စိတ်ဘေးအန္တရာယ်

စိတ်ဘေးအန္တရာယ် (Part 2)

ကျွန်မတစ်နေ့က အိမ်က အစောကြီးထွက်သွားရတာကြောင့် ခွေးလေးတွေကို အစာပြင်ပေးခဲ့ဖို့ မေ့သွားပါတယ်…။ လမ်းမှာကားပိတ်တာနဲ့ ပိုက်ဆံတွေ ကုန်လာတာနဲ့ အလုပ်မပြီးတာနဲ့…စိတ်တို…ဗိုက်ဆာပြီး အိမ်ပြန်ရောက်လာတော့ ဗိုက်ဟောင်းလောင်းနဲ့ ခွေးကလေး သုံးကောင်က ဆီးကြိုနေကြပါတယ်…။

ကလေးတွေ ကျွေးပြီးပြီလားဆိုတော့ အိမ်ကလူတွေက သတိတောင် မရကြပါဘူး…။ အေး…ငါမရှိရင် ခွေးတွေကတော့ အရင်ဆုံးငတ်ပြီး သေကုန်ကြမှာပဲ…။ ကြည့်စမ်း… ရေခွက်ထဲတောင် ရေမရှိဘူး…။ ကျွန်မပြောလိုက်မိရင်း နောက်ထပ်ပြောဖို့ စိတ်ထဲမှာ… ငါ့ကလေးတွေကို နောက်ခါ…ဒါမျိုး… လုပ်ကြည့် တစ်အိမ်လုံး အငတ်ထားပစ်မယ်…ဆိုတာမျိုး ဖြစ်လာပါတယ်။

ဒါပေမယ့် စိတ်က ဒေါသဖြစ်နေတာကို Register လုပ်နေမိတဲ့အတွက်… အဲဒီစကားက စိတ်ထဲက ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားပါတယ်…။ ဒါက ကိုယ်တိုင် Mindful ဖြစ်အောင် ကြိုးစားနေမိတဲ့ အကျိုးရလဒ်တစ်ခုပါပဲ…။

ဒီစကားသာ… အပြင်ကို ပွင့်ထွက်သွားရင် ကြားရတဲ့လူတွေလည်း နာကျင်ခံစားရမှာ ဖြစ်သလို နေရင်းထိုင်ရင်း အမုန်းပွားမယ်။ ပြဿနာဖြစ်မယ်။ မဆိုင်တဲ့လူတွေ ထိခိုက်မယ်…။ မပြောသင့်တဲ့ လူကြီးတွေကိုပါ…ထည့်ရမ်းလိုက်သလို ဖြစ်သွားမယ်…။

တကယ်တော့ ကိုယ့်စိတ်နဲ့ မတွေ့တာနဲ့ ဘေးသင့်မိတဲ့အကြောင်းကို ပြောချင်တာပါ…။ ပြဿနာများဖြစ်ခဲ့ရင် ခွေးအစာကိစ္စကြောင့်ဆိုတော့… ဖြစ်ဖို့ထိုက်တန်တဲ့ကိစ္စလည်း မဟုတ်ပါ…။ ကျွန်မတို့က… အချိန်တိုင်း…တွေ့သမျှ…၊ မြင်သမျှ…၊ အာရုံကို တုံ့ပြန်နေမိပါတယ်။ ပြောဆိုနေမိပါတယ်။ တစ်ခုပြီးရင် တစ်ခုနဲ့ မပြီးတော့ပါဘူး…။ တကယ်တော့ ကိုယ့်စိတ်မှာပေါ်တဲ့ အာရုံကို Register လုပ်ပြီး လွှတ်ချ Release လုပ်ပေးရမဲ့အစား… ကျွန်မတို့ကတော့ တုံ့ပြန် React လုပ်နေတာက များပါတယ်…။ အဲတော့ တစ်နေ့တစ်နေ့ စိတ်ပင်ပန်းတယ်ဆိုတာ… ဘာမှမဟုတ်တာလေးတွေနဲ့လည်း ပင်ပန်းနေရတတ်ပါလားလို့ ဆင်ခြင်လိုက်မိတာပါပဲ…။

စိတ်ထားတတ်ဖို့…အသင့်အတင့်သော အခြေအနေ ဟောနိသောမနသိကာယနဲ့ နှလုံးသွင်းတတ်ဖို့ဆိုတာ… အရေးကြီးပါတယ်…။ ဒါက လွယ်မလိုလိုနဲ့ လုပ်ဖို့ကြ ခက်ပါတယ်။ သို့သော် အလေ့အကျင့်ဟာ… အဓိကကျပါတယ်။

Mindful ဖြစ်တဲ့သူ၊ သတိနဲ့နေတတ်တဲ့သူတွေဟာ… စိတ်ကို ကောင်းစွာ ထိန်းနိုင်ကြသူတွေပဲ ဖြစ်ပါတယ်…။ စိတ်ထိန်းနိုင်တော့ ကုသိုလ်စိတ်ဖြစ်ပါတယ်။ ဒါဟာ Positive Emotions ပါပဲ။

လူတွေ အသက်တွေတိုသွားတာ…၊ ရုပ်ဆင်းအင်္ဂါတွေ ချို့တဲ့လာကြတာ…၊ အချင်းချင်း အမုန်းတရားတွေ တိုးပွားကြတာ…၊ ခိုက်ရန်ဖြစ်ကြ သတ်ကြတာ…တွေဟာ စိတ်ဘေးအန္တရာယ်တွေ အကြီးအကျယ် ကျရောက်နေကြလို့ပါပဲ…။ စိတ်ဘေးအန္တရာယ်တွေကို ရှောင်ကြဉ်နိုင်ကြပါစေ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts