ပလေးတိုး သည် ဆော့ခရတ္တိ၏ တပည့်ဖြစ်သည်ဟု ဆိုပါသည်။ ယုတ်စွအဆုံး ဆော့ခရတ္တိကို ကြည်ညို၍ ဆော့ခရတ္တိ၏ နည်းနိဿရည်းကို နှစ်သက်လက်ခံသူ ဖြစ်သည်။ ပလေးတိုး ရေးသော ကထာစာတမ်း အများအပြားတွင် ဆော့ခရတ္တိကို ခေါင်းဆောင်တင်၍ ရေးခဲ့သည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်နှစ်ဦးကို ဒွန်တွဲ၍ တွေ့နိုင်သည်။ တစ်ဖန် ထိုပုဂ္ဂိုလ်နှစ်ဦးအကြောင်းကို သိလိုလျှင် ထိုပုဂ္ဂိုလ်နှစ်ဦး ထွန်းကားရာဖြစ်သော ရှေးခေတ်ဂရိဒေသနှင့် ရှေးခေတ်ဂရိလောက အကြောင်းတို့ကို နောက်ခံကားအဖြစ်ဖြင့် ကြိုတင်သိသင့်သည်ဟု ထင်မြင်ပါသည်။
ရှေးခေတ် ဂရိသမိုင်းအကျဉ်း ဘီစီ (၅၀၀ – ၃၀၀)
ဆော့ခရတ္တိသည် ဂရိတို့ဒေသ၊ အက်သင်းမြို့တွင် ခရစ်တော်မပေါ်မီ လွန်ခဲ့သော
ဘီစီ ၄၆၉ ခုနှစ်တွင် ဖွားမြင်၍ ဘီစီ ၃၉၉ တွင် လွန်သည်။ ပလေးတိုးသည်
အက်သင်းမြို့တွင်ပင် ဘီစီ ၄၂၇ (၄၂၈ ?) ခုနှစ်တွင် ဖွားမြင်၍ ၃၄၇ (၃၄၈ ?)
တွင် လွန်သည်။ ပုဂ္ဂိုလ်နှစ်ဦးစလုံးသည် ဘီစီငါးရာစုနောက်ပိုင်းမှ
ဘီစီလေးရာစု အဦးပိုင်းအထိ ဖြစ်သော ကာလအတွင်းတွင် ထွန်းကားခဲ့ကြသည်ဟု
ဆိုနိုင်သည်။ ဆော့ခရတ္တိဖွားသော ခုနှစ် သက္ကရာဇ်နှင့် ပလေးတိုးဖွားသော
ခုနှစ်သက္ကရာဇ်တို့ကို ဗုဒ္ဓသာသနာတော်နှင့် ယှဉ်ကြည့်လျှင်
ဂင်္ဂါမြစ်ဝှမ်အရပ် မဇ္ဈိမဒေသတွင် ဗုဒ္ဓမြတ်စွာ (ဘီစီ ၅၆၆ – ၄၆၈ ?)
ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ၁၇ နှစ်ခန့်အကြာတွင် ဆော့ခရတ္တိကိုဖွား၍
၅၈ နှစ်ခန့်အကြာတွင် ပလေးတိုးကို ဖွားသည်ဟု ဆိုနိုင်သည်။ ထိုခေတ်သည်
မဇ္ဈိမဒေသ ဗုဒ္ဓခေတ်နှင့် အပြိုင်ဖြစ်သည်ဟု မဆိုသာသော်လည်း အနည်းငယ်မျှသာ
နှောင်းသောခေတ် ဖြစ်သည်ဟု ဆိုနိုင်သည်။
ဂရိတို့ဒေသ
ဆော့ခရတ္တိကို မဖွားမီ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ကျော်လောက်ကပင် သို့မဟုတ်
ဘီစီ ၈၀၀ လောက်ကပင် ဥရောပအရှေ့တောင်စွန်းရှိ ပဲလပါနိဆကျွန်းဆွယ်
(Peloponnesia) တွင် ဂရိလူမျိုးတို့သည် မြို့နိုင်ငံငယ်များကို အခြေတကျ
တည်ထောင်နိုင်ခဲ့ကြသည်။ ရှေးခေတ် အိန္ဒိယ၊ မဇ္ဈိမဒေသတွင် တိုင်းကြီး
တစ်ဆယ့်ခြောက်တိုင်း၊ ပြည်ကြီး တစ်ဆယ့်ခြောက်ပြည် တည်ထောင်သကဲ့သို့
ဖြစ်သည်။ မြို့နိုင်ငံ အများအပြားရှိသည့်အနက် အက်သင်းမြို့နိုင်ငံ၊
သီဗိမြို့နိုင်ငံ၊ ကေ်ာရင့်မြို့နိုင်ငံ၊ စပါတာမြို့နိုင်ငံတို့သည်
ထင်ရှားသောနိုင်ငံများ ဖြစ်သည်။ ဆော့ခရတ္တိနှင့် ပလေးတိုးတို့
ဖွားမြင်ရာဖြစ်သော အက်သင်းမြို့နိုင်ငံသည် အထင်ရှားဆုံး ဖြစ်သည်။
မဇ္ဈိမဒေသရှိ တိုင်းနှင့် ပြည်တို့တွင် မဂဓတိုင်း၊ ပါတလိပုတ်ပြည်
အထင်အရှားဆုံးဖြစ်သကဲ့သို့ပင် ထိုမြို့နိုင်ငံအသီးသီးတွင်
နေထိုင်ကြသောသူများသည် ဂရိလူမျိုးများသာဖြစ်၍ ဂရိဘာသာစကားကိုသာ
ပြောဆိုကြသူများ ဖြစ်သည်။ သို့ရာတွင် သီးခြားနိုင်ငံများ တည်ထောင်၍
ကိုယ့်မင်းကိုယ့်ချင်းနှင့် နေထိုင်ကြသည်။
ပါရှင်စစ်ပွဲ
ပဲလပါနိဆကျွန်းဆွယ်တွင် ဂရိမြို့နိုင်ငံများ ထွန်းကားလာကြသည်နှင့်အမျှ
အာရှတိုက်ရှိ (ယခုအခေါ် အီရန်နိုင်ငံ) ပါရှား(ပါရှင်) နိုင်ငံသည်လည်း
ထွန်းကားလျက် ရှိသည်။ ဘီစီ ၅၀၀ လောက်တွင် အင်အားကြီးလှသော ပါရှားနိုင်ငံသည်
အနောက်ဥရောပသို့ နယ်ချဲ့လာသည်။ ထိုအခါ အက်သင်းမြို့နိုင်ငံသည်
ရှေ့ဆောင်ရှေ့ရွက်ပြု၍ ပါရှား၏ နယ်ချဲ့ရန်ကို တွန်းလှန်ခဲ့သည်။
ဂရိမြို့နိုင်ငံငယ်များသည် စည်းလုံးလာ၍ အက်သင်းကို အကူအညီပေးခဲ့ရာ ဘီစီ ၄၇၉
လောက်တွင် ပါရှားနယ်ချဲ့ရန်သည် နာလန်မထူနိုင်လောက်အောင်
အရှုံးပေးလိုက်ရသည်။ ထို့ကြောင့် ဂရိတို့၏စိတ်ဓာတ် မည်မျှတက်ကြွလာသည်ကို
ခန့်မှန်းကြည့်နိုင်သည်။ အထူးသဖြင့် အက်သင်းမြို့နိုင်ငံသည်
စစ်ပွဲကြီးပြီးသည့်နောက် နှစ်ပေါင်း လေးဆယ်ခန့်အတွင်း အဖက်ဖက်တွင်
တစ်ရှိန်ထိုး တိုးတက်၍ ကြီးကျယ်လာခြင်းသည် ပါရှင်စစ်ပွဲကို
အောင်နိုင်လိုက်သော အကြောင်းတစ်ခုကြောင့်လည်း ဖြစ်သည်ဟု ယူဆနိုင်သည်။
အက်သင်းမြို့၏ ဂုဏ်ကျက်သရေ
အထူးသဖြင့် ဆော့ခရတ္တိ ရှစ်နှစ်သားအရွယ်သို့ရောက်သော ဘီစီ ၄၆၁ ခုမှ ဘီစီ
၄၃၁ ခုအထိ အက်သင်းမြို့တွင် အနှစ်သုံးဆယ်ကြာမျှ ရွေးကောက်
တင်မြှောက်ခြင်းခံရသော ပရိကလိ (Pericles) မင်း စိုးစံစဉ်
အက်သင်းမြို့နိုင်ငံ၏ အောင်မြင်မှု၊ တိုးတက်မှုတို့သည် ကမ္ဘာ့သမိုင်းတွင်
မှတ်တိုင်တစ်ခု ဖြစ်လာသည်။ အက်သင်းရေတပ်၏ အာဏာစက်သည် ဂရိဒေသအရှေ့ဘက်တွင်
အလွန်ထက်မြက်သည်။ ဂရိမြို့နိုင်ငံများကို အကာအကွယ်ပေးနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဂရိမြို့နိုင်ငံငယ် အများအပြားသည် အက်သင်း၏သစ္စာကို
ခံယူလာကြသည်။ တစ်ဖန် အက်သင်း၏ အုပ်ချုပ်ရေးဘက်တွင် ဂရိ ဒီမိုကရေစီ
ထွန်းကားလာသည်။ လက်မှုပညာ ထွန်းကားလာသည်။ လယ်ယာလုပ်ငန်း တိုးတက်လာသည်။
ပြည်တွင်းပြည်ပ အရောင်းအဝယ် ကြီးကျယ်လာသည်။ အက်သင်း၏ စီးပွားရေးအခြေအနေသည်
ထိပ်တန်းသို့ ရောက်လာသည်ဟု ဆိုသည်။ ထို့ပြင် ပညာသင်ကြားရေး ကျယ်ပြန့်လာသည်။
ဗိသုကာပညာ၊ တမော့ပညာတို့ တိုးတက်လာသည်။ ဂရိရာဇဝင်စာပေ၊ ဂရိပြဇာတ်စာပေတို့
တိုးတက်လာသည်။ ဂရိမြို့နိုင်ငံငယ်များသည် အက်သင်းကို ဆရာတင်လာကြရသည်။
ပဲလပါနိဆစစ်ပွဲ (၄၃၁ – ၄၀၄)
ဘီစီ ၄၃၁ ခုလောက်သို့ ရောက်သောအခါ အက်သင်း တန်ခိုးကြီးလာသည်နှင့်အမျှ
အချို့သော မြို့နိုင်ငံငယ်တို့သည် မကျေမနပ်ဖြစ်လာကြသည်။ အချို့လည်း
စပါတာမြို့နိုင်ငံဘက်သို့ ဝင်၍ ပူးပေါင်းသွားကြသည်။ အက်သင်းကလည်း
တန်ခိုးပြလွန်းသည်ဖြစ်ရာ စပါတာကဦးဆောင်၍ အက်သင်းကို အန်တုလာကြသည်။ ထို့ပြင်
ဘီစီ ၄၃၁ ခုတွင် အက်သင်းမြို့နိုင်ငံတွင် ပလိပ်ကပ်ရောဂါ ဖြစ်ပွားသဖြင့်
လူအများအပြား သေကြေပျက်စီးကြသည်။ ပရီကလိမင်းလည်း ကပ်ဆိုးထဲတွင် ပါသွားသည်။
ထိုအခါမှစ၍ ပဲလပါနိဆခေါ်သော ဂရိကျွန်းဆွယ်တောင်ပိုင်းရှိ
ဂရိမြို့နိုင်ငံတို့သည် မငြိမ်မသက်ဖြစ်လာ၍ ဂရိအချင်းချင်း စစ်ခင်းကြသည်။
အက်သင်းကို အန်တုသော မြို့နိုင်ငံငယ်များ၏ ခေါင်းဆောင်သည်
စပါတာမြို့နိုင်ငံ ဖြစ်သည်။ အက်သင်းနှင့် စပါတာတို့ ဘတစ်ပြန် ကျားတစ်ပြန်
စစ်ခင်းကြသည်မှာ နှစ်ပေါင်း ၃၀ ခန့်ကြာသည်။ ဘီစီ ၄၀၄ ခုတွင် အက်သင်းသည်
စပါတာကို အညံ့ခံလိုက်ရသည်။
စစ်ပြီးနောက်ပိုင်း
စပါတာသည် အက်သင်းမြို့၏ ခေါင်းဆောင် ၃၀ ပါဝင်သော မင်းသုံးဆယ်အဖွဲ့ကို ဖွဲ့၍
အက်သင်းမြို့နိုင်ငံကို အုပ်ချုပ်စေသည်။ သို့ရာတွင်
အက်သင်းမြို့နိုင်ငံအတွင်းတွင် မင်းသုံးဆယ်အဖွဲ့ကို ပုန်ကန်ကြသူများ
ပေါ်ပေါက်လာရာ ဘီစီ ၃၉၉ ခုတွင် မင်းသုံးဆယ်အဖွဲ့ပျက်၍ ဂရိ
ဒီမိုကရေစီသမားတို့ ပြန်တက်လာသည်။ သို့ရာတွင် ဒီမိုကရေစီသည်
ပရီကလိမင်းလက်ထက်ကကဲ့သို့ မဟုတ်တော့ဘဲ အထိန်းကောင်း အကွပ်ကောင်း
မရှိသကဲ့သို့ ဖြစ်လာသည်။ တစ်ဖန် ဂရိတို့၏ ခေါင်းဆောင်သစ်ဖြစ်လာသော စပါတာသည်
မောက်မောက်မာမာ ဖြစ်လာပြန်ရာ မြို့နိုင်ငံငယ်တို့သည် ယခင်ကကဲ့သို့
အုပ်စုဖွဲ့လာကြရပြန်သည်။ တစ်နိုင်ငံတည်းက အင်အားကြီးမားလာမည်ကို
စိုးရိမ်သဖြင့် နိုင်ငံငယ်အချင်းချင်း အင်အားစု မဲတင်းမှုကို ပြုကြပါသေး၏။
သို့ရာတွင် မသင့်မြတ်နိုင်ကြသဖြင့် ဘီစီ ၃၃၈ ခုတွင်
မက်ဆီဒေါ်နီးယားနိုင်ငံမှ မျိုးခြားမင်းဖြစ်သော သက်ဦးဆံပိုင်ဘုရင်
ဖစ်လစ်၏လက်အောက်သို့ ဂရိဒေသတစ်ခုလုံး ကျရောက်၍ ရှေးခေတ်ဂရိ
ဇာတ်သိမ်းရလေတော့သည်။