မတော်တော့သော အင်္ကျီလေးများ

မတော်တော့သော အင်္ကျီလေးများ (Part 1)

တစ်ရက်က အဝတ်တွေရှင်းတော့ ဝတ်လို့မရတော့တဲ့ အဝတ်အစားတွေ ထွက်လာတယ်။ ဘယ်လိုမှကို မတော်တော့ဘူး။ Fit မဖြစ်တော့ဘူး။ အရင်တုန်းက ကြိုက်လွန်းလို့ဆိုပြီး ခဏခဏထုတ်ဝတ်ခဲ့ရတယ်။ အဲဒီအင်္ကျီလေးတွေ အခုတော့ သူစိမ်းတွေလိုပဲ…။

ကိုယ်နဲ့ မတော်ပေမဲ့ ညီမတွေနဲ့တော်တော့ တော်တဲ့သူတွေ ယူဝတ်ကြဟေ့ဆိုပြီး ပေးလိုက်ရတယ်။ တော်တဲ့သူတွေ ဝတ်လိုက်တော့လည်း လှလှပပနဲ့ အံဝင်ခွင်ကျကို ဖြစ်လို့။

Fit ဖြစ်တယ်ဆိုတဲ့ စကားကို စဉ်းစားမိလို့ပါ။ အင်္ကျီတွေဟာ ကိုယ်နဲ့ မတော်တော့ဘူးဆိုရင် ဝတ်လို့မရတော့ဘူး။ လူတွေလဲ ဒီတိုင်းပါပဲလားလို့…။ ကိုယ်နဲ့ ကီးမကိုက်တော့အခါ ဆက်ပြီးပေါင်းသင်းနေလို့ မရတော့ပါဘူး။

တချို့သူငယ်ချင်းတွေ ရှိပါတယ်။ တချိန်တုန်းက အရမ်းကို ချစ်ခဲ့တယ်။ တွဲသွား တွဲလာလုပ်ကြတယ်။ အချင်းချင်း သွားလာလည့်ပတ်ကြတယ်။ စားစားသွားသွား အတူရှိတယ်။

ကိုယ်နဲ့သူနဲ့ Fit ဖြစ်နေတဲ့ သဘောပေါ့။ နည်းနည်းကြာလာတော့ တစ်ယောက်အကြောင်း တစ်ယောက် သိလာတယ်။ ဥပမာအားဖြင့် တစ်ခုခုမှာ အစွန်းရောက်တဲ့သူတွေဆိုရင် ကျွန်မက သဘောမတွေ့တတ်ဘူး။ သူတို့နဲ့ နေရတာ ပူလောင်တယ်လို့ ထင်တယ်…။ ကိုယ့်သူငယ်ချင်း လုပ်ထားမိသူက အစွန်းရောက် အတွေးအခေါ်တွေ ရှိလာပြီဆိုတဲ့အခါ ကျွန်မက ခပ်ဝေးဝေးကပဲ နေချင်တော့တယ်။ ကျွန်မနဲ့ သူနဲ့ Fit မဖြစ်တော့ဘူး။

Facebook မှာဆိုရင်တော့ ကျွန်မ Unfollow လုပ်လိုက်ပါတယ်။ Unfollow လုပ်တယ်ဆိုတာ ကြည့်လို့မရလို့ မုန်းလို့ စသည်ဖြင့် ပြောကြပေမဲ့… ကျွန်မ Unfollow လုပ်တယ်ဆိုတာကတော့… ခင်မင်မှုကို ဆက်ပြီး တည်တံ့စေချင်တဲ့အတွက် ဖြစ်ပါတယ်။

သူ့ကို မြင်နေရသမျှ သဘောထား မတိုက်ဆိုင်တာတွေ ပေါ်လာမယ်။ ဒါတွေဟာ Limit တစ်ခုကို ကျော်သွားခဲ့မယ်ဆိုရင် မုန်းတဲ့ဘက်ကို ဦးတည်သွားတတ်ပါတယ်။

ဒါကြောင့် Unfollow လုပ်လိုက်တဲ့အခါ အရင် ခင်မင်ရင်းစွဲရှိတဲ့အတိုင်း ဆက်ပြီး ခင်မင်နိုင်တယ်။ အပြင်မှာတွေ့ရင်လည်း အရင်လိုမျိုးပဲ နှုတ်ဆက်နိုင်တယ်။ အယူအဆရေးရာတွေ အကြောင်းတော့ တရင်းတနှီး မသိလိုတော့တာ အမှန်ပဲ။

တစ်ဖက်သတ်ပြောသလိုများ ဖြစ်သွားသလားလို့ တွေးမိပေမယ့် သူ့ဘက်ကလည်း ကိုယ့်အပေါ် အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ မကြိုက်နိုင်တော့ဘူး။ Fit မဖြစ်နိုင်တော့ဘူးဆိုတာကို သတိရမိပါတယ်။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> မတော်တော့သော အင်္ကျီလေးများ (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts