သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက် မလုပ်ပါ | သူငယ်ချင်းနှစ်ယောက် အစုစပ်လုပ်ငန်း

နောက်တစ်နေ့။ ကျွန်တော်ဟာ အချစ်ဆုံး သူငယ်ချင်းမိုက်ကို ကျွန်တော့်အဖေ ပြောလိုက်တဲ့ စကားတွေ ပြန်ပြောပြမိတယ်။

မိုက်နှင့် ကျွန်တော်ဟာ ကျောင်းမှာတော့ အဆင်းရဲဆုံးတွေပါပဲ။ မိုက်ဟာလည်း ကျွန်တော့်လိုပဲ ကံကောင်းထောက်မစွာနဲ့ ဒီကျောင်းကို လာနေရတာပါ။ ကျွန်တော်တို့ဟာ ဆင်းဆင်းရဲရဲကြီး မဟုတ်ပေမယ့် တခြားကျောင်းသားတွေက ဘေ့စ်ဘောလက်အိတ်အသစ်တွေ၊ စက်ဘီးအသစ်တွေ၊ ပစ္စည်းအသစ်တွေချည်း သုံးနေကြတော့ အားငယ်မိတာပေါ့။ အမေနဲ့ အဖေက ကျွန်တော်တို့အတွက် အခြေခံစားဝတ်နေရေးဖူလုံအောင်တော့ ထောက်ပံ့ပေးခဲ့ကြပြီးသားပဲ။ ဒါပေမယ့် ကျောင်းသားချင်းယှဉ်ရင် မျက်နှာငယ်ရတာကို မခံချင်ကြဘူး ဖြစ်နေကြတာပါ။

ဖေဖေပြောနေကျစကားကတော့ … “မင်း တစ်ခုခုကို လိုချင်ရင် ရဖို့ အလုပ်,လုပ်ရမယ်…” တဲ့။

ကျွန်တော်တို့ လိုချင်တာတွေက တစ်ပုံကြီး။ ဒါပေမယ့် ကိုးနှစ်သားအရွယ်အတွက် လုပ်ရမယ့်အလုပ်ရယ်လို့ မရှိသလောက်။ “ဒါဖြင့်တို့ ငွေတွေရအောင် ဘာလုပ်ကြမလဲ”  မိုက်ကဖွင့်မေးတယ်။ ကျွန်တော်ကလည်း … “ငါလည်း မသိဘူးကွ။ ဒါပေမယ့် မင်းငါနဲ့ စပ်တူမလုပ်ချင်ဘူးလား” လို့ ပြောမိတယ်။ ဒီလိုနှင့် စနေနေ့တစ်မနက်မှာ မိုက်ဟာ ကျွန်တော့်လုပ်ငန်းရဲ့ ပထမဆုံး အစုစပ်ပါတနာဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ငွေကို ဘယ်လိုလုပ်ရပါမလဲဆိုတာ တစ်မနက်လုံး စဉ်းစားရင်း အချိန်ကုန်ခဲ့ကြပါတယ်။ ဒီအထဲက ကြားဖောက်ပြီး ကျောင်းက ‘မလိုင်ခဲကောင်’တွေ ဂျင်မီရဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေအိမ်မှာ သွားပျော်နေကြမယ့်အကြောင်းတွေ မကြာမကြာပါလာပါသေးတယ်။ အဲဒီကိစ္စဟာ ကျွန်တော်တို့ကို နည်းနည်း စိတ်ထိခိုက်စေပြီး၊ ဝေဒနာခံစားရတာ အမှန်ပါ။ ဒါပေမယ့် အဲဒီလိုစိတ်နာခဲ့ရတာပဲ ခပ်ကောင်းကောင်း။ ဘာကြောင့်ဆို ကျွန်တော်တို့ကို ငွေရအောင်ရှာနည်းတွေ စဉ်းစားခိုင်းပြီး ဉာဏ်ကွန့်မြူးစေခဲ့လို့ပါပဲ။

နောက်ဆုံး အဲဒီညနေမှာပဲ ကျွန်တော်တို့ခေါင်းထဲကို အကြံတစ်ချက်ဝင်းခနဲ လက်ပြီး ဝင်လာပါရော။ အဲဒီအကြံကတော့ သိပ္ပံပညာပေး စာအုပ်တစ်အုပ်ထဲက မိုက်တွေ့လာတဲ့ အကြံပါ။ သူငယ်ချင်းနှစ်ယောက်သား ဝမ်းသာအားရလက်ဆွဲနှုတ်ဆက်လိုက်ရာက အကြံကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပြင်ခဲ့ကြပါတယ်။

နောက်ရက်သတ္တပတ်ပေါင်းများစွာ ကျွန်တော်တို့ဟာ သွားတိုက်ဆေးဘူးအလွတ်တွေကို ရတတ်သမျှ လိုက်စုခဲ့ကြပါတယ်။ လိုချင်သလောက် ရပြီလည်းဆိုရော၊ အရေကျိုပြီး ရလာတဲ့ သတ္တုရည်တွေကို ပလာစတာပုံစံခွက်တွေကို လောင်းထည့်ကြတာပါပဲ။

ကျွန်တော်တို့ရဲ့ ပထမဆုံးအသုတ် လက်စသတ်ချိန်မှာ ကျွန်တော့်အဖေ ရောက်လာပြီး ရပ်ကြည့်ရာက စူးစမ်းတဲ့အနေနဲ့ ခပ်ပြုံးပြုံးလေးမေးပုံက… “သားတို့ ဘာတွေ လုပ်နေကြတာလဲ”

“ဖေဖေပြောတဲ့ အတိုင်း ငွေလုပ်နေကြတာလေ။ ကျွန်တော်တို့ သူဌေးဖြစ်ကြတော့မယ်ဗျ”

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 3) | သူငယ်ချင်းနှစ်ယောက် အစုစပ်လုပ်ငန်း

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts