Demography

Demography ကို နားလည်ဖို့လို

Demography ကို နားလည်ဖို့လို ~~~~
ကမ္ဘာကြီးဟာ အလျင်အမြန်ပြောင်းလဲနေပါတယ်။ တချို့ဧရာမ အပြောင်းအလဲကြီးတွေဟာ လူအတော်များများသတိမထားမိဘဲ ပြောင်းမှန်း မသိ ပြောင်းလဲသွားကြတယ်။ အဲဒီလိုအမှုမဲ့အမှတ်မဲ့ အပြောင်းအလဲတွေထဲ က အပြောင်းအလဲတချို့ကို ပြပါဆိုရင် လူဦးရေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို ပြနိုင်တယ်။ ဒီအပြောင်းအလဲတွေကို သိနားလည်ထားရင် စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးရှိနိုင်တယ်။
အယူအဆ
    အယူအဆကတော့ ရှင်းပါတယ်။ Demography ကို နားလည်ဖို့ပဲဖြစ်တယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း လူတွေရဲ့ မွေးနှုန်း၊ သေနှုန်း၊ ရောဂါ ဘယဖြစ်ပွားနှုန်း၊ အိမ်ထောင်ပြုနှုန်း၊ ကွဲနှုန်းစတာတို့နဲ့ဆိုင်တဲ့ ကိန်းဂဏန်းတွေကို ကောက်ယူစုဆောင်းလေ့လာဆန်းစစ်တာဟာ Demography ပါပဲ။ ဒီ Demography ကို သိထားရင် မိမိတို့ရဲ့ စီးပွားရေးအလားအလာအခြေအနေ ဘယ်လိုရှိနိုင်တယ်။ ဘာတွေကိုလုပ်ရင် အန္တရာယ်ရှိနိုင်၊ အရှုံးပေါ်နိုင်တယ်ဆိုတာတွေ မြင်အောင်ကြည့်နိုင်မှာဖြစ်တယ်။ Demography ရဲ့ အရေးပါပုံကို သဘောပေါက်နားလည်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုပြရရင် ” ကမ္ဘာရဲ့ ဒေသဆိုင်ရာဘဏ် ” လို့ တင်စားခေါ်ဝေါ်တဲ့ ( HSBC ) ဘဏ္ဍာရေးလုပ်ငန်းကြီးပါပဲ။ မိမိတို့နဲ့ ဆက်ဆံရမယ့်လူတွေထဲမှာ ဖောက်သည်ဖြစ်လာနိုင်တဲ့ လူတွေထဲမှာ ဘယ်လိုလူမျိုးတွေပါကြသလဲ။ သူတို့ ဘယ်လို အပြောင်းအလဲဖြစ်လာနိုင်သလဲ၊ ဘာတွေကို ကြိုက်ကြတာလဲ စတာတွေကို သိထားဖို့က စီးပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ရတဲ့အခါ အထူးသဖြင့် ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ရတဲ့အခါ အောင်မြင်မှုရရေးအတွက် အလွန်အရေးကြီးပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက HSBC က သူရဲ့ ဝက်ဘ်ဆိုက် www.yourpointofview.com ကနေ ပေးပို့တဲ့ အီးမေးလ်မှာ တစ်ဖက်ပါအတိုင်း ဖော်ပြထားပါတယ်။
    ” ကျေးဇူးပြုပြီး သင့်ရဲ့အယူအဆကို သိပါရစေ။ အင်ဒိုနီးရှားနိုင်ငံက လူတွေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အလုပ်ကနေ ပင်စင်ယူလိုက်တာဟာ ဘာမှ လုပ်စရာမလိုတော့ဘဲ အေးအေးဆေးဆေးနေဖို့ အချိန်ရသွားတာပဲလို့ ယူဆကြပြန်တယ်။ သင်ကရော ဘယ်လိုယူဆပါသလဲ။ ကနေဒါနိုင်ငံက လူတွေရဲ့ ၅၈ ရာခိုင်နှုန်းကတော့ နောက်ထပ်အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခုစဖို့ အချိန်ပဲလို့ ယူဆကြပြန်တယ်။ ဒါကိုရော သင်ဘယ်လိုထင်ပါသလဲ။ မျက်မှောက်ခေတ်မှာ လူတွေအသက်ပိုရှည်လာကြတယ်။ ဒီတော့ ဒီကိစ္စတွေကို အလေးအနက်စဉ်းစားကြဖို့ လိုလာပါပြီ။ ၂၀၅၀ ပြည့်နှစ်မကုန်ခင်မှာပဲ ကမ္ဘာ့လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းဟာ အငြိမ်းစားတွေ၊ အလုပ်ကနေ အနားယူထားသူတွေ၊ ပင်စင်စားတွေဖြစ်နေကြတော့မှာဖြစ်တဲ့အတွက် ဒီကိစ္စတွေကို အလေးအနက်စဉ်းစားကြဖို့လိုတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။ “
    HSBC ဟာ လူတွေရဲ့ ဘဝနဲ့ပတ်သတ်တဲ့ကိစ္စတွေ၊ ပင်စင်ငွေကြေးကိစ္စတွေ၊ ရင်းနှီးငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အားသွန်ခွန်စိုက် လုပ်ကိုင် နေတယ်။ ဒီလုပ်ငန်းတွေကို အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ကိုင်တာတွေရဲ့ အများစုဟာ အထက်ဖော်ပြပါ Demography အရ လုပ်ကိုင်ဆောင်ရွက်တာဖြစ်တယ်။ ဥပမာအားဖြင့် အရှေ့ဥရောပကလူတွေ ဗြိတိန်ကိုပြောင်းလဲလာကြတဲ့ကိစ္စမှာ ဒီလူတွေဟာ ဗြိတိန်နိုင်ငံမှာ ဘဏ်စာရင်းဖွင့်ချင်ကြတယ်။ တချို့က ငွေချေးယူချင်ကြတယ်။ တချို့ကလည်း မိမိတို့ရဲ့ မိသားစုတွေထံ ငွေပြန်ပို့ပေးချင်ကြတယ်။ ဒီတော့ ဒီလူတွေ HSBC အတွက် ဈေးကွက်အုပ်စုတစ်စုဖြစ်လာပါတယ်။ HSBC က ဒီအတိုင်း ရှုမြင်သဘောပေါက်သွားတယ်။ သိတဲ့အတိုင်း အကျိုးဖြစ်ထွန်းအောင် တီထွင်ဆောင်ရွက်တယ်။ ဒီလူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဘာသာရပ်အတော်များများနဲ့ ဆက်သွယ်ဆောင်ရွက်ပေးတယ်။
    ၂၀ ရာစုမှာ Demography နဲ့ပတ်သက်တဲ့ ထူးထူးခြားခြား အပြောင်းအလဲတွေကို တွေ့ရပါတယ်။ ကမ္ဘာ့လူဦးရေဟာ ၁၉၀၀ ပြည့်နှစ် တုန်းက ၁ ဒသမ ၆ ဘီလီယံရှိရာကနေ ၂၀၀၀ ပြည့်နှစ်ကျတော့ ၆ ဒသမ ၁ ဘီလီယံအထိ လေးဆတိုးလာခဲ့ပါတယ်။ မွေးဖွားနှုန်းနဲ့ သေနှုန်းတွေလည်း လျော့သွားတယ်။ တစ်နိုင်ငံမှတစ်နိုင်ငံကို ပြောင်းရွှေ့ကြတာတွေလည်း ထူးထူးခြားခြားရှိခဲ့တယ်။ မြို့ပြတွေ တိုးချဲ့တည်ထောင်လာကြတဲ့အတွက် မြို့ကြီးပြကြီးတွေ ပေါ်ထွန်းလာခဲ့ပါတယ်။
    လူဦးရေအမြန်ဆုံးတိုးတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ အင်ဒိုးနီးရှားနဲ့ ဘင်္ဂလားဒေ့(ရှ်) တို့ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
    ဂျပန်ဟာ ၂၀၁၀ ပြည့်နှစ်ကျရင် လူဦးရေ ၅၀ ရာခိုင်နှုန်ကျသွားနိုင်တယ်လို့ တွက်ဆထားတယ်။ မွေးဖွားနှုန်းကျဆင်းတာရယ်၊ ပြည်ပက လူတွေ အဝင်နည်းလာတာတွေရယ်ကြောင့်ဖြစ်တယ်။
    အီတလီဟာ လာမယ့်ဆယ်နှစ်အတွင်း အသက် ၉၀ ကျော် အရွယ်တွေ ဦးရေ တစ်သန်းကျော် တိုးလာနိုင်ပါတယ။ ဥရောပတစ်တိုက်လုံးအနေ နဲ့ ကြည့်မယ်ဆိုရင် အီတလီရဲ့ လူဦးရေဟာ ရုရှားနဲ့ ဂျာမနီလူဦးရေလိုပဲ အမြန်နှုန်းနဲ့ ကျဆင်းနေတယ်။
    ဖွံ့ဖြိုးပြီး အဓိကနိုင်ငံတွေထဲက လူဦးရေတိုးတက်နေတဲ့ နိုင်ငံဆိုရင် အမေရိကန်ပြည်ထောင်စုပဲရှိပါတယ်။ ဒါက အဓိကအားဖြင့် ပြည်ပက ဝင်ရောက်ရွှေ့ပြောင်းနေထိုင်ကြသူတွေကြောင့်ဖြစ်ပါတယ်။ ၂၀၅၀ ပြည့်နှစ် မကျော်ခင်မှာပဲ အမေရိကန်လူဦးရေဟာ သန်းလေးရာ ရှိသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ လူဦးရေတိုးနှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာချည်းလိုလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
    Demography အရ အဲဒီလိုပြောင်းလဲလာမှုတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ မိသားစုထဲမှာလည်း အပြောင်းအလဲတွေ တွေ့လာရပါတယ်။ တစ်နည်းအားဖြင့် အမျိုးသမီးတွေရဲ့ အရေးပါအရာရောက်မှုဟာ တိုးတက်လာပါတယ်။
    လူတွေပိုပြီး အသက်ရှည်လာကြတာနဲ့အမျှ အလုပ်မရှိဘဲ အထောက် အပံ့ပေးထားရတာတွေ၊ ပင်စင်ကိစ္စ၊ အခွန်ကောက်ခံရေးကိစ္စ၊ အလုပ်အကိုင် ရှာဖွေပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ခေါင်းခဲစရာတွေ ဖြစ်လာနိုင်ပါတယ်။
    မြို့ပြတွေကို ဧရိယာကျယ်သထက်ကျယ်အောင် တိုးချဲ့တည်ဆောက်နေကြတာတွေ ကမ္ဘာအနှံ့မှာ တွေ့နေရတယ်။ ၂၀၀၆ ခုနှစ်အတွင်း ကမ္ဘာ အနှံ မြို့နေလူဦးရေဟာ တောရွာနေလူဦးရေထက်များနေတာကို တွေ့ရတယ်။ လူ့သမိုင်းတစ်လျှောက် ဒါဟာ ပထမဆုံးဖြစ်ပါတယ်။ တောကလူတွေ မြို့တက်လာတာများတာနဲ့အမျှ လူတွေရဲ့ အမှုအကျင့်တွေ လိုအင်ဆန္ဒ မျှော်မှန်းချက်တွေလည်း ပြောင်းလဲလာကြတော့မှာဖြစ်ပါတယ်။
လက်တွေ့ဆောင်ရွက်ရန်
    အထက်မှာဖော်ပြခဲ့တဲ့ Demography နဲ့ ပတ်သက်တဲ့ အပြောင်းအလဲ အချက်အလက်၊ ကိန်းဂဏန်းတွေဟာ သင့်စီးပွားရေးဈေးကွက်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲဆိုတာ နားလည်အောင်ကြိုးစားပါ။ လူတွေ ဘယ်ကိုဦးတည်နေသလဲ၊ သင့်အတွက် ဘာအခွင့်အလမ်းတွေ၊ ဘယ်လို ဆိုးကျိုးတွေရှိလာနိုင်သလဲ၊ သင့်ဖောက်သည်တွေဟာ အခုဘယ်သူတွေလဲ၊ နောင်အခါ ဘယ်သူတွေဖြစ်လာနိုင်သလဲဆိုတာတွေကို နားလည်အောင် ကြိုးစားပါ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာအယူအဆချက်များမှ ကူးယူဖော်ပြသည်

စီးပွားရေး

Open More Online

Related Posts