တိတ်ဆိတ်သောအချိန်

တိတ်ဆိတ်သောအချိန် (Part 2)

ဆူညံသံတွေဟာ အကြီးအကျယ်စိတ် နောက်ကျိ ရှုပ်ထွေးမှုကို ဖြစ်စေနိုင်ပါတယ်။ ရေးနေချိန်မှာတောင် ငိုချင်ပါတယ်နော်။ မိသားစုထဲမှာ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်တွယ်ငြိမှုတွေ အရမ်းများနေကြပါတယ်။ ညနေဘက် တိမ်တွေတောက်နေတယ်… လာကြည့်ပါဦး။ ဒီည လသာတယ်…တက်လာကြည့်ပါဦးဆိုတာ…ကိုယ်ကပဲ စပြောရတယ်။

မိသားစု ခေါင်မိုးမှာ အတူထိုင်ချင်လို့ ခုံလေးခုံဝယ်လာတယ်။ ခုံသာဆွေးသွားတယ်။ တစ်ခါမှကို မထိုင်လိုက်ရဘူး။ အမေ အပြင်မှာ လမ်းလျှောက်ပါဦးဆိုရင် ၁၀မိနစ်က အလွန်ဆုံးပဲ…။ မောင်လေးလည်း အိမ်ခေါင်မိုးပေါ်တက်လာရင် လက်ထဲမှာ ဖုန်းကပါလာတာပဲ…။

ကျွန်မကို ဖုန်းဆက်ကြသူတွေ တချို့က ဖုန်းမကိုင်ဘူးလို့ ပြောတတ်ကြပါတယ်။ ဘယ်ကိုင်မလဲ…။ ဖုန်းက တစ်နေ့ကို နာရီအတော်များများ အသံပိတ်ထားလို့ပဲ ဖြစ်ပါတယ်။

အတွင်းရော… အပြင်ရော ဆူညံရှုပ်ထွေးနေတဲ့ လောကကြီးထဲမှာ…တိတ်ဆိတ်အေးချမ်းမှုဆိုတာ တမင်တကာ လိုက်ရှာလို့ရတဲ့ တန်ဖိုးကြီး အရာတစ်ခုဖြစ်နေခဲ့ပါပြီ။ နောက်ဆုံး ကျွန်မ ကိုယ်နေလို့ကောင်းမဲ့ နေရာလေးကိုပဲ… ကိုယ်ဘာကိုယ် ဖန်တီးရှာကြံနေလိုက်ပါတော့တယ်။

ခွေးလေး သုံးကောင်နဲ့ ကျွန်မကတစ်ဖွဲ့… နေကြပါတယ်။ ကျွန်မတို့က သဘာဝတရားကို ချစ်တယ်…။ မြေကြီးပေါ်ထိုင်ချင်တယ်။ အပြင်ထွက်… ပြေးချင်တယ်။ လိပ်ပြာတွေ၊ ငှက်ကလေးတွေကို ကြည့်ရတာကြိုက်တယ်။

တစ်နေ့တာ အမောအပန်းတွေ ပြေပျောက်ချင်တယ်ဆိုရင် သဘာဝတရားနဲ့ နီးကပ်စွာနေပေးပါ။ Air Con က ထွက်နေတဲ့လေနဲ့ ရေကန်နားက ဖြတ်လာတဲ့လေဟာ စိုမြ လန်းဆန်းမှုခြင်း မတူနိုင်ပါဘူး…။ လမ်းလျှောက်စက်ပေါ်ပြေးနေတာထက် အပြင်မှာ လမ်းထွက်လျှောက်တာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။

အပြင်ကို ခဏခဏ ထွက်ပါ…။ ဖုန်းကို ကြည့်နေတာထက်အပြင်က လူတွေကိုကြည့်ပါ။ စကားပြောပါ…။ ဆက်သွယ်ပါ…။ တစ်နေရာ ရောက်ရင် ဓာတ်ပုံတွေ အများကြီး လျှောက်ရိုက်တာထက် သဘာဝကို ခံစားပါ။

လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးရဲ့ လှပမှုကစလို့ လောကရဲ့အလှတွေဖြစ်တဲ့ နေရောင်တွေ…၊ ရေရောင်တွေ…၊ တိမ်တွေ…၊ ကောင်းကင်တွေကို တစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါ…။

Mental Detox လုပ်တဲ့နေရာမှာ Quite Time ဆိုတာ လူတိုင်းလိုအပ်ပါတယ်။ ငြိမ်သက်တိတ်ဆိတ်ခြင်းနဲ့ စိတ်ရဲ့ အဆုံးမဲ့သော စွမ်းအားများကို ရှာဖွေ ခံစားနိုင်ကြပါစေ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts