ခရိုင်တို့ကို စီမံဆောင်ရွက်ခဲ့သည်။ ရိက္ခာဖူလုံအောင် ကင်းတားဆည်၊ ငနိုင်သေဉ်ဆည်၊ ပြောင်းပြဆည်၊ ကျီးမည်းဆည်တို့ကို ၁၀၅၈ ခုနစ်နှင့် ၁၀၅၉ ခုနစ်အတွင်း တူးဖော်ခဲ့သည်။ 

အနော်ရထာခေတ်က ဆည်ရေသောက်လယ်များရှိရာ ဒေသကို ‘ခရိုင်(ခရိုန်)’ ဟု ခေါ်၍ တိုးချဲ့လယ်မြေများ ရှိရာ ဒေသကို ‘တိုက်’ ဟု ခေါ်သည်။ ချင်းတွင်းမြစ်ရိုးနှင့် ဧရာဝတီကြား တောင်မှမြောက်သို့ မုဆိုးခြုံတိုက်၊ ပင်စည်တိုက်၊ ညံသာတိုက်၊ ချင်းတွင်းအနောက် ဗန့်ကျီ ၁၀ တိုက် စသည်တို့ ဖြစ်သည်။ အနော်ရထာမင်းသည် စစ်ရေး၊ နိူင်ငံရေးတို့ဖြင့် နယ်ချဲ့ထွင် တည်ထောင်ပြီး လုံခြုံရေး၊ ငြိမ်းချမ်းရေးကို အလေးပေး ဆောင်ရွက်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆည်ရေသောက်လယ်များကို စီမံဆောင်ရွက် ခဲ့ရုံမျှသာမက ဘာသာရေး၊ ပညာရေးတို့ကိုလည်း စံနမူနာပြ စွမ်းဆောင်ခဲ့ကြောင်း လေ့လာသိရှိနိူင်ပေသည်။ 

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts