ဖောက်သည်တွေ

ဖောက်သည်တွေ အလိုကျ ဆောင်ရွက်ပေးခြင်း

ဖောက်သည်တွေ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့်ပြည့်ပြည့်စုံစုံ စုဆောင်းထားမယ်ဆိုရင် ဖောက်သည်တစ်ဦးချင်းရဲ့ အလိုကျ အရည်အသွေးမြင့်မားတဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းအရည်အသွေး ပိုကောင်းအောင် လုပ်ထားရင် ကိုယ့်ရဲ့စီးပွားလုပ်ငန်းပြိုင်တွေကို မှုစရာမလိုတော့ရုံသာမက ဖောက်သည်တွေကလည်း ကိုယ့်ကို နောက်ထပ် ဆက်သွယ်လာမှာဖြစ်ပါတယ်။

အယူအဆ
    ဟိုတယ်ခွဲတွေ ဖွင့်လှစ်ထားတဲ့ Ritz-carlton ဟိုတယ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ကမ္ဘာမှာ အောင်မြင်ဆုံးဟိုတယ်လုပ်ငန်းတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဖောက်သည်တစ်ဦးချင်းရဲ့ လိုအပ်ချက်ကို အထူးဂရုစိုက် ဆောင်ရွက်ပေးခဲ့တယ်။ ဒီလို အောင်မြင်လာတာဟာ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာတွေကို လိုအပ်သလို လက်တွေ့ထိထိ ရောက်ရောက် ကျင့်သုံးခဲ့လို့သာမက သူရဲ့ဝန်ထမ်းတွေကိုလည်း ရရှိထားတဲ့ အချက် အလက်တွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ သင်တန်းတွေ ပေးထားနိုင်ခဲ့လို့ဖြစ်တယ်။ Ritz-carlton ရဲ့ နည်းကတော့ ရှင်းရှင်းလေးပါ။ စီးပွားရေးပြိုင်ဘက်တွေထက် ဈေးလျှော့ပြီး ဖောက်သည်တွေကို ထူးထူးခြားခြားဝန်ဆောင်မှုပေးခြင်းပဲဖြစ်တယ်။ Ritz-carlton သုံးတဲ့နည်းတွေထဲမှာ အောက်ပါတို့ ပါဝင်တာကို တွေ့ရတယ်။
    ဖောက်သည်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒီလို ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖောက်သည်တစ်ဦးချင်းစီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သတင်းအချက်အလက်နည်းပညာသုံးပြီး ရှာဖွေ စုဆောင်းထားတယ်။
    ဖောက်သည်တွေ လိုချင်တာကို အမှားအယွင်းမရှိအောင် အသေအချာ စိစစ်ဆောင်ရွက်ပေးချင်တဲ့ စိတ်ရှိတယ်။ ဒါကို အကောင်အထည်ဖော် နိုင်ဖို့အတွက် မိမိတို့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပုံတွေကို အသေးစိတ်သိအောင် လုပ်တယ်။ ဒီအသိတွေကို ဝန်ထမ်းတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေနဲ့ တီထွင်ဆန်းသစ်တဲ့ အကြံဉာဏ်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်တယ်။
    ဥပမာအားဖြင့် ဝန်ထမ်းတွေဟာ ကိုယ့်ဖောက်သည်တွေကို စောင့်ကြည့်လေ့လာပြီး သူတို့ဘာကြိုက်တတ်တယ်ဆိုတာသိရင် အဲဒါတွေကို ကုမ္ပဏီတစ်ခုလုံးနဲ့ ဆက်သွယ်ထားတဲ့ ကွန်ရက်ထဲမှာ ထည့်ထားလိုက်တယ်။ ဒါကြောင့် တခြားလုပ်ငန်းဌာနခွဲတွေက ဝန်ထမ်းတွေလည်းသိရှိပြီး အသုံးချနိုင်လာတယ်။ ဒါ့ပြင် ဖောက်သည်တွေ ဟိုတယ်တည်းခိုဖို့လာတဲ့အခါ သူတို့ကြိုက်တဲ့ အခန်းနဲ့နေရာကို သိထားတဲ့အတိုင်း ပေးနိုင်သွားတယ်။ ခေါင်းအုံးအပို၊ ကြိုက်တတ်တဲ့ အဖျော်ယမကာ၊ သဘောကျတဲ့ သတင်းစာစတာတွေကို သိထားတာနဲ့အမျှ အလွယ်တကူပေးနိုင်သွားတယ်။
    ဒီနည်းအားဖြင့် Ritz-carlton ဟာ မိမိရဲ့လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။

လက်တွေ့ဆောင်ရွက်ရန်
    မိမိကုမ္ပဏီရှိ ဝန်ထမ်းအဆင့်အားလုံးကိုရော ခေတ်မီနည်းပညာများကိုပါ အသုံးချပါ။  ဒါမှလည်း ဈေးကွက်ရဲ့ သတင်းအချက်အလက်တွေကို ထူးထူးကဲကဲ အဆင့်မြင့်မြင့်နားထောင် သိရှိခွင့်ရလာမှာဖြစ်ပါတယ်။
    ဖောက်သည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လိုအပ်တဲ့အခါ အလွယ်တကူရအောင် မှတ်တမ်းတင်ထားပါ။ ဖောက်သည်တစ်ဦးချင်းရဲ့ လိုအပ်ချက်တွေကို သိသိသာသာ ထူးထူးကဲကဲ ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်တယ်။
    လိုအပ်ရင်လူတွေ၊ အချက်အလက်တွေနဲ့ လုပ်ငန်းဆိုင်ရာဖြစ်စဉ်တွေ ကို တစ်မျိုးတစ်ဖုံ၊ ပြန်လည်သုံးသပ်ခွဲခြား သတ်မှတ်ထားပါ။ ဖောက်သည်တွေကို ဂရုတစိုက် အကျိုးဆောင်ပေးနိုင်ဖို့ ဖြစ်တယ်။

ဆရာညွန့်သောင်း ရေးသားထားသော စီးပွားရေးဆိုင်ရာအယူအဆများမှ ကူးယူဖော်ပြ သည်။

စီးပွားရေး

Open More Online

Related Posts