ဝန်ထမ်းတွေ အမြဲတစေ ဆန်းသစ်တီထွင်ဉာဏ်တွေ
ထွက်လာအောင် ကုမ္ပဏီရဲ့ အထက်ပိုင်းစီမံခန့်ခွဲမှုတာဝန်ရှိသူတွေက
တိုက်ရိုက်ဦးဆောင်လုပ်ကိုင်သင့်ပါတယ်။
အယူအဆ
“ ဆန်းသစ်တီထွင်မှု “ ဆိုတဲ့ စကားကြားလိုက်ရရင် ဒါဟာ
ချက်ချင်းဖြစ်ပေါ်လာတာပဲ၊ ကြိုပြီးပြောထားနိုင်တာမျိုးမဟုတ်ဘူး၊
တွေ့ရခက်တယ် စသဖြင့် စိတ်ထဲမှာ ထင်မြင်လာတတ်လေ့ရှိပါတယ်။ တီထွင်ထားတဲ့
စာပေ၊ တစ်နည်းအားဖြင့် စိတ်ကူးနဲ့ ဖန်တီးထားတဲ့ စာပေတွေမှာ “ မရွယ်ဘဲ
စော်ကဲမင်းဖြစ် “ ဆိုတာမျိုး၊ ကံစွပ်ပြီး ပွပေါက်တိုးသွား၊ ကြီးပွားသွားတဲ့
ဇတ်လမ်းမျိုးတွေရှိတယ်။ လက်တွေ့ဘဝမှာလည်း တီထွင်ကြံဆကြသူတွေဟာ
မိမိအထက်လူတွေရဲ့ အကြိုက်ကိုမလိုက်ဘဲ အသုံးဝင်တဲ့ဟာတွေကို တွေ့ သွားကြတဲ့
ဖြစ်ရပ်တွေရှိခဲ့ဖူးတယ်။ ဥပမာအားဖြင့် Post-it လို့ခေါ်တဲ့
စာ ရွက်အပိုင်းအစလေးတွေပါ။ ဒီစာရွက်လေးတွေမှာ ကော်ပါတော့ ပြောချင်တာ၊
မှာချင်တာရေးပြီး သက်ဆိုင်သူရဲ့ စားပွဲတို့၊ တံခါးတို့မှာ
ကပ်ထားခဲ့လို့ရတယ်။ မူလကတော့ ဒီလိုလုပ်ရအောင် တီထွင်တာမဟုတ်ဘူး၊ ကော်
ကောင်းကောင်းမကပ်တာနဲ့ ခုလို Post-it ဆိုတဲ့
စာရွက်လေးဖြစ်လာတာပါ။ ဒီလုပ်ငန်းက အခုဆိုရင် ဒေါ်လာဘီလီယံနဲ့ချီပြီး
ရင်းနှီးလုပ်ကိုင်ရတဲ့ လုပ်ငန်းကြီးဖြစ်နေပြီး
ဒီတီထွင်ဆန်းသစ်တဲ့ဖြစ်ရပ်မျိုးတွေမှာ အကြံဉာဏ်ဟာ အောက်မှအထက်ကို သွားတာကို
တွေ့ရတယ်။ တစ်နည်းအားဖြင့် စီမံခန့်ခွဲမှုအပိုင်းကလာတာမဟုတ်ဘူး၊
ဓာတ်ခွဲခန်း၊ စမ်းသပ်ခန်းတို့၊ ဈေးဆိုင်တို့ဆိုတဲ့ နေရာမျိုးတွေက
ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုစဉ်ဆက်မပြတ်
ဆန်းသစ်တီထွင်မှုတွေဖြစ်နေအောင်၊ အဲဒါတွေ အရည်အသွေးတွေ
မြင့်နေအောင်လုပ်ဖို့ကတော့ စီမံခန့်ခွဲရေးအပိုင်းက မရှိမဖြစ် အရေးကြီးတယ်။
ဒါကြောင့် အထက်ပိုင်းက စီမံခန့်ခွဲရေးအပိုင်းက လူတွေဟာ ရထားတဲ့
သတင်းအချက်အလက်တွေ၊ အသိဉာဏ်ပညာတွေကို အသုံးချပြီး မိမိတို့
ကိုယ်တိုင်တိုက်ရိုက်လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး
အကြွေးဝယ်ကတ် ( Credit Card ) ကို နမူနာအဖြစ်
ကြည့်နိုင်တယ်။ ၁၉၅၈ ခုနှစ်မှာ အမေရိကန်ဘဏ်တိုက်ကြီးရဲ့
ဖောက်သည်ဝန်ဆောင်မှု သုတေသနဌာနခွဲက လူတစ်စုဟာ ဆန်းသစ်တီထွင်မှုဆိုင်ရာ
လုပ်ပိုင်ခွင့်ပေးထားတာနဲ့အညီ ဒီအကြွေးဝယ်ကတ်ကို စတင်တီထွင်လိုက်တာဖြစ်တယ်။
နောက်ပိုင်း ဒီကတ်ပြားကို ဘဏ်လုပ်ငန်းရှင်တချို့က
တိုးချဲ့ဆန်းသစ်တီထွင်လိုက်တော့ လျှော့ဈေးနှုန်းတွေ၊ အကြွေးဝယ်နိုင်တဲ့
ပမာဏကန့်သတ်ချက်တွေနဲ့ တခြားစည်းမျည်းစည်းကမ်းတွေပါ ထည့်သွင်းလာကြတယ်။
အထက်ပါတီထွင်မှုဟာ ဈေးကွက်က တောင်းဆိုလို့ဖြစ်လာတာမဟုတ်ဘူး။။
ဘဏ်လုပ်ငန်းထဲက လူတွေကိုယ်တိုင်က သူတို့သိထားတဲ့ အသိဉာဏ်နဲ့
သတင်းအချက်အလက်တွေကို အသုံးချပြီး တီထွင်လိုက်တာဖြစ်တယ်။ ဒါ့အပြင်
ဈေးကွက်ရဲ့ အခြေအနေကို အကဲ ခတ်နိုင်တဲ့ အရည်အချင်း၊ ဖောက်သည်တွေကို
နည်းလည်ခြင်း၊ တီထွင်ပြီးသားဖြစ်တဲ့ အရစ်ကျချေးငွေစနစ်ကို
လုပ်ပုံကိုင်ပုံတွေနဲ့ ထိတွေ့နားလည်ထားခြင်း၊ နည်းပညာဆိုင်ရာ
ခေတ်မီဗဟုသုတရှိခြင်းစသည်တို့ဟာလည်း ဒီလိုတီထွင်မှု Top-Down ( အထက်ပိုင်းကစတဲ့ တီထွင်မှု ) မှာ အကျုံးဝင်တယ်။ ဒီဖြစ်ရပ်တွေ နောက်ပိုင်း ATM
လို့ခေါ်တဲ့ ဘဏ်မှာစုထားတဲ့ငွေထဲက ထုတ်ယူရာမှာ သုံးတဲ့စက်တွေ
တီထွင်လာကြတယ်။ ဒါနဲ့အတူ အင်တာနက်နဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်းတွေလည်း
ပေါ်ပေါက်လာတယ်။ ဒီလိုတီထွင်မှုတွေက တော့ Bottom- up လို့ခေါ်တဲ့ အောက်ခြေက စတင်တီထွင်တဲ့ဖြစ်ရပ်မျိုးနဲ့ မတူဘူး။ ဘာကြောင့်လဲဆိုတော့ Top-down တီထွင်မှုမှာ
– အထက်ပိုင်း စီမံခန့်ခွဲရေးအပိုင်းရဲ့ ပံ့ပိုးမှုဟာ မရှိမဖြစ်ဘူး။
အထက်ပိုင်းကသာ တီထွင်မယ့်လုပ်ငန်းအဖွဲ့ကို ဖွဲ့ပေးရတာဖြစ်တယ်။ အဲဒီလို
ဖွဲ့ပြီးရင် ဒီအထက်ပိုင်းက လူတွေကပဲ အဲဒီအလုပ်ကို အမြစ်တွယ်သွားအောင်
ရှင်သန်တိုးတက်လာအောင် ပံ့ပိုးပေးရတာဖြစ်တယ်။
– စီမံခန့်ခွဲရေးအပိုင်းက လူတွေဟာ တီထွင်ဆန်းသစ်မှုလုပ်ငန်းစဉ်မှာ အစကတည်းကိုက သိသိသာသာ ပါဝင်နေခဲ့ကြတာဖြစ်တယ်။
– တီထွင်နိုင်ဖို့အတွက် သက်ဆိုင်ရာသတင်းအချက်အလက်တွေ ရှိနေခြင်းဟာလည်း
အဓိကအချက်ဖြစ်နေတာ တွေ့ရတယ်။ ဒီလို သိရှိ ထားတာတွေကို လိုအပ်သလို
အသုံးချနိုင်လို့လည်း တီထွင်ဆန်းသစ် မှု၊ လုပ်ငန်းဟာ စ၊ လယ်၊
ဆုံးအောင်မြင်သွားတာဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန်
စီမံခန့်ခွဲရေးအပိုင်းက လူတွေကို တီထွင်ဆန်းသစ်ရေးမှာ တိုက်ရိုက်ပါဝင်လာအောင် အားပေးပါ။
ဈေးကွက်အကဲခတ်နိုင်စွမ်းရည်ကို အသုံးချပါ။ ဆန်းသစ်တဲ့ အကြံ ဉာဏ်တွေ၊
အယူအဆတွေ၊ အသုံးဝင် မဝင် ဆန်းစစ်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဝင်တွေရဲ့
အသိဉာဏ်တွေနဲ့ အတွေ့အကြုံတွေကို အသုံးချပါ။
မိမိတို့လုပ်ငန်းအဖွဲ့အစည်းအတွင်း တီထွင်ဆန်းသစ်ချင်တဲ့ စိတ်ဓာတ်နဲ့
အလေ့အထတွေ ထွန်းကားအောင် လုပ်ပေးပါ။ ဝန်ထမ်းတွေရဲ့ အယူအဆတွေကို
အချင်းချင်းဆွေးနွေးပါစေ။ တီထွင်တဲ့အတွက် ကောင်းရင် ဆုချပေးပါ။
ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက်များ မှ ကူးယူဖော်ပြသည်။
# ဆန်းသစ်တီထွင်မှု