ဒီတစ်သက်မှာ နင်နဲ့ပဲ ပတ်သက်တယ်

အချစ်ရဲ့ပုံသဏ္ဍန် ထောင်ပေါင်းများစွာရှိတယ်။

ကိုယ်စိတ်ကူး ပုံဖော်မိတဲ့ အကောင်းဆုံးပုံသဏ္ဍန်က နင်နဲ့အတူ အိမ်ကလေးတစ်အိမ်၊ လူက နှစ်ယောက်၊ တစ်နေ့သုံးနပ်၊ ဥတုရာသီသုံးပါးနဲ့ပေါ့။

နေ့အချိန်မှာ အလုပ်ကိုယ်စီနဲ့ ကိုယ်တို့ အလုပ်များကြမယ်။ ညအချိန်မှာ ကိုယ်တို့ယုယကြင်နာကြမယ်။ က်ုယ်တို့နေထိုင်နေတဲ့ မြို့ပြမှာ နေ့ရက်တိုင်း ဇာတ်လမ်းမျိုးစုံ ဖြစ်ပျက်နေကြတယ်။ လူတစ်ချို့တွေ့ဆုံကြတယ်။ လူတစ်ချို့ ချစ်ကြိုက်ကြတယ်။ လူတစ်ချို့ ခွဲခွာကြတယ်။ လူတစ်ချို့ သက်ဆုံးတိုင် အတူတကွ ရှိနေကြတယ်။ လူတစ်ယောက်က မြို့တစ်မြို့ကို ချစ်မိသွားတယ်ဆိုတာ အဲဒီမြို့စည်ကားလွန်းလို့မဟုတ်ဘူး။ အဲဒီမြို့မှာ သူချစ်တဲ့သူရှိလို့ အဲဒီမြို့ဟာ သူ့အတွက် ထူးခြားသွားတာပါ။

လူအများက အချစ်နဲ့ပတ်သက်လာရင် ခံ့ညားထည်ဝါနေဖို့ မမျှော်လင့်ဘူး။ ရိုးစင်းသာမန်ဖို့ကိုပဲ မျှော်လင့်ကြတယ်။

နှစ်ယောက်သား ဘဝကို ရိုးရိုးစင်းစင်းဖြတ်သန်းရင်း အိမ်အတွင်းရေးလေးတွေ ဆွေးနွေးတိုင်ပင်ကြမယ်။ နင် အရမ်းကောင်းစရာမလိုဘူး… ကိုယ် ချစ်ရင်ရပြီ။ ကိုယ် အရမ်းကြီးထူးချွန်နေစရာမလိုဘူး… နင် နှစ်သက်သဘောကျရင် ရပြီ။

အချစ်စတင်ချိန်မှာ အချစ်ကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားအဖြစ် ကိုယ်တို့ ထင်မြင်လိုက်တတ်ကြတယ်။ ထူးခြားဆန်းကြယ်မယ်၊ ဇာတ်အတက်အကျရှိမယ်၊ မပြောင်းလဲတဲ့ ကတိသစ္စာတွေရှိမယ်ဆိုပြီးတော့ပေါ့။

ဒါပေမဲ့ ဘဝဆိုတာ ရိုးရိုးစင်းစင်းပဲလေ… အဲဒီလောက် ထူးခြားဆန်းကြယ်တာ မရှိဘူး။ အရိုးအသားထဲ စိမ့်ဝင်လောက်တာမျိုး မရှိဘူး။ အချိန်တော်တော်များများမှာ သူဟာ နူးညံ့နွေးထွေးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ စကားတစ်လုံး၊ စာတစ်ကြောင်းက ကြည့်ရတာ ဘာမှထူးခြားမှုမရှိဘူးဆိုပေမယ့် လူကို တစ်သက်တာ မမေ့ရက်စေပါဘူး။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်…။

“နင်ပါရင် အရပ်လေးမျက်နှာက အိမ်ပဲ၊ နင်မပါရင် ဘယ်ရောက်ရောက် လေလွင့်တာပါပဲ” တဲ့။

ပျော်ရွှင်ခြင်းဆိုတာ နင်နဲ့ ငါဆုံတယ်။ နှစ်ယောက်သား တစ်အိမ်ထူတယ်။  နွေ မိုး ဆောင်း၊  မနက် နေ့လယ် ည ဒီတစ်သက်မှာ ငါဟာ နင်နဲ့ပဲ ပတ်သက်နေတော့တယ်။

ဆရာမနိုင်းနိုင်းစနေ ရေးသားထားသော “ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts