တကယ်လွှတ်ချနိုင်သွားတဲ့အခါ

ကောင်မလေးတစ်ယောက်က ပြောတယ်…။

“လူတစ်ယောက်ကို တကယ်လွှတ်ချနိုင်လိုက်တဲ့ ခံစားချက်ကို နောက်မှ ကျွန်မသိလိုက်ရတယ်။ အဲ့ဒီခံစားချက်က တအုံအုံမြည်နေတာမျိုး မဟုတ်ဘူး။ နှလုံးသားတစ်ခြမ်း ပဲ့ကြွေသွားတာမျိုးလည်း မဟုတ်ဘူး။ နေ့စဥ်ဘဝကို ကျွန်မ ဆက်လက်ဖြတ်သန်းနေပြီး ထမင်းစားချိန်၊ အလုပ်တက်၊ အလုပ်ဆင်းချိန်၊ ဂိမ်းဆော့နေချိန်မှာ သူ့ကို သတိရနေတတ်ပေမဲ့ ဘာလှိုင်းမှ မထတော့တာပဲ။ သူနဲ့အကြာကြီး ရင်းနှီးခဲ့ပြီးပြီလေ…စိတ်နှစ်ပြီးတော့လည်း အစွမ်းကုန်ချစ်ခဲ့ပြီးပြီလေ…”တဲ့။

လူတစ်ယောက်ကို လွှတ်ချရတာ အရမ်းခက်ခဲမယ်လို့ အရင်က ကိုယ်တို့ ထင်ခဲ့တယ်။ သည်းအူပြတ်မတတ် ချစ်ခဲ့ဖူးတော့ သတိမရအောင်၊ မလွမ်းအောင် နေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တို့ဟာ နောက်ကြောင်းကို အကြိမ်ကြိမ် ပြန်မလှည့်ကြည့်နိုင်တော့ဘူး။ ပျော်ရွှင်ခဲ့တာ၊ ဝမ်းနည်းခဲ့တာတွေကို ထပ်တလဲလဲ သွားမထိတွေ့ချင်တော့ဘူး။ တည်ငြိမ်တဲ့ဘဝမှာ နေသားကျဖို့သာ ကြိုးစားနေထိုင်မိတော့တယ်။ တစ်ယောက်တည်းဆိုပေမဲ့လည်း နေ့ရက်ကို အေးချမ်းစွာပဲ ဖြတ်သန်းချင်တော့တယ်။ လူတစ်ယောက်ကို လွှတ်ချလိုက်ပြီဆိုတာကို စကားအဖြစ်သာ ပြောရုံမဟုတ်ဘဲ စိတ်နှလုံးသားထဲကနေပါ လွှတ်ထုတ်လိုက်သင့်တာပါ။ သူ့သတင်းကိုကြားလည်း ဘာခံစားချက်မှမရှိတော့ဘူး။ သူ့ဓာတ်ပုံမြင်ရင်လည်း ရင်မခုန်တော့ဘူး။ မတော်လို့ လမ်းမှာဆုံခဲ့ရင်လည်း စိတ်သဘောထားကြီးကြီးနဲ့ ရင်ဆိုင်ရဲတယ်။

တွေ့ဆုံခြင်းရဲ့အဓိပ္ပါယ်က အိုမင်းတဲ့အထိ လက်တွဲသွားမယ်ဆိုရုံမဟုတ်ဘဲ နှစ်ဦးသားရဲ့ကြီးပြင်းရင့်ကျက်လာမှုကို မျက်မြင်ကိုယ်တွေ့ ခံစားဖို့လည်းဖြစ်တယ်။ တကယ်လို့ လမ်းခွဲဖို့အကြောင်းဖန်လာရင်လည်း စိတ်လက်ပေါ့ပါးစွာနဲ့ လက်ပြနှုတ်ဆက်ကြရုံပေါ့။ ချစ်ခဲ့ဖူးတာတွေ၊ ပျော်ရွှင်ကြည်နူခဲ့ဖူးတာတွေ၊ အတူလျှောက်လှမ်းခဲ့ဖူးတဲ့ အချိန်နေ့ရက်တွေကို မှတ်သားထားပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းရုံပေါ့။

နင့်ရဲ့ကမ္ဘာမှာ နင်ဟာ နင့်ရဲ့အလင်းဖြစ်ပါစေ။ အမြဲတမ်း ထွန်းလင်းတောက်ပနေပြီး ဆွဲဆောင်မှုနဲ့ပြည့်နေပါစေလို့ ကိုယ်တောင်းဆုပြုပါတယ်ပေါ့။

ဆရာမနိုင်းနိုင်းစနေ ရေးသားထားသော “ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts