ဦးသန့်၏ငယ်ဘဝ

မှန်တာ‌ပြော ဟုတ်တာလုပ်သူ

ရိုးသားကြသူများသည် မှန်တာပြော၍ ဟုတ်တာကိုသာ လုပ်ကြသူများဖြစ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်သူများဖြစ်သည်။ ဦးသန့်မှာလည်း ထိုကဲ့သို့ လူမျိုးပင်ဖြစ်သည်။သို့သော် ဦးသန့်ကားပတ်ဝန်းကျင်ကိုတော့ ဂရုပြုအလေးထားလေ့ရှိသည်။
၁၉၅၁ခုနှစ်တွင် မြန်မာ့သမိုင်းကော်မရှင်နှင့် မြန်မာနိုင်ငံဘာသာပြန်စာပေအတွင်းတို့တွင် ပါဝင်တာဝန်ယူခဲ့ရပီး၊ ၁၉၅၂ခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အကဲဖြတ်အဖွဲ့ဟူသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သည့် အလုပ်တာဝန်ဖြစ်သည်။ ရုပ်ရှင် အကယ်ဒမီ ဆုပေးရန် အကဲဖြတ်ရေးချယ်ပေးရသည်မှာ စိတ်မောလူမောနှင့် များစွာပင်ပမ်းသောအလုပ်ဖြစ်သည်။ သို့တိုင် အလုပ်သဘောတွင် မှန်မှန်ကန်ကန်ဖြစ်အောင် သမာသမတ်ကျစွာ ဆုံးဖြတ်အကဲဖြတ်ပေးနိုင်ခဲ့သည်။ ထိုထက်အလုပ်များသူ ဦးသန့်အား ထပ်မံ၍ ဝန်ကြီးချုပ်၏ အတွင်းဝန်ရာထူးကို ပေးအပ်ပြန်ရာ ပိုမို၍ အလုပ်တာဝန်များ ပိသွားလေတော့သည်။ဝန်ကြီးချုပ်၏အတွင်းဝန်ရာထူးမှာ များစွာဂရုစိုက်ရသော အလုပ်ဖြစ်ပီး အချိန်ပြည့်အားရသည်ဟူ၍ မရှိခဲ့ပေ။ ဝန်ကြီး၏ မိန့်ခွန်းမှန်သမျှကို ရေးပေးရခြင်း၊ ထိုမိန့်ခွန်းများတွင် ဘာသာရေး၊ပညာရေး၊လူမူရေး နှင့် နိုင်ငံရေး၊ စီးပွားရေး စသည်များ ပါဝင်ရာ အကျုံးဝင်အောင် ပိုင်နိုင်ထိမိစွာ ရေးသားရ၏။ တက္ကသိုလ်ကျောင်းများတွင် မိန့်ကြားရန်အတွက်ဆိုလျင်လည်း ပညာရေးဆိုင်ရာ ဗဟုသုတများကိုရေးပေးရပီး ဗုဒ္ဓဘာသာအသင်းအဖွဲ့ အစည်းများတွင်လည်းကောင်း၊ သံဃာတော်များနှင့်သက်ဆိုင်သော သာသနာရေးဆိုင်ရာလျှောက်ထားသည့်ပွဲများအတွက် လေးနက်သော ဩဝါဒများပါရှိအောင် ရေးသားရသည်မှာ များစွာခက်ခဲသည်။နိုင်ငံခြားရေးမူဝါဒ၌လည်း ဦးသန့်သည် မိန့်ခွန်းများရေးသား၍ အစွန်းလွတ်ရန် အသံလွင့်ပေးရပေသေးသည်။ မြန်မာ့ကြားနေဝါဒနှင့်ပတ်သတ်၍ ဘောင်ကျော်၍ မ‌ပြောမိ၊ မရေးသားမိစေရန် များစွာသတိထားနေရသည်။ အလုပ်တာဝန်နှင့်စည်းကမ်းပိုင်းတွင် ရိုသေစွာ လိုက်နာခဲ့သည်။ ပုဂ္ဂိုလ်‌ရေးရာအရလည်း ဦးသန့်သည် ဝန်ကြီးချုပ်ဖြစ်သူ ဦးနုအပေါ်၌ သစ္စာစောင့်သိသူဖြစ်သည်။ ယင်းမှာ ယခုမှမဟုတ်၊ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းတွင် ဆုံစည်းကြကတည်းကဖြစ်သည်။ ဦးသန့်နှင့် ဦးနုမှာ အခင်ဆုံးသူငယ်ချင်းများဖြစ်ကြသော်လည်း ပြောစရာရှိလာလျှင် ပြတ်ပြတ်သားသားဖြင့် မျက်နှာမထောက်ပဲ ပြောတတ်သူဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုမှာလည်း ထိုစဉ်အခါက ဩဇာတိက္ကမ ကြီးမားနေချိန်ဖြစ်ပီး အဘက်ဘက်မှကျော်ကြားနေချိန်ဖြစ်သည်။ ထို့ကြောင့် ဦးနုစကားကို ပယ်ရှားဝံ့သူ၊ ပြန်လှန်ပြောဝံ့သူဟူ၍ မရှိပေ။သို့သော် ဦးသန့်မူကား ဟုတ်တိုင်းမှန်ရာကိုထောက်ပြလျက် ဟုတ်တာကို ငြင်းဆန်ပြောဝံ့သူဖြစ်သဖြင့် ဦးနုပင်တစ်ခါတစ်ရံ ဒေါသအိုး ပေါက်ကွဲခဲ့သည်အထိ ရှိခဲ့သည်။ ပြောစရာရှိလျှင် ခတ်ပြတ်ပြတ်ပြော၍ ဝေဖန်စရာရှိလျင် အကြွေးမထား ချက်ခြင်းလက်ငင်း မျက်နှာချင်းဆိုင်ရှင်းလျက် အကောင်းအဆိုးကို ရဲရဲတင်းတင်း ဖွင့်ဟတတ်သူဖြစ်သည်။ တစ်ခါက ဦးနုနှင့် ဦးသန့်တို့ ထိပ်တိုက် ငြင်းခုန်၍ အယူအဆကွဲပြားခဲ့သော ပြဿာနာများ ကြုံခဲ့ရသေးသည်။ တစ်ခါသော် ဝန်ကြီး‌ချုပ်ဖြစ်သူ ဦးနုသည် ပြည်တော်သာစီမံကိန်းကို ရေးဆွဲပီးသောအခါ နောက်ထပ်ထပ်မံ၍ မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၂၅၀၀၀အတွက် ဝမ်းဆွဲဆရာမ သင်တန်းကာလကို ၆လဖြင့် အပြီးဖွင့်လှစ်သင်ကြားမည်။ ယင်းသို့ သင်တန်းဆင်းပီး ဆရာမများအား ကျေးရွာများသို့ တစ်ယောက်စီ စေလွှတ်မည်။ ကျေးရွာများ၌ ယခုလက်သည်များအား လက်သည်လုပ်ခွင့် မပြုရဟု တားဆီးမည်ဟူသော စီမံကိန်းရေးဆွဲတင်ပြလေသည်။ ယင်းကဲ့သို့ ဦးနုရေးဆွဲတင်ပြသော စီမံကိန်းနှင့်ပတ်သတ်၍ အများကမည်သို့မှမပြောကြသော်လည်း လေးလေးနက်နက် မျှော်တွေးတတ်သော ဦးသန့်က ရုတ်ချည်း ကန့်ကွက်ခဲ့လေသည်။ ဦးနုဆိုသကဲ့သို့ ဆရာမပေါင်း ၂၅၀၀၀ခန့်တို့ သင်တန်းဆင်း၍ တစ်ရွာတစ်ယောက် ပို့လေလျှင် ကျေးရွာများရှိ မူလလက်သည်တို့ အလုပ်လက်မဲ့ဖြစ်နိုင်ကြောင်း၊ ထို့အပြင်မြို့ကြီးပြကြီးမှ မိန်းကလေးတစ်ယောက်အဖို့ အလွန်တရာခေါင်လှသော ကျေးတောရွာများသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် အမိန့်ပေးဖို့ ခက်ခဲမည်ဖြစ်ကြောင်း ဝေဖန်ကန့်ကွက်ခဲ့သည်။ ထိုကန့်ကွက်မူပြသာနာနှင့်ပတ်သတ်၍ ဦးနုသည် ဦးသန့်အပေါ်ပေါက်ကွဲလျက် မကျေမနပ်များစွာဖြစ်ခဲ့လေသည်။ ဦးနုဒေါသဖြစ်သည်ကိုသိသောအခါ “မိမိသည်မှန်ရာကို မကွယ်မဝှက် ဝေဖန်ထောက်ပြခြင်းဖြစ်သဖြင့် အလုပ်သဘောသာလျင် ဖြစ်သည်။ စိတ်ဆိုးသော်မတတ်နိုင်ဟု” သဘောပိုက်လျက် နောက်ရက်တွင် ဝန်ကြီးချုပ်၏ အတွင်းဝန်ရာထူးမှနှုတ်ထွက်ခွင့်ပြုရန် စာတင်ခဲ့လေသည်။ ဦးနုမှာလည်း ထိုပြဿနာကို ပြန်လည်သုံးသပ်၍ မိမိပြုလုပ်မည့်စီမံကိန်းကို လက်လျော့လိုက်ပီး ဦးသန့်ကိုပါ အလုပ်ကထွက်ခွင့်မပေးပဲထားလိုက်သည်။ ဦးသန့်ကားမှန်သည်ထင်လျှင် မည်သူ့မျက်နှာကိုမှမထောက် ပြောရဲဆိုရဲသူဖြစ်ကြောင်း ဦးနုသဘောကောင်းကောင်းပေါက်လေသည်။

သန်းထွန်း(လှည်းကူးရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

Related Posts