အနားမှာ ရှိနေတဲ့အတွက် ကျေးဇူးတင်တယ်

တစ်ခါတစ်လေမှာ အချိန်ကုန်တာ မြန်လိုက်တာလို့ ခံစားရတယ်။ တန်ဖိုးထားဖို့ မသိတတ် နားမလည်ချိန်မှာပဲ ငါတို့ဟာ အိုမင်းသွားကြတော့တယ်။ အခု သင့်ဘေးမှာ အဖော်ပြုနေသူက သူပဲလား…သင့်ကို နှစ်နှစ်ကာကာ ချစ်နေသူကရော အဲဒီတစ်ယောက်ပဲလားဟင်…။

တကယ်လို့ ဟုတ်တယ်ဆိုရင် အချင်းချင်း အကြာကြီးဖတ်ပြီး “ကျေးဇူးတင်တယ်”၊ “နင့်ကို ချစ်တယ်” လို့ တစ်ခွန်းလောက် ပြောပေးပါ။

သင် ဆင်းရဲချိန်မှာပဲဖြစ်ဖြစ်၊ ချမ်းသာချိန်မှာပဲဖြစ်ဖြစ် ချစ်နေခဲ့တဲ့ သူ့ကို ကျေးဇူးတင်ပါ။ သင် ကျန်းမာချိန်မှာပဲဖြစ်ဖြစ်၊ ဖျားနာချိန်မှာပဲဖြစ်ဖြစ် ချစ်နေခဲ့တဲ့သူ့ကို ကျေးဇူးတင်ပါ။ သင့်ရဲ့ခေါင်းမာ တဇွတ်ထိုးမှုကို လက်ခံပြီး သင့်ရဲ့စိတ်တိုဒေါသတွေကို ခွင့်လွှတ်ပေးတတ်တဲ့သူ့ကို ကျေးဇူးတင်ပါ။

ဘဝမှာ တွေ့ဆုံခွင့်ရတာကို ကျေးဇူးတင်ပါ။ ဘဝထဲ ဝင်လာခဲ့လို့လည်း ကျေးဇူးတင်ပါ။ ကိုယ့်အချိန်ကို ထူးခြားလှပစေခဲ့တာ၊ ကိုယ့်နေ့ရက်တွေကို နွေးထွေးစေခဲ့တာတွေအတွက် ကျေးဇူးတင်ပါ။ တွေ့ဆုံခဲ့ချိန်ကနေ ယနေ့ထက်အထိ မခွဲမခွာရှိနေတာကိုလည်း ကျေးဇူးတင်ပါ။

ရှေ့ဆက်လျှောက်မဲ့လမ်းက ခန့်မှန်းရခက်တယ်။ နေသာရင်လည်း သာမယ်၊ မိုးပြင်းရင်လည်း ပြင်းမယ်။ သူသာ အနားမှာရှိရင် လှိုင်းလေဘယ်လောက်ကြမ်းကြမ်း အင်အားအပြည့်နဲ့ သင်ဆက်လျှောက်မှာပဲ မဟုတ်လား။

သင်တို့ အချင်းချင်း ဒီလိုချစ်နေဖို့၊ အချစ်ခံနေရဖို့ကို ဆုတောင်းပေးနေပါတယ်။ သိပ်ချစ်ကြရင် ရဲရဲဝံ့ဝံ့ ဟစ်ကြွေးကြည့်ပါ။ နှစ်ကာလတွေ မအိုသရွေ့ ငါတို့ ဘယ်တော့မှ မခွဲဘူးလို့…။

ဆရာမနိုင်းနိုင်းစနေ ရေးသားထားသော “ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts