Protect

Protect and Develop Your Entrepreneurship Business

Protect and Develop Your Entrepreneurship Business ~~~~
“စာချုပ်လေးချုပ်တာပဲကွာ ရှေ့နေခေါ်စရာ မလိုပါဘူး။ အပြင်က ပုံစံစာချုပ် ဝယ်ချုပ်လိုက်ရင် ပြီးပြီ။ ရှေ့နေခေါ်လည်း ဒီစာချုပ်ပဲ။ မခေါ်လည်း ဒီစာချုပ်ပဲ။ ခေါ်ရင် ရှေ့နေခ အပိုကုန်သေးတယ်။” စသည်ဖြင့် အဲ့လို ချုပ်ဆိုကြတော့ အရောင်းအဝယ် ဒါမှမဟုတ် ငှားရမ်းတဲ့ ကိစ္စတွေပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေပဲဖြစ်ဖြစ်၊ စာချုပ်မှာပါတဲ့ ကွက်လပ်နေရာတွေမှာသာ ဖြည့်စွက် ချုပ်ဆိုရတာကြောင့် စာချုပ်မှာ မပါတဲ့ သဘောတူညီချက်တွေကို နှုတ်ကတိတွေနဲ့ ပြုလုပ်ပြီး ညှိကြတာများပါတယ်။ လက်ရေးနဲ့ ထပ်ဖြည့်ကြတာပေါ့။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု လိုအပ်ချက်တွေ၊ ထားလိုတဲ့ စည်းကမ်းသဘောတူညီချက် ဘယ်တူကြပါ့မလဲ။ အဲတော့ ပုံစံစာချုပ်မှာပါတဲ့ သဘောနဲ့ ကိုယ်ချုပ်ဆိုလိုတဲ့သဘော ထပ်ဖြည့်ရတာ ဘယ်ဟပ်စပ်ပါ့မလဲ။ အဲဒါကိုနှုတ်ကတိတွေနဲ့ ထားလိုက်ကြတာပေါ့။ ပွဲစားတွေကလည်း ရပါတယ် ဒီလိုပဲ။ လုပ်နေကြ။ ဘာမှမဖြစ်ဘူး။ ဘာညာပေါ့။

ပြဿနာမဖြစ်ရင်တော့ ကိစ္စမရှိပေမယ့် ပြဿနာဖြစ်ရင်တော့ နာပြီပဲ။ ရှင်းပါလေတော့။ နောက်ဆက်တွဲ ပြဿနာကို အတွဲလိုက်။ ဥပဒေမှာက စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ထဲမှာမပါပဲ အပြင်မှာ နှုတ်နဲ့ကတိပြုထားတာကို သက်သေအနေနဲ့ ဖော်ပြခွင့်မပေးသလို အမှုဖြစ်ရင်လည်း ထည့်သွင်းသုံးသပ်မှာ မဟုတ်ပါဘူး။ ပြဿနာ မဖြစ်ခင်ကတော့ နှစ်ဦးနှစ်ဖက်သဘောတူပြီး ပြဿနာ ဖြစ်လာတော့မှ တဖက်က မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့မယ်ဆိုရင် သွားပြီ။ ကိုယ်ဘက်က နစ်နာတာပဲ။ အဲ့တော့မှ ရှေ့နေတစ်ယောက်ရဲ့ တန်ဖိုးကို စနားလည်နိုင်တော့မယ်။

ရှေ့နေတစ်ဦးအနေနဲ့ စာချုပ်တစ်စောင် ရေးတော့မယ်ဆိုရင် အရေးပါတဲ့ စည်းမျဉ်း အချက်အလက်၊ လုံလောက်တဲ့ တံဆိပ်ခေါင်းခွန်၊ ဥပဒေနဲ့ကိုက်ညီတဲ့ သဘောတူညီချက်တွေကို ထည့်ရေးပေးရပါတယ်။ မှတ်ပုံတင် စာချုပ်လောက် ခိုင်မာမှုမရှိပေမယ့်လို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် ကိုယ့်အမှုသည် မိတ်ဆွေ မနစ်နာအောင် တရားဝင်ချုပ်ဆိုပေးရတာ ရှေ့နေတို့ရဲ့ တာဝန်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ရှေ့နေရေးတဲ့ စာချုပ်ဆိုတာ စာချုပ်ချုပ်တုန်းက ပေးရတဲ့ တန်ဖိုးထက် ကိုယ့်ဟာကိုယ်ချုပ်ဆိုပြီး ပြဿနာ ဖြစ်လာတဲ့ အချိန် နစ်နာဆုံးရှုံးရတဲ့ ငွေကြေးထက် အရမ်း ကွာခြားလွန်းပါတယ်။

စီးပွားရေးလုပ်ငန်းအတွက် ရှေ့နေ ငှားခြင်းဆိုတာ လုပ်ငန်းဆိုင်ရာ နှစ်ဦးသဘောတူစာချုပ် ရေးထိုးမှ လိုအပ်တာ မဟုတ်ပါဘူး။ မိတ်ဆွေတို့ရဲ့ လုပ်ငန်း ပိုမိုခိုင်မာလာအောင် ကာကွယ်ပေးတဲ့ တံတိုင်းတစ်ခု ကာထားလိုက်သလိုပါပဲ။ နောက်တစ်မျိုး စာချုပ်ဟာ လုပ်ငန်းသစ်၊ စီးပွားသစ်၊ အကျိုးအမြတ်သစ်ကို ဖန်တီးရာလည်း ရောက်ပါတယ်။ အဲလို စာချုပ်နဲ့ စီးပွားဖြစ်ပြီး ချမ်းသာသွားတဲ့ ရှေ့နေအကြောင်းဆက်ပြီး ဖေါက်သည်ချပါဦးမယ်။ Entrepreneur-lawyer လို့ဆိုသပေါ့လေ။ အဲလိုရှေ့နေမှာ ဘာအရည်အချင်းတွေရှိလဲဆိုတော့ကား ဆက်ဆွေးနွေပါမယ်။

ကိုယ့်လုပ်ငန်းကို အကြံဉာဏ်ပေးမယ့် Lawyer တစ်ယောက်ကလည်း တီထွင်ဖန်တီးနိုင်ပြီး စွန့်စားလိုတဲ့ Entrepreneur တစ်ယောက်ရဲ့ စိတ်အပြည့်ရှိမှလည်း ဖြစ်မှာပါ။ ဒါမှလည်း ကိုယ့်နေရာက ကိုယ်ချင်းစာပြီး ခံစားပေးနိုင်မှာမလား။ မိတ်ဆွေက ကိုယ့်ကိုကိုယ် စွန့်ဦးတီထွင် စီးပွားလုပ်ကိုင်သူလို့ ခံယူထားရင် ကိုယ့်ရှေ့နေကို ကိုယ်တိုင်ဆန်းစစ်ရမယ့် အချက်(၃)ချက် ရှိပါတယ်။ ပထမဆုံး အချက်ကတော့ ကိုယ့်ရှေ့နေကိုယ်တိုင်က စွန့်ဦး တီထွင်လိုစိတ် ပြင်းပြသူ ဖြစ်နေရပါမယ်။ ဒုတိယအချက်ကတော့ ကိုယ့်ရှေ့နေက သူ့ရှေ့နေလုပ်ငန်းကို သူကိုယ်တိုင် တီထွင်မှုရှိရှိ၊ ဖန်တီးမှုရှိရှိ၊ စွန့်စွန့်စားစားလုပ်ကိုင်နေတာမျိုး ဖြစ်ရပါတယ်။ တတိယအချက်ကတော့ ကိုယ့်ရှေ့နေဟာ သူကျင်လည်ရာ လုပ်ငန်းစီးပွား အမျိုးအစားတစ်ခုခုရဲ့ စီးပွားရေးပညာကို ရောသင်ဖူးလား။ တနည်းအားဖြင့် စီးပွာရေးပညာကိုရော တော်တော်တန်တန် တီးမိခေါက်မိသူတော့ ဖြစ်ဖို့လိုပါတယ်။ အဲလို ရှေ့နေ တွေ့ပြီဆိုရင်တော့ မိတ်ဆွေလုပ်ငန်းအတွက် လုပ်ဖေါ်ကိုင်ဖက် ရှေ့နေရပြီလို့သာ မှတ်လိုက်ပါ။ လုပ်ငန်းမှာ မွေးတော့ပေါ့။

အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အာဖရိကန် သန်းကြွယ် ရှေ့နေတစ်ယောက်အကြောင်းကို ဗဟုသုတအလို့ငှာ မျှဝေပေးလိုက်ပါတယ်။

“Patrice Motsepe and His Career” 


ကိုယ်ပိုင် ကုန်စုံဆိုင်လေးထဲကနေ အခြေခံ စီးပွားရေးပညာရပ်ကို ဖခင်ဆီက သင်ယူခဲ့တဲ့ လူငယ်လေး Patrice Tlhopane Motsepe တစ်ယောက် အကြောင်းပါ ခင်ဗျာ။
 အရွယ်ရောက်လာတဲ့အချိန်မှာ University of Swaziland ကနေ Bachelor of Arts Degree နဲ့ University of the Witwatersrand ကနေ Law Degree စတဲ့ ဘွဲ့နှစ်ခုကို ရယူခဲ့တယ်။ 
 Mining နဲ့ပတ်သက်ပြီး ငယ်စဉ်တည်းက စိတ်ဝင်စားခဲ့တာကြောင့် Mining and Business Law ကိုအထူးပြုပြီး လေ့လာရင်းကနေ ၁၉၉၄ခုနှစ်မှာ တောင်အာဖရိကရဲ့ ပထမဆုံးလူမည်း ဥပဒေအကြံပေး ဖြစ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အာဖရိကရဲ့ သမ္မတအသစ်ဟာ နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ဖို့ လူမည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာအောင် လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ Motsepe ဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် Future Mining လို့ခေါ်တဲ့ Company တစ်ခု တည်ထောင်ခဲ့ပါတယ်။

၁၉၉၇ ခုနှစ် ရွှေဈေးတွေ ကျနေချိန်မှာ အကွက်ကြိုမြင်တဲ့ Motsepe က AngloGold ဆိုတဲ့ Mining Company ကနေ ၇.၇သန်းနဲ့ မိုင်တွင်းခြောက်ခုကို အကြွေးစနစ်နဲ့ စာချုပ်ချုပ် ဝယ်ယူပြီး စွန့်ဦးတီထွင်လောကထဲကို ဝင်လာခဲ့တယ်။ တစ်ဖက်မှာလည်း ရှေ့နေပညာရပ်ကို အသုံးချပြီး တောင်အာဖရိကရဲ့ Mining လောကကို ဦးဆောင်ရင်း အာဖရိကရဲ့ စီးပွားရေးလောကကိုပါ ဦးမော့လာစေခဲ့တယ်။

– ၂၀၀၂ ခုနှစ်မှာ South Africa’s Best Entrepreneur Award ကို ရရှိခဲ့တယ်။
– ၂၀၀၄ ခုနှစ်မှာတော့ SABC3’s Great South Africans (SABC being South African Broadcasting Corporation, the government funded state broadcaster) ရဲ့ ၃၉ယောက်မြောက်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
– ၂၀၀၈ မှာတော့ ၅၀၃ ယောက်မြောက် ကမ္ဘာအချမ်းသာဆုံးသူအဖြစ်နဲ့ အာဖရိကတိုက်ရဲ့ ပထမဦးဆုံး အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာနေပြီ။
– ပထမဦးဆုံး လူမည်းရှေ့နေ လုပ်ငန်းရှင် (Lawyer Entrepreneur) တစ်ယောက်လည်း ဖြစ်တယ်။
– မိုင်းတူး လုပ်ငန်းပိုင်ရှင် မဟုတ်သေးပဲ။ Non-executive Chairman of Harmony, the Deputy Chairman of Sanlam, president of the Mamelodi Sundowns Football Club စတဲ့ ရာထူးနေရာတွေနဲ့ပါ လုပ်ခဲ့သေးတယ်။
– ၂၀၁၂ ခုနှစ်မှာတော့ Motsepe ရဲ့ ပိုင်ဆိုင်မှုဟာ ၂.၇ သန်း ရှိနေပါပြီ။

 Motsepe ကို ဇန်နဝါရီလ ၂၈ရက်နေ့ ၁၉၆၂ မှာ မွေးဖွားခဲ့တာပါ။ ခုတော့ ကုန်စုံဆိုင်လေး ပိုင်တဲ့ ရှေ့နေလေးကနေ သန်းကြွယ် သူဌေးကြီး ဖြစ်နေတဲ့ ဥပဒေသမားကြီးပေါ့။

တကယ်တော့ ရှေ့နေတစ်ယောက် ဖြစ်ဖို့ ဆိုတာ ရုပ်ရှင်ထဲကလို အကျႌအမဲနဲ့ ပုဆိုးဝတ်ပြီး ခေါင်းပေါင်းလေး အမြဲပေါင်းထားရုံနဲ့ မရပါဘူး။ တရားရုံးကို နေ့တိုင်းသွားပြီး တရားလိုနဲ့ တရားခံကြား ခေါင်းတိုက်ဖြေရှင်းရုံ လုပ်စရာလေးပဲ ရှိတယ်လို့လည်း ထင်မိလို့ မရပါဘူး။ နာမည်ကိုက “ရှေ့နေ” တဲ့။ သူများ ရှေ့ကနေပြီး ခေါင်းတလုံး ပိုသိနေမှလည်း နာမည်နဲ့ လိုက်ဦးမှာမလား။ ပုဒ်မတွေ အလွတ်ရ ပြီးတာပဲလို့လည်း မထင်လိုက်ပါနဲ့နော်။ ဥပဒေပညာတစ်ခုတည်း တတ်ကျွမ်းရုံနဲ့လည်း အဆင်မပြေသေးပါဘူး။ ရှေ့နေပညာဆိုတာ သီးခြား ရှိပါသေးတယ်။ ဥပဒေပညာကို အခြေခံပြီး လောကထဲ ကိုယ်တိုင် သင်ယူရတာမျိုးပါ။

ဥပဒေကို ဘယ်လို အသုံးချရမလဲ၊ ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လို ခုခံရမလဲ၊ ဘယ်လို ခံစားခွင့်တွေ ရမလဲ၊ ဘယ်လို အကျိုးပြုရမလဲ ဆိုတာတွေအပြင် အခြေခံ လူတန်းစားကနေစပြီး ဟိုးအထက် ပုဂ္ဂိုလ်တွေရဲ့ အပြောအဆို ဓလေ့စရိုက်တွေအပြင် နှစ်လုံး၊ သုံးလုံးပေါက် ဇယားကွက်တွေကစလို့ မာဆတ် ဆက်ရှင်ကြေး၊ ကုမ္ပဏီသမားတွေရဲ့ ရာခိုင်နှုန်းတွေကိုပါ သိထားရသေးတယ်။ ဒါတင်မကသေးဘူး….. ချစ်သူရည်းစား ပြဿနာ၊ လင်နဲ့မယား ပြဿနာ တွေကြားထဲဝင်ပြီး မြှားနတ်မောင်လိုတစ်မျိုး၊ လူဆိုးကြီးလိုတစ်မျိုးလည်း ဖြေရှင်းနိုင်ရ၊ လယ်၊ ယာ၊ မြေအမျိုးမျိုးရဲ့ နာမည်တွေနဲ့ ဘယ်နယ်မြေ၊ ဘယ်ပိုင်နက်ကို ဘယ်သူ ပိုင်ပါတယ်ဆိုတဲ့ နယ်မြေ သတ်မှတ်မှုတွေနဲ့ အမှုတစ်ခု ပေါ်လွင်လာအောင်ဆိုပြီး ဇာတ်ပို့နေရာကနေ ပါဝင်ပေးရတာတွေလည်း ရှိတတ်ပါတယ်။ တကယ်ဆို တခြားရှေ့နေတွေကလည်း Motsepe လိုပါပဲ၊ ဝါသနာနဲ့ Career နှစ်ခုပေါင်းပြီး ကိုယ်အားသန်ရာ စီးပွားရေးကို အကျိုးပြုနေကြတဲ့ ရှေ့နေတွေ များစွာ ရှိပါသေးတယ်။

ကဲ.. မိတ်ဆွေရဲ့ စွန့်ဦး တီထွင်လုပ်ကိုင်မယ့် စီးပွားလုပ်ငန်းအတွက် Entrepreneur-lawyer တွေ့ပြီလား?

Phoe Phyu & Associated Law Firm Website မှ ကူးယူဖော်ပြပါသည်။

Related Posts