LearnWinTogether

Learn Together, Win Together ⇒ Top 10 Ways To Train Our Brain

Learn Together, Win Together ⇒ Top 10 Ways To Train Our Brain
မင်္ဂလာပါ ခင်ဗျာ။ Learn Together Win Together အစီအစဉ်လေး ဖြစ်ပါတယ် ခင်ဗျာ။ ဒီနေ့ရဲ့ လေ့လာမှုအတွက် အားလုံး အဆင်သင့်ဖြစ်နေကြပြီလား ခင်ဗျာ။

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြည့်ကြရအောင်။

ကျွန်တော်တို့ Learner တွေအနေနဲ့ မှတ်ဉာဏ်ကောင်းကောင်း လိုအပ်တာပေါ့ ခင်ဗျာ။ ဒါမှလည်း အသစ်အသစ်သော သင်ယူမှုတွေမှာ ပိုပိုပြီး လွယ်ကူမြန်ဆန်လာမှာလေ။ မိတ်ဆွေရော ကိုယ့်ဉာဏ်ရည်နဲ့ ပတ်သတ်ပြီး ကျေနပ်အားရရဲ့လား။ တကယ်တော့ ကျွန်တော်တို့ မှတ်ဉာဏ်စွမ်းအားကို မှေးမှိန်မသွားအောင် ရှိရင်းစွဲထက် ထက်မြက်လာအောင် လုပ်ဆောင်ကြည့်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ် ခင်ဗျာ။ ကျွန်တော်တို့တွေ စိတ်အားထက်သန်နေကြတဲ့ ဒီအရာကို အခုပဲ လေ့လာလိုက်ကြရအောင်။

 Top 10 Ways to Train your Brain

Learn Together Win Together

1. Social Realation – မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဖြင့် ပတ်ဝန်းကျင်ကို ဆက်ဆံပါ။ ကျွန်တော်တို့က တစ်ဦးကောင်းနေထိုင်လို့ မရတာကို လက်ခံရပါမယ်။ မိတ်ဆွေပေါများခြင်းက နည်းလမ်းကောင်းတစ်ခုပါပဲ။ အခုပဲ သင့်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြန်လည် လုပ်ဆောင်ပါ။ သူတို့နဲ့ လမ်းလျှောက်ထွက်ပြီး စကားစမြည် ပြောဆိုလိုက်ပါ။ ပတ်ဝန်းကျင်နဲ့ နှီးနွယ်နေရတဲ့ လူသားတွေအနေနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိနေခြင်းဟာ ဦးနှောက်အတွက် အများကြီး အထောက်အပံ့ဖြစ်ပါတယ်။ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းအပြင် ဦးနှောက်နဲ့ နှီးနွယ်နေတဲ့ ရောဂါတွေကိုလည်း ၎င်းက သက်သာစေပါတယ်။

2. ပြန်ပြောင်းလုပ်ဆောင်မှုများ – ကျွန်ုပ်တို့ ဦးနှောက်ဟာ အသစ်အသစ်တွေကို ချစ်မြတ်နိုးပါတယ်။ ဘယ်သန်ဆိုရင် ညာနဲ့ စမ်းလုပ်ကြည့်ပါ။ ညာသန်ဆိုရင် ဘယ်လက်နဲ့ စိန်ခေါ်ကြည့်ပါ။ ရေချိုးရာမှာ၊ ခေါင်းဖြီးရာမှာ၊ ပုံဆွဲရာမှာ အစရှိသဖြင့် လုပ်ငန်းဆောင်တာတွေမှာပေါ့။ ဘယ်ရော ညာရော အသုံးပြုနေခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးနေခြင်း တစ်မျိုးပါပဲ။ ၎င်းက ဦးနှောက်အတွက် ချိတ်ဆက်မှုအသစ်တွေကို ဖြစ်ပေါ်စေပြီး စွမ်းဆောင်ရည်ကိုလည်း မြင့်မားလာစေပါတယ်။

3. သီချင်းနားထောင်ပါ – ဂန္တဝင်တေးဂီတတွေ နားထောင်ခြင်းကလည်း ဦးနှောက်အတွက် လေ့ကျင့်ပေးနေခြင်း တစ်မျိုးပါပဲ။ Mozert effect လို့တောင် ခေတ်စားလိုက်ပါသေးတယ်။ ဒါက မှန်သည် မှားသည် ထားဦး၊ သီချင်းတွေမှာ မှော်အစွမ်းအချို့ စီးဆင်းနေတာကိုတော့ ကျွန်တော်တို့ မငြင်းဆန်နိုင်ပါဘူး။ သုတေသီတွေကတော့ အချို့သော တေးဂီတတွေဟာ မှတ်ဉာဏ်အသစ်တွေနဲ့ ပိုပြီး ချိတ်ဆက်မှု အားကောင်းစေသလို အာရုံစူးစိုက်မှုကိုလည်း ပိုပြီး အထောက်အပံ့ ဖြစ်စေနိုင်ပါလို့ ဆိုထားပါတယ်။ ဂန္တဝင်ဂီတတွေကို ပုံမှန်နားထောင်ပေးသူဟာ IQ Test တွေနဲ့ Puzzle တွေ ဖြေရှင်းရာမှာ ပိုပြီးကျွမ်းကျင်တယ်လို့လည်း မှတ်ချက်ပြုထားပါသေးတယ်။ ကဲ…ကျွန်တော်တို့ Mozert နဲ့ Beethoven တို့ရဲ့ သီချင်းတွေကို နားဆင်ကြည့်ဖို့ လိုပြီနော်။

4. တရားထိုင်ခြင်း – ဒီနည်းလမ်းကတော့ ကျွန်တော်တို့ကို ဖိစီးနေတဲ့ ပူပန်သောကတွေ အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ မျက်စိလေး ပိတ်၊ ဝင်လေထွက်လေလေး မှတ်ပြီးတော့ တစ်နေ့ကို အနည်းဆုံး ဆယ်မိနစ်လောက် တရားထိုင်ပေးသင့်ပါတယ်။ ဒါက ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ရှင်းစေတဲ့ အပြင် အယ်ဇိုင်းမား ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

5. အိပ်စက်ခြင်း – ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရမ်းအရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းပါ။ ၎င်းက စွမ်းရည်ပြည့်ဝတဲ့ ဦးနှောက်အတွက် အရမ်းကို အရေးကြီးပါတယ်။ အိပ်စက်ချိန်အတွင်း ခန္ဓာကိုယ်က ဦးနှောက်အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေကို အသစ်ပြန်ဖြစ်စေပြီး အဆိပ်တွေကိုလည်း ဖယ်ရှားပေးနေပါတယ်။ ဒါ့အပြင် နောက်ဆုံး မှတ်ဉာဏ်တွေကိုလည်း စနစ်တကျစုုဝေးပေးနေပါသေးတယ်။ လူငယ်တစ်ယောက်က အိပ်ချိန် ခြောက်နာရီကနေ ရှစ်နာရီ အထိ မရှိမဖြစ် လိုအပ်လှပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ကိစ္စအရပ်ရပ်အပေါ် အာရုံစိုုက်နိုင်စွမ်း လျှော့နည်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

6. ဉာဏ်စမ်းပုစ္ဆာများ – ကျွန်ုပ်တို့ ခန္ဓာကိုယ် ကြံခိုင်ဖွံဖြိုးအောင် လေ့ကျင့်ခန်းလုပ်ပေးရသလိုမျိုး အလားတူစွာပင် ဦးနှောက်ကိုလည်း လုပ်ပေးရပါတယ်။ အရမ်းကြီး မခက်ခဲ မဖိစီးစေမယ့် challange မျိုးဆိုရင် ဦးနှောက်က ကြိုက်ပြီးသားပါ။ ဦးနှောက်အသားပေး game တွေဖြစ်တဲ့ Sudoku၊ CrossWords နဲ့ Chess တို့လိုမျိုးကို နေ့တိုင်း ကစားပေးခြင်းအားဖြင့် ဦးနှောက်က ပိုပြီး စွမ်းရည်မြင့်မားလာပြီး ဆက်စပ်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

7. Exercise – ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်ပေါ်မှာပဲ အကျိုးဖြစ်ထွန်းတာ မဟုတ်ပါဘူး။ ဦးနှောက်နဲ့လည်း ဆက်နွယ်နေပါတယ်။ ယခင်နှစ်တွေမှာ သုတေသီတို့ဟာ ဦးနှောက်နဲ့ ခန္ဓာ ဆက်နွယ်မှုကို ပိုပို အာရုံစိုက်လာခဲ့ကြပါတယ်။ လေ့ကျင့်ခန်းတွေကြောင့် ဦးနှောက်တွင်း သွေးစီးဆင်းမှု ပိုမို ကောင်းမွန်စေပြီး အာရုံကြောတွေကိုလည်း ပြေလျော့စေပါတယ်။ ဒါ့အပြင် သတိပြုနိုင်မှုစွမ်းရည် ပိုမိုဖွံ့ဖြိုးလာပြီး စူးစိုက်နိုင်မှုတွေလည်း ပိုပို အားကောင်းလာပါတယ်။ ကဲ…မနက်စောစော လေ့ကျင့်ခန်းလုပ်ဖို့ မမေ့နဲ့နော်။

8. အစာစားသုံးခြင်း – ဒါကလည်း ကျွန်ုပ်တို့ရဲ့ ဦးနှောက်အပေါ် အကျိုးသက်ရောက်မှု များစွာရှိပါတယ်။ ကျွန်တော်တို့ ဘာအကျိုးမှ မဖြစ်ထွန်းတဲ့ သရေစာတွေကို ရှောင်ရပါမယ်။ ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတို့ကို များများစားသုံးရပါမယ်။ တစ်နေ့တစ်နေ့ ရေများများ သောက်သုံးပေးဖို့လည်း လိုအပ်ပါတယ်။ ဘယ်လောက် အလုပ်များတဲ့နေ့ပဲဖြစ်ပစေ မနက်စာကိုတော့ မကျော်မိပါစေနှင့်။ ၎င်းက သင့်တစ်နေ့တာလုံးအတွက် ဇီဝရုပ်ဖြစ်ပျက်မှုမှာ အလွန်အရေးပါတဲ့ အစာဖြစ်လို့ပါ။

9. တူရိယာများ တီးမှုတ်ခြင်း – တကယ်လို့ သီချင်းနားထောင်ခြင်းက ဉာဏ်ရည်အတွက် သက်ရောက်မှုရှိတယ်ဆိုရင် ခက်ခဲတဲ့ တူရိယာတွေဖြစ်တဲ့ ဂီတာလိုမျိုး စသဖြင့် အမျိုးမျိုးကို တီးမှုတ်ပေးခြင်းကလည်း မှတ်ဉာဏ်အတွက် သင့်တော်ပါတယ်။ သုတေသီတို့က ဂီတတူရိယာတွေကို တီးမှုတ်လေ့ရှိသူတွေဟာ မလုပ်သူတွေထက် သင်္ချာပညာမှာ ထူးချွန်ကြောင်းကို အဆိုပြုကြပါတယ်။ ဒီလိုကြောင့်မို့ စန္ဒရား၊ တယောနဲ့ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ကိုင်စွဲတီးမှုတ်ဖို့ ကြိုးစားလိုက်ပါ။ သင့်ပတ်ဝန်းကျင်ကိုတော့ ဒုက္ခမပေးမိစေနဲ့ပေါ့။

10. ဘာသာစကားအသစ် သင်ယူခြင်း – ဒါကတော့ တစ်ကမ္ဘာလုံးက သိပ္ပံပညာရှင်တွေ လက်ခံထားပြီးတဲ့ အချက်ပါပဲ။ ၎င်းက သင့်ရဲ့ လူမှုဘဝအတွက် အထောက်အကူ ဖြစ်စေရုံ မကပါဘူး။ သင့်ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေအတွက်ပါ အထောက်အပံ့ ပေးနိုင်ပါတယ်။ သင့်ရဲ့ သတိပြုနိုင်မှု စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပြီး အယ်ဇိုင်းမား ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မိတ်ဆွေက သင်တန်းတွေ သွားဖို့ အဆင်မပြေဘူးဆိုရင်တောင် လေ့လာနိုင်တဲ့ Website တွေ အများကြီး ရှိနေပါပြီ။ ကျွန်တော်တို့ Learn Together Win Together မှာတော့ အင်္ဂလိပ်စာကို အတူတူ လေ့လာနိုင်ပါတယ်နော်။

ကဲ…အားလုံးပဲ ဖတ်ရှုရတာ အကျိုးတစ်စုံတစ်ရာ ရရှိနိုင်လိမ့်လို့ မျှော်လင့်ပါမိတယ် ခင်ဗျာ။ ဒါကတော့ Top 10 Ways to Train Brain ဆိုတဲ့ Youtube Video လေးကို ဆီလျော်အောင် ပြန်လည်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ လေ့လာဖတ်ရှုပေးတဲ့ မိတ်ဆွေတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်အပိုင်းတွေကိုလည်း ဆက်လက်လေ့လာပေးကြပါဦးလို့။ မိတ်ဆွေတို့အတွက် အကျိုးများနိုင်အောင် အမြဲတမ်း တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။

Feeling Yourself~Be Myself

Related Posts

Leave a Reply

Your email address will not be published.