ဘဝရဲ့ အကြီးဆုံးထောင်ချောက်ကို ရှောင်ကြဉ်ခြင်း

ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 5)

“ဘယ်ကွာ။ အဲဒီလိုကျတော့လည်း အချိန်တွေ အလကားဖြုန်းရာ ရောက်သွားမှာပေါ့။ စိတ်လှုပ်ရှားခံစားမှုဆိုတာက တို့ကို လူပီသအောင် ဖန်တီးပေးတဲ့ အရာပဲ။ တို့ကို ‘လူဆိုမှ လူ တကယ့်လူ’ ဖြစ်အောင် လုပ်ပေးတာ။ စိတ်လှုပ်ရှားခံစားမှုဆိုတဲ့ စကားလုံးကိုက တက်ကြွလှုပ်ရှားရာက ပေါ်လာတဲ့ စွမ်းအားအတွက် သုံးတာပဲ။ မင်းရဲ့ စိတ်လှုပ်ရှားခံစားမှုအပေါ်မှာတော့ ဖြောင့်မတ်မှန်ကန်ရလိမ့်မယ်။ မင်းရဲ့ စိတ်ရင်းနဲ့ စိတ်ခံစားမှုတွေကို ဦးစားပေးရမယ်။ မင်းကိုယ်မင်း မဆန့်ကျင်ရဘူး”

“ဝှူး” မိုက်က သက်ပြင်းချလိုက်ပါတယ်။

“ခုလောလောဆယ် ငါပြောတာတွေ နားမလည်ရကောင်းလားလို့တော့ စိတ်ဓာတ်မကျလိုက်ပါနဲ့။ နောက်ပိုင်း နှစ်တွေကြာလာတဲ့အခါ ပိုသိလိမ့်မယ်။ မင်းရဲ့ စိတ်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ လေ့လာသူသာ ဖြစ်ပါစေ။ တုံ့ပြန်လိုက်လုပ်သူ မဖြစ်စေနဲ့။ မင်းဟာ မင်းအဖြေရှာပြီး တွေးတတ်ဖို့သာ ဂရုစိုက်သင်ကြားပါ

သူဌေးဖေဖေ တစ်ဆက်တည်းပြောပြတာက… “ငါ့အနေနဲ့ ငွေရဲ့ တန်ခိုးစွမ်းအားကို အုပ်စိုးနိုင်တဲ့ပညာသာ မင်းတို့ကို သင်ပေးချင်တာ။ အဲဒီ အတွက် ဘာမှ ကြောက်စရာမလိုဘူး။ ဒီအကြောင်းလည်း မင်းတို့ကျောင်းမှာ သင်ပေးတာ မဟုတ်ဘူး။ ဒီပညာ မတတ်ရင် မင်းတို့ ငွေကျွန် ဖြစ်သွားမှာပဲ။ မင်းတို့သိတဲ့အတိုင်း တို့အားလုံးဟာ အလုပ်သမားတွေချည်းပဲ။ ကိုယ့်အဆင့်နှင့် ကိုယ် အလုပ်လုပ်နေကြရတာ ဆိုပါတော့။ ငါက သားတို့ကို ထောင်ချောက်ကို ရှောင်တတ်တဲ့ အခွင့်အရေးမျိုး ပေးချင်တယ်။ ကြောက်ရွံ့မှုနဲ့ လောဘရမ္မက်ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေကို အပြတ်မဆန့်ကျင်ဘဲ အလိုက်သင့်လေး အသုံးချတတ်ရမယ်။ ဒါ မင်းတို့ကို ငါသင်ပေးချင်တဲ့ အချက်ပဲပေါ့။ ငွေတွေ အပုံလိုက် အောတိုက်ဝင်အောင် လုပ်ဖို့ချည်း သင်မပေးချင်ဘူး။ အဲဒါက ကြောက်ရွံ့စိုးရိမ်စိတ်နဲ့ လောဘရမ္မက်ကို အဦးဆုံးမထိန်းနိုင်ရင် မင်းချမ်းသာပြီဆိုတဲ့တိုင်အောင် လခကြီးစားကျွန်ကြီး ဖြစ်ရုံပဲရှိမှာ။”

“ဒါနဲ့ ကျွန်တော်တို့က အဲဒီထောင်ချောက်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင်ရှောင်ရမလဲ”

ကျွန်တော်က‌ မေးတော့ သူဌေးဖေဖေရဲ့ အဖြေက…

“ဆင်းရဲမွဲတေခြင်းနဲ့ ငွေကြေး အကြပ်အတည်းကြုံရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ စိုးရိမ်ကြောက်လန့်မှုနဲ့ မသိနားမလည်မှု (အသိတရားခေါင်းပါးမှု)တွေသာ ဖြစ်ပြီး၊ ကိုယ်မွှေးတဲ့မီးက ကိုယ့် ပြန်လောင်သလို ကိုယ့်ရင်ထဲက စိုးရိမ်မှုနဲ့ မသိမသာဆိုးဝါးမှုက လူတွေကို ထောင်ချောက်ထဲ ပိတ်ဖမ်းတာပဲ။ ဒီတော့ ခုတော့ သားတို့ ကျောင်းပြန်တက်ကြပြီး တက္ကသိုလ်က ဘွဲ့တွေ ယူလိုက်ဦး။ ဒီကြားထဲမှာ ဒီထောင်ချောက်က လွတ်အောင် နေနိုင်တဲ့ ပညာတွေ ဖေဖေဆက်သင်ပေးမယ်”

ဆက်လက်ဖတ်ရှုရန် >> ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 6)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts