ပြင်သစ်နိုင်ငံသည် နိုင်ငံရေး အရှုပ်တော်ပုံ အနည်းဆုံးတိုင်းပြည်ဟု ဆိုနိုင်သည့်အကြောင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ နိုင်ငံရေးတွင် ထိပ်တန်းရောက်လာသူများနှင့် လူမူရေးတွင် ထင်ရှားလာသူများကို တစ်လင်တစ်မယားစနစ်သာ ထားရန် တွန်းအားတွေ ပေးထားကြသည်။ နိုင်ငံရေးသမားတွေ အပျော်မယားနှင့် သားသမီးတွေ မထားနိုင်သောကြောင့်လည်း အရှုပ်တော် ပုံတွေ ကင်းသင့်သလောက် ကင်းနေသည်။ နောက်တစ်ချက်မှာ ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုတင်းကျပ် စွာ သတ်မှတ်ပေးထားသောကြောင့်ဖြစ်သည်။ နိုင်ငံရေး သမားတွေ၏ ပုဂ္ဂလိကရေးရာများကို သတင်းမီဒီယာများတွင် ရေးသားခွင့် ပေးမထားတာလည်း ပါသည်။ သို့ဖြစ်ရာ ပြင်သစ် တွင် အရှုပ်တော်ပုံများ ဖြစ်လာပီဆိုလျှင် စစ်တပ်နှင့် ပတ်သတ်နေသည်ကများသည်။ ပြင်သစ် တို့သည် အနုမြူဗုံးကို ထုတ်လုပ်နိုင်ခဲ့သဖြင့် မာန်တက်နေကြသည်။
သူတို့ အနုမြူဗုံး စမ်းသပ်နိုင်ရန်လည်း နိုင်ငံအတော်များများက အခွင့်အလမ်းတွေ ပေးလာကြသည်။ပြင်သစ်တို့က ပစိဖိတ်ကျွန်းငယ်လေးများတွင် သူတို့အနုမြူဗုံးကို ဖောက်ခွဲစမ်းသပ်ခွင့် ရသဖြင့် ဂုဏ်ယူနေကြသည်။ သူတို့ ထိုသို့ဂုဏ်ယူဝံကြွားနေချိန်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လှုပ်ရှားနေကြသူများ ဖြစ်ကြသည့် Green Peace အဖွဲ့အစည်းကတော့ စိတ်ပျက်နေကြသည်။ ၁၉၈၅ခုနှစ်တွင် Green Peace အဖွဲ့မှ ပြင်သစ်စစ်တပ်ကို အနှောင့်အယှက်ပေးရန် Rainbow Worrier ဆိုသည့် သင်္ဘောတစ်စီးကို ပြင်သစ်သို့ လွှတ်လိုက်သည်။ ပြင်သစ်ပိုင် ပိုလီနေးရှား ကျွန်းစုဝင် တစ်ကျွန်းဖြစ်သည့် မူရူရောကျွန်းတွင် ပြင်သစ်တို့၏ အနုမြူဗုံး စမ်းသပ်ရန် ပြင်ဆင်နေသောကြောင့် ဖြစ်သည်။
၁၉၈၅ ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့တွင် Rainbow Worrier သင်္ဘောကြီးသည် အော့ခ်လန်းဆိပ်ကမ်းမှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် သင်္ဘောပေါ်၌ ပြင်းထန်သည့် ပေါက်ကွဲမူကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ အဖွဲ့ဝင်တစ်ဦး သေဆုံးပီး သင်္ဘောကြီးလည်း နစ်မြုပ်သွားခဲ့သည်။ ပေါက်ကွဲမူမှာ ဗုံးတစ်လုံးကြောင့် ဖြစ်ကြောင်း နောက်ပိုင်းတွင် သိခဲ့ရသည်။ နောက်နှစ်ရက် အကြာတွင် နယူးဇီလန် ရဲတပ်ဖွဲ့မှ အေလီယံနှင့် ဆိုဖီတူရိန်းဆိုသူနှစ်ဦးကို သံသယဖြစ်စရာ လှုပ်ရှားမူများဖြင့် ဖမ်းလိုက်သည်။ သူတို့သည် ဆွစ် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များဖြစ်ပီး သူတို့ထံမှ ပြင်သစ်လျှို့ဝှက်တပ်ဖွဲ့နှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို ရှာတွေ့လိုက်သည်။ သူတို့နှစ်ဦးကို တာဝန်ပေးသူမှာ ပြင်သစ်စုံစမ်းရေးအဖွဲ့မှ အေလီယံ မားဖတ်နှင့် ဒိုမနစ် ပီရေးတို့ဖြစ်သည်။
သမ္မတ မီထရောင်းထံ သူတို့အကြောင်းကြားကြသည်။ သို့သော် သမ္မတလည်း ဘာမှမတတ်နိုင်၊ ပြဿနာကို အမြန်ပီးသွားစေလိုသည်။ သို့သော် ဩဂုတ်လ ၈ရက်နေ့တွင် ပြဿနာက အုံကြွလာသည်။ သူက ဝန်ကြီးချုပ် လော့ရင့် ဖားဘီးရပ်စ်ကို တွန်းအားတွေပေးကာ ဘားနက် ထရီကော့ ကြီးကြပ်မူဖြင့် စုံစမ်းစစ်ဆေးရန် တာဝန်ပေးလိုက်သည်။ မီထရောင်းက ဤပြသာနာကို “မဖြစ်သင့်သော ရာဇဝတ်မူ”ဟူ၍ မှတ်ချက်ချကာ ဆက်လက်ဆောင်ရွက်စေသည်။ သဘောတရားအရ ထရီကော့သည် ပြန်လည်ခွင့်ပြုမိန့် တောင်းစရာမလို ‘ဘယ်လိုကောင်မှ ဂရုစိုက်စရာမလို ‘ စုံစမ်းစစ်ဆေးခွင့်ကို ရရှိသွားခြင်း ဖြစ်သည်။ နောက်နှစ်ပတ်ခွဲအကြာတွင် ထရီကော့ထံမှ အစီရင်ခံစာပြန်တက်လာသည်။ မားဖတ်နှင့် ပီရေးအပါအဝင် စုံထောက် ၅ယောက်ကို နယူးဇီလန်သို့ စေလွှတ်ပီး Green Peace နှင့်ပတ်သတ်သော အချက်အလက်များကို စုံစမ်းခိုင်းလိုက်သည်။ သူတို့ လုပ်ငန်းမြန်ဆန်ရာအတွက် မည်မျှဘောင်ကျော်ပီး လုပ်ဆောင်ခဲ့ကြောင်းတော့ အစီအရင်ခံစာတွင် မပါဝင်ပေ။ ထရီကော့က “ကျွန်တော် ကြားခဲ့သမျှ မြင်ခဲ့သမျှ သေချာသည်က အစိုးရအဆင့်တွင် Rainbow Worrier နှင့်ပတ်သတ်ပီး ပျက်စီးစေရန် ဆုံးဖြတ်ထားခြင်းမရှိ”ဟူ၍ ဆိုထားသည်
ဆရာတင်ညွန့်ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသည်။