ဘုရင့်ရွှေမြို့တော်

ဘုရင့်ရွှေမြို့တော် (ဇာတ်သိမ်း)

နန်းတော်ကို တည်ဆောက်နေစဉ်အတွင်း အမေရိကန်ပြည်မှ သံအဖွဲ့ တစ်ဖွဲ့သည် ရတနာပုံ နေပြည်တော်သို့ ရောက်လာ၏။ အမှန်ဆိုသော် တခြားကမ္ဘာမှ ဧည့်သည် လူစိမ်းများအဖို့ နန်းတော်အတွင်းပိုင်း ဒေသများကို ကြည့်ရှုနိူင်ရန် အခွင့်အရေး လုံးဝမရှိပေ။ သို့သော် ဘုရင့်မှူးမတ်များက မိမိတို့၏ ဆောက်လုပ်မှု အနုပညာကို ဂုဏ်ယူစွာ ပြသလိုကြသည်။ အမေရိကန် ဧည့်သည်များသည် သူတို့နိူင်ငံမှ ဗိသုကာပညာနှင့် ဤနိူင်ငံ၏ ဗိသုကာပညာကို နှိုင်းယှဉ် သိရှိသွားနိူင်ကြမည်။ 

ရွှေပိန်းချ ကျွန်းလုံးတိုင်ကြီးများ၊ ယွန်းအနုပညာ မွမ်းထားသော လက်ရာကောင်း လက်ရာမွန်များဖြင့် ဆောက်လုပ် သွယ်တန်းထားသော အဆောင်များ စသည်တို့ကို ပြသလိုကြသည်။ နန်းတော်၏ တံစက်မြိတ်နှင့် စုလစ်မွန်းချွန်ဖြင့် ပြီးသော ပြာသာဒ်ဆောင်တို့မှာ ပန်းပုံစံ၊ တိရစ္ဆာန် အမျိုးမျိုး၏ ပုံသဏ္ဍာန်များ ဖြစ်အောင် ထုလုပ်၍ တပ်ဆင်ထား၏။ ယင်းတို့ကို တောက်ပ ပြောင်လက်သော ရွှေနှင့် ဟင်္သာပြဒါးရောင်လွှမ်းသော ယွန်းအနုပညာဖြင့် ထုလုပ်ထားခြင်း ဖြစ်ပေသည်။ ထို့ပြင် အရောင်အမျိုးမျိုးရှိသော မှန်ကွက်ကလေးများနှင့် မှန်စီရွှေချထားသည်များလည်း ရှိ၏။ နန်းတော်အတွင်း ခန်းမဆောင်ရှိ အတော်များများသော ပစ္စည်းများနှင့် ကျွန်းတိုင်များ၊ ပလ္လင်များမှာမူ အမရပူရမှ သယ်ယူရွေ့ပြောင်းလာခဲ့ခြင်း ဖြစ်ပေ၏။ 

မင်းတုန်းမင်းသည် အမေရိကန် ဧည့်သည်တော်များကို သူ၏ ယာယီစံနန်းတော်တွင် လက်ခံ တွေ့ဆုံလေသည်။ ရွှေသလွန်ထက်ပေါ်တွင် လက်ထောက်မှီလျောင်းနေသော မင်းတုန်းမင်းသည် မိမိရှေ့ကြမ်းပြင်ပေါ်၌ တုပ်ကွ ခစားနေကြသော ဧည့်သည်များကို ခံ့ခံ့ညားညား ဧည့်ခံနှုတ်ဆက်လေသည်။ စကားပြန်တစ်ဦးမှ တစ်ဆင့် အမေရိကန်ပြည်အကြောင်းကို ဘုရင်မင်းမြတ်က မေးမြန်းနေ၏။ ထို့နောက် သူတို့၏ ဘာသာရေးအမြင်နှင့် ဗုဒ္ဓဘာသာအပေါ် မည်သို့ သဘောထားသည်ကိုပါ မေးမြန်းခဲ့လေသည်။ အမေရိကန် ဧည့်သည်တော်များ ဆက်သလာသော ပဏ္ဏာလက်ဆောင်များ အတွက်လည်း မင်းတုန်းမင်းဘုရင်က ကျေးဇူးစကား ဆိုလိုက်သေးသည်။ သည့်နောက် အမေရိကန် သံအဖွဲ့ဝင် မစ္စတာမက်ကားတစ်နှင့် အဖွဲ့ဝင်များကို ဝန်ကြီးတစ်ဦးက ဦးဆောင်၍ ဘုရင့်အဖိုးတန် ရတနာပစ္စည်းများကို ပြသလေသည်။ ကမ္ဘာကို ဖြတ်သန်း၍ ခရီးထွက်ခဲ့ကြသော အမေရိကန် သံအဖွဲ့ဝင်တို့မှာ မြန်မာတို့ တန်ဖိုးထားသော အလှအပ ရတနာပစ္စည်းများကို ကြည့်ရှုရင်း မိမိတို့သည် ရာစုနှစ်ပေါင်းများစွာ ခေတ်နောက်ကျသော နိူင်ငံတစ်နိူင်ငံသို့ ရောက်နေကြောင်း သတိပြုမိလိုက်ကြ၏။ 

သံအဖွဲ့ဝင်များကို ဦးဆောင်ပြသနေသူက ဆင်ဖြူတော်ကို မပြနိူင်ခြင်းကြောင့် နှမြောတသ ဖြစ်နေရကြောင်း ပြောပြနေသည်။ မြန်မာဘုရင်များအဖို့ ဆင်ဖြူတော် ပိုင်ဆိုင်ရရှိရေးမှာ အလွန် အရေးပါသော ကိစ္စတစ်ရပ် ဖြစ်သည်။ မင်းတုန်းမင်းဘုရင်သည်ပင် အမရပူရရွှေနန်းတွင် စိုးစံစဉ်က ဆင်ဖြူတော် တစ်စီး ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ယင်းဆင်ဖြူတော်မှာ အသက်ကြီးပြီဖြစ်၍ မန္တလေးသို့ မရွေ့ပြောင်းမီပင် ကွယ်လွန်သွားခဲ့သည်။

ဆင်ဖြူတော် ကွယ်လွန် အနိစ္စရောက်ရှိရာတွင် နိူင်ငံတော် ဈာပနအဖြစ် အသိအမှတ်ပြုလျက် ထီးဖြူမိုးကာ၍ ဖုတ်ကြည်း သဂြိုလ်ခဲ့ကြလေသည်။ ဆင်ဖြူတော်၏ အရိုးပြာကို အရိုးအိုးတွင် ထည့်လျက် စေတီတစ်ဆူ၌ ဌာပနာခဲ့လေသည်။ ယင်းဆင်ဖြူတော်မှာ မင်းတုန်းမင်း၏ အဘိုးတော်သော ဘိုးတော်ဘုရား မင်းတရားရှိစဉ်ကပင် နေပြည်တော်သို့ လာရောက် ဆက်သ၍ ရရှိထားခြင်း ဖြစ်ပေရာ ဆင်ဖြူတော် ကွယ်လွန်အနိစ္စ ရောက်ရှိခြင်းကို ပြည်သူလူထုတစ်ရပ်လုံးကပင် ဝမ်းနည်းပူဆွေးမဆုံး ဖြစ်နေကြတော့သည်။ 
မင်းတုန်းမင်းသည် ကွယ်လွန်သွားသော ဆင်ဖြူတော် နေရာတွင် အစားထိုးနိူင်ရန် ဆင်ဖြူတော် ရှာဖွေဖို့ အမိန့်ထုတ်သည်။ ထို့ကြောင့် မြန်မာပြည် အရပ်ရပ်ရှိ သစ်တောများသို့ ဆင်ဖြူတော် ရှာပုံတော် ဖွင့်ခဲ့ကြသည်။ အမေရိကန် ဧည့်သည်တော်များ ပြန်သွားတော့မှပင် ဆင်ဖြူတော်တစ်စီးကို နယ်စားတစ်ဦး၏ တပည့်များက ချင်းတွင်းသစ်တောတွင်းမှ ဖမ်းယူရရှိခဲ့ကြ၏။ အမှန်သော် မည်သည့်ဆင်ဖြူတော်မှ လုံးလုံးမဖြူချေ။ သို့သော် ဆင်ဖြူတော်၏ ကြင်အင်လက္ခဏာများကို သတ်မှတ်ပြီး ရှိနေ၏။ သာမန်ဆင်၏ နောက်ခြေထောက်တွင် ခြေချောင်းကလေးများ လေးချောင်းရှိရမည့်အစား ဆင်ဖြူတော်၏ နောက်ခြေထောက်တွင် ခြေချောင်းကလေး ငါးချောင်းပါရမည်။ သာမန်ဆင်များ၏ ကိုယ်ပေါ်သို့ ရေလောင်းချလျှင် အနက်ရောင်သာရှိမည့်အစား ဆင်ဖြူတော်၏ ကိုယ်ပေါ်သို့ ရေလောင်းချလျှင် အနီရောင်သို့ ပြောင်းလဲသွားရမည်။ ဆင်ဖြူတော်၏ မျက်လုံးမှာ အဝါရောင်ဖြစ်၍ အနီရောင်မျက်ရစ်ဝန်း ပါရှိရမည် ဖြစ်၏။ 

ယခု ဖမ်းဆီးမိသော ဆင်ဖြူတော်မှာ ဆင်ဖြူတော်ကြင်အင် လက္ခဏာများနှင့် ပြည့်စုံသော်လည်း အသားရောင်မှာ ညိုပြာပြာ ဖြစ်နေပေသည်။ အစွယ်များမှာမူ ရှည်လျားပြီး လှပတင့်တယ်လှပေသည်။ ဆင်ဖြူတော်ကို မန္တလေးနေပြည်တော်သို့ ကြီးစွာသော အခမ်းအနားဖြင့် ပို့ဆောင်ပြီး မင်းတုန်းမင်း၏ နန်းမြို့ရိုးအတွင်းရှိ ဆန်နန်းတွင် ထားရှိကြ၏။ ဆင်ဖြူကို ထိန်းသိမ်းစောင့်ရှောက်ရန် ဝန်ကြီးတစ်ဦး ခန့်ထားပြီးလျှင် ဆင်ဖြူတော်ကို နယ်စား ရွာစားတစ်ဦးအဖြစ် သတ်မှတ်၍ သီးသန့် နယ်တစ်နယ်ကို စားခွင့်ပေးထားလေသည်။ 

ဆင်ဖြူတော် ရောက်ရှိလာပြီးနောက် မိန်းမများသည် ဆင်ဖြူတော်ကို နို့တိုက်ပြုစုရသည်။ မိန်းမများသည် ဆင်ဖြူတော်ကို နို့ချိုတိုက်ကျွေးရန် နံနက်တိုင်းပင် စီတန်းလျက် စောင့်ဆိုင်းနေရ၏။ ဆင်ဖြူတော်ကို နို့တိုက်ခွင့်ရသော မိန်းမများမှာ အလွန်ဂုဏ်ရှိသည်ဟု မှတ်ယူကြပေသည်။ ထို့ကြောင့် မိန်းမများသည် နန်းတော်သို့ သူ့ထက်ငါ လာရောက်၍ ဆင်ဖြူတော်ကို နို့တိုက်ခွင့်ရရန် ကြိုးပမ်းကြ၏။ ဆင်ဖြူတော်၏ ကကြိုးတန်ဆာများမှာ ရှင်ဘုရင်ကဲ့သို့ ခြယ်သထားပေသည်။ သူ၏ ဦးကင်းထိပ်တွင် ကျောက်သံပတ္တမြားတို့ဖြင့် စီခြယ်ထား၏။ ဆင်ဖြူတော်၏ နဖူးပြင်တွင် ဆွဲထားသော ရွေပြား၌ ရှည်လျားများပြားလှသည့် ဆင်ဖြူတော်၏ ဂုဏ်ထူးဘွဲ့များကို ရေးထိုးထားသည်။ သူ၏ ကကြိုးတန်ဆာမှာ အနီရောင်ဖြစ်ပြီး ရွှေပွင့်များ ချိတ်ဆွဲထား၏။ ရှည်လျားသွယ်ပျောင်းသော နှာမောင်းကိုမူ ပန်းထိမ်လက်ရာ အကောင်းဆုံးဖြင့် မွမ်းမံပြုလုပ်ထားသော ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားပေသည်။ ဘုရင်များမှ အသုံးပြုခွင့်ရသော ထီးဖြူကို ဆင်ဖြူတော်အား ချီးမြှင့် ပေးအပ်ထားခြင်းမှာကား ထူးခြားလှတော့သည်။ 

တစ်ကြိမ်တွင် ဆင်ဖြူတော်နှင့် ပတ်သတ်၍ မင်းတုန်းမင်းဘုရားကြီးစိတ်တွင် ကသိကအောက် ဖြစ်ရသေးသည်။ အခမ်းအနားသဘင် တစ်ခု၌ ဆင်ဖြူတော်သည် အိန္ဒိယ အမျိုးသား မင်းမှုထမ်း တစ်ဦးကို နင်း၍ သတ်လိုက်၏။ ထိုသတင်းကို မင်းတုန်းမင်းတရားကြီး ကြားသိတော်မူသောအခါတွင် ဆင်ဖြူတော်၏ ဂုဏ်အင်နှင့် ပတ်သတ်၍ အထင်တကြီး ရှိခဲ့သော မင်းတုန်းမင်း၏ သဘောထားများမှာ များစွာ လျော့ပါးသွားပြီး စိတ်ပျက်အားငယ် ဖြစ်ခဲ့လေသည်။
 
ဤတွင် မင်းတုန်းမင်းကြီးအား ဝိုင်းဝန်းနှစ်သိမ့်ကြရသည်။ ထိုသို့ နှစ်သိမ့်ဖျောင်းဖျသူများက ဆင်ဖြူတော် နင်း၍ သေရသူမှာ မြန်မာမဟုတ်၊ နိူင်ငံခြားသား တစ်ဦးမျှသာ ဖြစ်၍ ဘုရင်မင်းမြတ် စိတ်ပျက်အားငယ် မဖြစ်သင့်ပါကြောင်း တင်လျှောက်ကြသောကြောင့် မင်းကြီးမှာ အနည်းငယ် စိတ်ဖြေစရာ ရသွားခဲ့ပေသည်။

နန်းတော်တွင်း၌ ဆင်ဖြူတော် ရောက်ရှိလာခဲ့ခြင်းကြောင့် မန္တလေးမြို့တော်မှာ မင်းနေပြည်၏ ကြင်အင်လက္ခဏာများနှင့် ပြည့်စုံလာပြီး မင်းတုန်းမင်းကြီးမှာလည်း ဆင်ဖြူတော်အတွက် ဂုဏ်ယူနိူင်ခွင့် ရလာခဲ့ပေပြီ။ သရက်နှင့် တောင်သူမြို့များ၏ ဟိုမှာဘက် နယ်မြေရှိ အင်္ဂလိပ်စစ်သားများသည် မြန်မာမင်း၏ နယ်မြေနှင့် အင်္ဂလိပ် အစိုးရ၏ နယ်မြေများကို နယ်စပ်မှ နေ၍ ခွဲခြားထားကြ၏။ တစ်ဖက် နယ်မြေသည်ကား ကုလားဖြူ တပ်သားတို့၏ ပိုင်နက်ဖြစ်ကြောင်း သူတို့က သက်သေပြနေကြပေသည်။ 
တစ်ချိန်တွင်တော့ နယ်စပ်ဒေသမှ ဗြိတိသျှတပ်များ ဆုတ်ခွာသွားရေးအတွက် ဖျောင်းဖျရနိူင် ကောင်းပါရဲ့။ ယင်းသို့ မင်းတုန်းမင်းဘုရင် တွေးမိသည်။ သို့သော် အတွေးသည် အတွေးမျှသာ။ ကိုယ့်ဘာသာကိုယ် ထားရှိသော မျှော်လင့်ချက် ရောင်ခြည်မျှင်ကလေးမျှသာ ဖြစ်သည်။ အကြောင်းသော်မူ အိန္ဒိယကိုကြည့်။ အိန္ဒိယပြည်ကြီးသည် ဗြိတိသျှတို့ လက်ထဲသို့ ရောက်နေသည်မှာ ကြာပြီ။ အိန္ဒိယမှ သူတို့ ဆုတ်ခွာပေးမည့် အရိပ်အယောင်မျှ မတွေ့ရသေးဘူး မဟုတ်လား။ 

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts