ဘုရင့်ရွှေမြို့တော်

ဘုရင့်ရွှေမြို့တော် (အပိုင်း-၁)

သရက်မြို့နှင့် တောင်ငူမြို့တို့သည် ၁၈၈၅ ခုနစ် အထိ ဗြိတိသျှပိုင် မြန်မာနိုင်ငံ၏ မြောက်ပိုင်း နယ်စပ်မြို့များ ဖြစ်နေကြသည်။ ဤနယ်မြေ၏ တစ်ဖက်နိုင်ငံဝယ် တန်ခိုးအာဏာ အပြည့်အဝရှိသော ရေမြေ့သနင်း ပြည့်ရှင်မင်းတို့သည် မိမိတို့ ထီးနန်းအရိုက်အရာ၏ ဆူးငြောင့်ခလုတ်ဟူသမျှကို ပြတ်ပြတ်သားသား ရှင်းလင်းသုတ်သင်လျက် စိုးစံနေကြ၏။

၁၈၅၃ ခုနစ်တွင် မင်းတုန်းမင်းသည် နောင်တော် ပုဂံမင်းကို တော်လှန်ပုန်ကန်လျက် အမရပူရရွှေနန်းကို သိမ်းမြန်းရရှိခဲ့ပြီး ဗြိတိန်ပြည့်ရှင် ဝိတိုရိယဘုရင်မကြီးနှင့် နန်းပြိုင်စိုးစံသူ ဖြစ်၏။ ပုဂံမင်းကို တော်လှန်ပုန်ကန်၍ ထီးနန်းကို ရယူခဲ့သည်ဆိုသော်လည်း မင်းတုန်းမင်းသည် တော်လှန်ရေးတွင် အခန်းကဏ္ဍ အနည်းငယ်မျှသာ ပါဝင်ခဲ့သူ ဖြစ်သည်။ သူကား ကြင်နာတရားပြည့်ဝပြီး ဗုဒ္ဓဘာသာကို သန့်စင်စွာ ယုံကြည်ကိုးစားသူ တစ်ဦးဖြစ်၏။ ထို့ကြောင့်ပင် လုပ်ထုံးလုပ်နည်းကို ဖယ်ခွာလျက် နောင်တော်နန်းကျဘုရင် ပုဂံမင်းကို အဆုံးစီရင်ခြင်း မပြုဘဲ အဆောင်အယောင် ရုပ်သိမ်းရုံမျှသာ ပြုလုပ်ခဲ့ပေသည်။

မင်းတုန်းမင်းအတွက် ဆောင်ရွက်ရန် တာဝန်တွေကား များပြားခက်ခဲလှ၏။ အင်္ဂလိပ် – မြန်မာ ဒုတိယစစ်ပွဲသည် မြန်မာတို့၏ ဂုဏ်သိက္ခာကို ကောင်းကောင်းကြီး ကျဆင်းစေခဲ့၏။ ပဲခူး၊ ရန်ကုန်နှင့် ပုသိမ်ဆိပ်ကမ်းမြို့များကို ဆုံးရှုံးခဲ့ရသဖြင့် မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရ၏။ ရန်ကုန်မြို့မှာ ဆိပ်ကမ်းမြို့ တစ်ခုမျှသာ မဟုတ်သေး။ အရှေ့အာရှ၏ ဗုဒ္ဓဘာသာမြို့တော် တစ်ခုလည်းဖြစ်၏။ ရန်ကုန်မြို့တွင် ရွှေရောင်တဝင်းဝင်းဖြင့် တင့်တယ်စွာ တည်ရှိနေသော ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မရေတွက်နိူင်သော ဗုဒ္ဓဘာသာဝင် အများစုကြီး၏ ကြည်ညိုဦးခိုက်ရာ စေတီတော်မြတ်ကြီး  ဖြစ်နေပေသည်။ ဤစေတီတော်မြတ်ကြီးကို မြန်မာနိုင်ငံတစ်ဝန်းမှ ဘုရားဖူးများ အပြင် အိန္ဒိယ၊ သီဟိုဠိ၊ ကမ္ဘောဒီးယားနှင့် တရုတ်ပြည်တို့မှ ဘုရားဖူးအများအပြား လာရောက်ဖူးမြော်နေကြရ၏။ ယခုကား ဤစေတီတော်မြတ်ကြီးကို ဆုံးရှုံးလက်လွှတ်ခဲ့ကြရပြီ။ 
ရန်ကုန်မြို့တွင် ဗြိတိသျှကုန်သည်ကြီးတို့သာလျှင် မိမိတို့ စီးပွားရေး လုပ်ငန်းများကို ခိုင်မာစွာ အခြေချ ဆောင်ရွက်နေကြ၏။ မြန်မာ့နယ်မြေမှ ပြည်သူလူထု အများတို့သည် ပဲခူးနှင့် တနင်္သာရီ ဒေသများဆီသို့ ပြောင်းရွေ့သွားကြရင်း မင်းတုန်းမင်း၏ နိုင်ငံတော်ကို စွန့်ခွာလျက် ရှိကြပေသည်။

ထိုအခြေအနေသစ်များကို မင်းတုန်းမင်းသည် မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ထိန်းသိမ်း ဆောင်ရွက် ရတော့မည် ဖြစ်၏။
မင်းတုန်းမင်းကား ဗြိတိသျှတို့ကို အလွန်မုန်းတီးသူဖြစ်၏။ သူသည် မိမိ၏ နယ်မြေပိုင်နက်များ ဆုံးရှုံးခဲ့ရပြီဟု ဝန်ခံသော စစ်ပြေငြိမ်း စာချုပ်ကို ချုပ်ဆိုရန် ဆန္ဒမရှိချေ။ သို့သော် မိမိ၏ လက်ငင်းအခြေအနေကို နားလည်သည်။ ဆုံးရှုံးပြီးခဲ့သော မိမိ ပိုင်နက်နယ်မြေတို့ကို ပြန်လည်သိမ်းပိုက်နိူင်ရန်မှာ လက်နက်အင်အား တောင့်တင်းခိုင်မာအောင် ပြုပြင်ကြိုးပမ်းရဦးမည်ကို ရိပ်စားမိ၏။ သူသည် ဗြိတိသျှအမှုထမ်းများကို မိမိ၏ နိူင်ငံတော် အတွင်းသို့ ဝင်ထွက်သွားလာခွင့် ပြုထား၏။ စစ်ပြေငြိမ်း စာချုပ်ကို ချုပ်ဆိုရန် သူဆန္ဒမရှိသော်လည်း ဗြိတိသျှတို့ သတ်မှတ်ထားသော နယ်နိမိတ်ကိုမူ လက်ခံထားပေသည်။

အမရပူရရွှေနန်းတွင် စံမြန်းနေစဉ် မင်းတုန်းမင်းကြီးသည် ရန်ကုန်မြို့၏ တိုးတက်ဖွံ့ဖြိုးလာပုံများကို ကြားသိနေရ၏။ သက်ငယ်မိုးနှင့် ကျူထရံ ကာထားသော ခေတ်ဟောင်းက တဲငယ်များ နေရာတွင် လှပသော အဆောက်အအုံသစ်များ ဆောက်လုပ်နေပြီး ကျယ်ဝန်းသော လမ်းမကြီးများ ဖောက်လုပ်ထားကြောင်း သတင်းများသည် အမရပူရ ရွှေနန်းသို့တိုင် လွင့်ပျံလာပေသည်။ 
ဤတွင် မင်းတုန်းမင်းကြီးသည် မိမိလည်း မြို့တော်သစ် တည်ထောင်ရန် အကြံဖြစ်ပေါ်လာ၏။ ပြိုကျနွမ်းပါးနေသော နိူင်ငံတော်၏ သိက္ခာကို ပြန်လည် ဆယ်တင်နိူင်ရန်အတွက် ရှေးဘိုးဘေးတို့ ခေတ်ကထက် ထည်ဝါခံ့ညားသော နေပြည်တော်ကို မိမိတည်ဆောက်မည်။ ဤသို့ဖြင့် မိမိနာမည်သည် သမိုင်းတွင် မော်ကွန်းထိုး ကျန်ရစ်မည်ဟု သူ မျှော်လင့်လေသည်။ မိမိတည်ထောင်မည့် မြို့တော်သစ်ကို ရတနာပုံနေပြည်တော်ဟု ခေါ်တွင်စေရမည်။ ဤကား သူ့ရင်တွင်းမှ ပေါ်ထွက်လာသော ဆန္ဒတည်း။ 

ထို့ကြောင့်ပင် ဘာသာရေး ခေါင်းဆောင်များကို ခေါ်ယူစည်းဝေးပြီး အဆောက်အအုံများ ဆောက်လုပ်ရန် တိုင်ပင် ဆွေးနွေးစေသည်။ မန္တလေးတောင်မှာ အတိတ်ကောင်း နိမိတ်ကောင်းဖြင့် ပြည့်စုံသည်ဟု ယခင်ကပင် အယူတော်မင်္ဂလာ ရှိပြီးဖြစ်၏။ မင်းတုန်းမင်းကလည်း မိမိ၏ အိမ်မက်များတွင် မန္တလေးတောင်ကို အမြဲမြင်နေကြောင်း မိန့်ကြားသည်။ ယင်းသို့ဖြင့် ဘုရင့်အိမ်မက်နှင့် အတူ ဆရာတော်၊ သံဃာတော်များ၊ နိမိတ်ဖတ်ဆရာများ၊ ဘုရင့်မှူးကြီးမတ်ကြီးများ၏ စုပေါင်းဆုံးဖြတ်ချက်တစ်ရပ် ပေါ်ထွက်လာသည်။
“ မန္တလေးတောင်နှင့် ဧရာဝတီမြစ်အကြား ဒေသတွင် ရတနာပုံနေပြည်တော်သစ်ကို တည်ပြုစေ”
သို့သော် နေပြည်တော်ကို မြစ်ဖက်သို့ လွန်စွာ မနီးကပ်စေနှင့်။ အမရပူရနေပြည်တော်တွင် နန်းစံခဲ့စဉ် ဧရာဝတီဖလုတ်တီလာ မီးသင်္ဘောများ၏ ဥသြသံသည် အောက်မြန်မာပြည်၌ ဗြိတိသျှအစိုးရတို့ ရှိနေကြောင်း သတိပေးနေသလိုလို။ ထို့ကြောင့် မကြားလိုပြီ။ နေပြည်တော်ကို မြစ်ဘက်သို့ နီးနီး မဆောက်မိစေရန် သတိပြုကြရမည်။ 

အမှန်ဆိုသော် မြို့တော်သစ်တစ်ခု တည်ဆောက်ရန် ဆိုသည်မှာ လွယ်ကူပေါ့ပါးသော ကိစ္စကားမဟုတ်။ အုပ်ချုပ်ရေးဆိုင်ရာ လွှတ်တော်ရုံးတော်များကိုသာ ရွေ့ပြောင်းသည် မဟုတ်သေး။ အမရပူရ မင်းနေပြည်ရှိ မြို့တော်သူ၊ မြို့တော်သား တစ်သိန်းငါးသောင်းတို့ကိုလည်း သယ်ပို့ပေးရဦးမည် ဖြစ်သည်။ ဘုရင့်နန်းတော်နှင့် အတူ ဘုရားစေတီတော်များ ဈေးများကိုလည်း စနစ်တကျ တည်ဆောက်ရဦးမည်။ 

ဤတွင် မန္တလေးရတနာပုံ နေပြည်တော်ကို စတင်၍ တည်ဆောက်ရသည်။ နေပြည်တော်မှာ ရှေးဟောင်းနေပြည်တော်အသွင်အတိုင်းဖြစ်၏။ နေပြည်တော်၏ အလယ်ဗဟိုတွင် နန်းတော်ရှိသည်။ နန်းတော်ကို ခံတပ်နှစ်ခုက ရံတားထားသည်။ ယင်းပတ်ပတ်လည်ကမှ တပ်မတော်သားတို့၏ နေအိမ်များ၊ ရုံးတော်လွှတ်တော် ဝန်ကြီးများ၊ အမှုထမ်းများ၏ နေအိမ်များ ပါရှိသည်။ ယင်းတို့၏ ပတ်ပတ်လည်တွင်ကား နန်းမြို့ရိုးရှိသည်။ မြို့ရိုးအပြင်မှာ ကျုံးဖြင့်ကာရံထား၏ ကျုံးတူးဖောက်ကာရံထားခြင်းဖြင့် တိုင်းခြားရန်သူတို့၏ ရန်မှ ကာကွယ်ထားပြီး ဖြစ်နေမည်။ ထို့ပြင် သစ်သား၊ ဝါး၊ ထရံတို့ဖြင့် ဆောက်လုပ်ထားသော ပြည်သူတို့၏ အိုးအိမ်များနှင့် ဤနန်းတော်သည် တသီးတခြား ကာဆီးထားပြီးလည်း ဖြစ်ပေတော့မည်။
 
မင်းတုန်းမင်းသည် ကိုးကွယ်အပ်သော သံဃာတော်တို့၏ သြဝါဒကို ပစ်ပယ်၍ ဘယ်တော့မှ ဆောင်ရွက်လေ့ မရှိပေ။ ဆရာတော်များက နန်းပန္နက်ရိုက်ရမည့် နေ့ရက်၊ မင်္ဂလာ ယူရမည့် အနေအထားနှင့် ဘာသာရေး ကျောင်းဇရပ်များ ဆောက်လုပ်ရေးအတွက် အကြံဉာဏ်သြဝါဒများ ပေးကြသည်။ ထို့ပြင် ဘိုးဘေးရွှေနန်းသုံး ဓလေ့ထုံးစံများနှင့် အညီ ဆောင်ရွက်ရမည်ကိုလည်း ညွှန်ပြကြပေသည်။ 

၁၈၅၇ ခုနစ်၊ ဇွန်လတွင် မင်းတုန်းမင်းကြီးသည် နေပြည်တော်သစ်သို့ စတင် ပြောင်းရွေ့လေသည်။ ရှည်လျားလှသော ဆင်တန်းကြီးနှင့် အတူ ရွှေဝါရောင်သင်္ကန်းများ ဆင်းမြန်းထားသော သံဃာတော်များ ပါရှိလာသည်။ ထို့နောက်တွင် နွားလှည်းများပေါ်၌ ပိုးဖဲကတ္တီပါများ ဆင်ယင်ထားသော မိဖုရားများနှင့် မင်းသမီးများ ပါလာကြ၏။ လယ်ကွင်းများကို ဖြတ်သန်းလျက် ပြောင်းရွေ့ထွက်ခွာလာသူတို့သည် နှင်းဆီနီရောင် ဆေးသုတ်ထားသော နေပြည်တော်သစ်၏ မြို့ရိုးဆီသို့ ဦးတည်၍ လာလျက်ရှိကြပေသည်။ လင်းကွင်းနှင့် နှဲသံများ ဆူဆူညံညံ တီးမှုတ်လျက် ရှိစဉ်ကြိုက်ဝယ် မင်းတုန်းမင်းဘုရင်မင်းမြတ်သည် ရတနာခုနစ်ပါး စီခြယ်ပြီး ထီးဖြူများ ဖြန့်ကြက်ကာမိုးထားသော ဆင်ထက်ဝယ် စီးနင်း လိုက်ပါလာလေသည်။ 

မန္တလေးသို့ ရောက်သောအခါတွင် မင်းတုန်းမင်းသည် ယာယီစံနန်း၌ ခေတ္တစံမြန်း နေထိုင်ရသည်။ နေပြည်တော်သစ်မှာ တည်၍မပြီးသေး။ သို့သော် ဘုရင်မင်းမြတ်ကိုယ်တိုင် အပူတပြင်း ဆောက်လုပ်၍ ထင်၏။ နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ မကြာမီ အကောင်အထည် ပေါ်လာသည်။ မြို့ရိုးများသည် တဖြေးဖြေး မြင့်တက်လာ၏။ နန်းမြို့ရိုးကို တံခါး ၁၂ခု ကာရံထား၏။ မြို့ရိုးတစ်ဖက်စီတွင် တံခါး သုံးခုစီ ရှိသည်။ ဤတံခါးများမှာ မကြာမီ အားလုံး ပြီးစီးသွားကြပြီ။ 

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts