Learn

Learn Together, Win Together ⇒ Learning English ( Part 1)

မင်္ဂလာပါ ခင်ဗျာ။ စာရှုသူမိတ်ဆွေ ကျန်းမာရွှင်လန်းပါစေကြောင်း မေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။
အခု အစီအစဉ်ကိုတော့ Learn Together,Win Together လို့ နာမည်လေးပေးထားပါတယ်။ ကျွန်တော်တို့ ခေတ်ရေစီးကြောင်းနဲ့ အညီ လိုက်လျောညီထွေနေထိုင်ဖို့ရာ လိုအပ်လှတဲ့ ၂၁ရာစုမှာ တတ်မြောက်ထားရမယ့် အရည်အချင်း skill တွေကို ကျွန်တော့်တို့ HapEye.Net ကနေတစ်ဆင့် အတူတူလေ့လာကြမှာပါ ခင်ဗျာ။
လေ့လာရင်းနဲ့ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အတွေ့အကြုံတွေနဲ့ ခံစားချက်တွေကို အတူတူမျှဝေ ဖြေရှင်းကြရင်း အောင်မြင်မှုဆီကို တက်လှမ်းနိုင်ဖို့ ရည်ရွယ်ချက် အရင်းခံပြီး ပရိသတ်အတွက် Learn Together, Win Together အစီအစဉ်လေးကို တင်ဆက်ပေးပါမယ်ခင်ဗျာ။

ဒီနေ့ခေတ် ၂၁ ရာစုမှာ အင်္ဂလိပ်စာ အရမ်း အရမ်း အရေးကြီးနေပြီဆိုတာ ကျွန်တော်တို့ စာဖတ်ပရိသတ်ကြီး အားလုံး သိနားလည်ထားကြပါပြီ။ အင်္ဂလိပ်စာ လေ့လာဖို့ လိုအပ်ကြောင်းကို သိနားလည်ကြတဲ့ အလျောက် သင်တန်းတွေတက်ပြီး အမျိုးမျိုး ကြိုးစားနေကြပါပြီ။ ဒါပေမယ့် သင်တန်းတက်ဖို့ကို အချိန်မရနိုင်ကြတဲ့ ကျွန်တော်တို့ ပရိသတ်ကြီးလည်း ဘာမှ စိတ်ဓာတ်အားလျှော့နေစရာ မလိုပါဘူး။ ကျွန်တော်တို့ Learn Together, Win Together ကနေ self-study လုပ်ခြင်းအားဖြင့် အတူတူ သင်ယူကြမှာ ဖြစ်ပါတယ်ခင်ဗျာ။

အားအပြည့်ထည့်ပြီးတော့ ကျွန်တော်တို့နဲ့အတူ လိုက်ပါသင်ယူကြဖို့အတွက် ပရိသတ်ကြီးကို ဖိတ်ခေါ်ပါရစေ ခင်ဗျာ။

Learning English Language With all our Heart (Part-1 Introduction)

Learn

ဘာသာစကား အသစ်တစ်ခုကို လေ့လာရတာ ခက်ခဲပြီး နည်းမမှန်ရင် စိတ်ပင်ပန်းရပါတယ်။ ကျွန်တော်တို့ မကျွမ်းကျင်ရခြင်းရဲ့ ပင်မ ရင်းမြစ်ကတော့ အထိအတွေ့ နည်းလွန်းတာကြောင့်ပါဘဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကိုတော့ ငယ်ငယ်လေး ကတည်းက ကျွမ်းကျင်တတ်မြောက်ကြပါတယ်။ ဒါက နေ့စဉ် ထိတွေ့နေရပြီး မသုံးမဖြစ် သုံးနေရတာကြောင့်ပါ။ တကယ်လို့ သင်က ဘာသာစကားအသစ်တစ်ခု တတ်မြောက်ဖို့ လိုအပ်နေပြီဆိုရင်၊ စိတ်အားထက်သန်စွာနဲ့ သင်ယူတော့မယ်ဆိုရင် အတွေ့အထိများအောင် ဦးစားပေးရပါမယ်။ အဓိကတော့ အကြားအာရုံပါ။ ကျွန်တော်တို့ ငယ်စဉ် စာမရေးတတ်ခင်မှာတင် စကားပြောတတ်နေပြီဆိုတာ သတိပြုပါ။ ဒါက ကျွန်တော့်တို့ ဘယ်အရာကို ဘယ်လို ခေါ်တယ်၊ ဘယ်လို အခြေအနေမျိုးမှာ ဘယ်လိုစကားလုံးမျိုးတွေ အများဆုံး သုံးသလဲဆိုတာကို အမြင် အကြား အာရုံတို့မှ တစ်ဆင့် နေ့စဉ် အာရုံခံနေခြင်းကြောင့်ပါဘဲ။ ဒါကြောင့် ဘာသာစကားကို နည်းမှန်လမ်းမှန်နဲ့ ကျွမ်းကျင်ချင်တယ်ဆိုရင်ဖြင့်  ကလေးတွေလို သင်ယူကြရပါမယ်။ ကျွန်တော်တို့တွေရဲ့ အမြင် အကြားအာရုံတွေကို ဘာသာစကားထဲကို နှစ်မြုပ်ထားရပါမယ်။ အခု လက်ရှိ ကျွန်တော်တို့ ကျွမ်းကျင်ဖို့ ကြိုးစားနေကြတာကတော့ အင်္ဂလိပ်ဘာသာစကားပါ။ ဒါကြောင့် အင်္ဂလိပ်စကားကိုပဲ အဓိကထားပြီး ပြောကြားပါမယ် ခင်ဗျာ။

အင်္ဂလိပ်စာက ကျွန်တော်တို့ နှာချေးတွဲလောင်း သူငယ်တန်း ကလေးလေးတွေကတည်းက မြင်တွေ့ခဲ့ရတဲ့ ဘာသာရပ်တစ်ခုပါ။ ငါးနှစ်ကတည်းက A to Z အလွတ်ရနေပါပြီ။ ကျောင်းသားဘဝတစ်လျှောက်လုံး ထိတွေ့ဆက်ဆံခဲ့ကြရတဲ့ မိတ်ဆွေအရင်းအချာကြီးပါ။ ဒါပေမယ့်…ကျွန်တော်တို့ လက်တွေ့မှာ အမှန်တကယ် အသုံးချနိုင်ဖို့ ဘာကြောင့် ခဲယဉ်းနေတာလဲ။

အဖြေကတော့ ကျွန်တော်တို့ လေ့လာချည်းကပ်ပုံတွေ မှားယွင်းခဲ့ကြလို့ပါပဲ။

ဆယ်နှစ်ကျော်ကြာ ထိတွေ့လာခဲ့တဲ့ ဒီဘာသာစကားက ကျွန်တော်တို့နဲ့ အစိမ်းသက်သက် လုံးဝမဟုတ်ပါဘူး။ ပြောရရင် နေ့စဉ်ထိတွေ့နေရပေမယ့် ဆက်ဆံပုံ မှားယွင်းနေလို့ မရင်းနှီးနိုင်သေးတဲ့ မိတ်ဆွေတစ်ဦးမျှပါပဲ။ အဲထက် မပိုပါဘူး။ ကျွန်တော်တို့သာ နည်းစနစ်တကျ ဆက်ဆံခဲ့မယ်ဆိုရင် ခဏလေးနဲ့ ဘော်ဒါအရင်းအချာတွေ ဖြစ်သွားကြပါလိမ့်မယ်။ အကြာကြီး မြင်ဖူးနေတဲ့သူပဲ။ ပေါင်းဖို့ သင်းဖို့ကတော့ ပါးပါးလေးပါ။ ဟုတ်တယ်မလား။

အင်္ဂလိပ်စာက ဘယ်နယ်ပယ်မှာ ဘယ်အလုပ် လုပ်လုပ် သူက International Language ဖြစ်နေတဲ့ အတွက် ကျွမ်းကျင်ထားတာက အကောင်းဆုံးပါ။ နိုင်ငံတကာနဲ့ ဆက်ဆံတာဖြစ်ဖြစ်၊ ပညာရပ်တွေကို လေ့လာရာမှာ ဖြစ်ဖြစ် အင်္ဂလိပ်စာ ကျွမ်းကျင် တတ်မြောက်ထားခြင်းဖြင့် အများကြီး ခရီးတွင်နိုင်ပါတယ်။ ရည်မှန်းချက်ကြီးသူတိုင်း၊ အောင်မြင်ချင်တဲ့ သူတိုင်း တတ်မြောက်ထားသင့်ပါတယ်။ ကိုယ့်လုပ်ငန်း ပညာရပ်တွေနဲ့ အတူ အင်္ဂလိပ်စာကို တွဲဖက်လေ့လာခြင်းက အကောင်းဆုံးပါပဲ။ လုပ်ငန်းအတွက်လည်း အထောက်အကူ ဖြစ်ပြီး သင့်ရဲ့ လေ့လာနိုင်မှု စွမ်းရည်က အများကြီး တိုးတက်လာမှာပါ။ ပိုပိုသာသာ ပြောရရင် အင်္ဂလိပ်စာ ကျွမ်းကျင် တတ်မြောက်သွားတဲ့အခါ သင် မရောက်ရှိဖူးတဲ့ နေရာတစ်ခုကို ရောက်ရှိသွားသလို ခံစားရပါလိမ့်မယ်။ အဲဒီအတွက် ခက်ခဲမှုတွေကို အန်တုပြီး အချိန်ဘယ်မျှကြာကြာ လက်မမြှောက် အရှုံးမပေးဘဲ သင်ယူနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရအောင်။

ဒီနေရာမှာ Jack Ma ပြောခဲ့တာလေးတစ်ခုကို ကြားညှပ်ပြောပြချင်ပါတယ်။ အင်္ဂလိပ်စာလေ့လာမယ့် သူတွေအတွက် motivate ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ Jack Ma က “နောက်ငါးနှစ် ခြောက်နှစ်မှာ နည်းပညာတွေ တစ်ဟုန်ထိုး မြင့်မားတိုးတက်လာမှုနဲ့အတူ နေ့စဉ်နဲ့ အမျှ လေ့လာစရာတွေလည်း တိုးတိုး လာပါလိမ့်မယ်။ နည်းပညာတွေက ကောင်းမွန်လွန်းတာကြောင့် လူသားတွေရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ကြိုးစားလာကြပါမယ်။ အဲဒါတွေကို လိုက်မှီပြီး လူတန်းစေ့နိုင်အောင် knowledge ပြည့်ဝနေရပါမယ်။ ဒါပေမယ့် Knowledge တွေက အင်္ဂလိပ်ဘာသာစကားနဲ့ပဲ ရေးသားဖော်ပြမှာ ဖြစ်တဲ့အတွက်  ဒီအခြေအနေမှာ အင်္ဂလိပ်စာ တတ်မြောက်ထားမှကို ဖြစ်ပါမယ်။ မဟုတ်ရင် တတ်မြောက်ကျွမ်းကျင်တဲ့ သူတွေနဲ့ ခေတ်တစ်ခေတ်ကွာသွားပြီး အရမ်းကို နာကျင်ခံစားရလိမ့်မယ်”တဲ့။

အင်္ဂလိပ်စာမှာ skill လေးခုကို ကျွန်တော်တို့ ကြားဖူးကြပါတယ်။ Reading, Writing, Speaking နဲ့ Listening ပါ။
ဒီမှာ မိတ်ဆွေက ဘာကိုလိုအပ်သလဲ ဆိုတာ ပြန်ပြီးသုံးသပ်ရပါတော့မယ်။ မိတ်ဆွေက အလုပ်မှာ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရမယ်၊ နိုင်ငံခြားကုမ္ပဏီမှာ အလုပ်လုပ်ရတော့မယ်ဆိုရင် အဓိက တတ်သင့်တာက speaking နဲ့ listening ပါ။ ပြောဆိုဆက်ဆံဖို့က reading နဲ့ writing မလိုအပ်ပါဘူး။
တကယ်လို့ မိတ်ဆွေက စာပေတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာချင်တယ်၊ မိမိရဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို နှံ့နှံ့စပ်စပ် လေ့လာချင်တယ်ဆိုရင်တော့ Reading Skill ကို လိုအပ်ပါတယ်။ Writing Skill ကတော့ မိတ်ဆွေက စာရေးဆရာ မလုပ်ဘူးဆိုရင် သိပ်အရေးတကြီး မလိုအပ်ပါဘူး။ ဒါပေမယ့် Communication လုပ်နိုင်ဖို့ အခြေခံ Grammar Pattern တွေကိုတော့ သိထားသင့်ပါတယ်။ ပြီးတော့ စိတ်ထဲရှိတဲ့ အတိုင်း အကုန်ချမရေးနိုင်ရင်တောင် အနီးစပ်ဆုံး တူအောင် ရေးနိုင်တဲ့ စွမ်းရည်မျိုးတော့ ရှိသင့်ပါတယ်။ ဒါမှလည်း Reading Skill က ချောချောမွေ့မွေ့ တတ်မြောက်နိုင်မှာပါ။

တကယ်လို့ မိတ်ဆွေက ပညာရပ်တွေကိုလည်း စိတ်ရှိတိုင်း လေ့လာချင်တယ်၊ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားကုမ္ပဏီတွေမှာလည်း အဆင်ပြေပြေ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ writing ကလွဲလို့ ကျန်သုံးခုစလုံးကို အတော်အတန်ကျွမ်းအောင် လေ့ကျင့်ရပါမယ်။

ဖတ်ရှုပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ Learn Together, Win Together ရဲ့အပိုင်းဆက်လေးတွေကိုလည်း စောင့်မျှော်အားပေးကြပါဦးလို့။ လိုရာပန်းတိုင်ကို ထိုက်ထိုက်တန်တန် ရောက်ရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Feeling Everything ~ Living Everyday

Swan Htet (Hap Eye)

အပိုင်း(၂) ကို ဆက်လက်ဖတ်ရှူရန်

ပညာရေး

# Open More Online

Related Posts