အငြင်းပွားမှုကို ဘယ်လိုဖြေရှင်းမလဲ

အလုပ်ရှင် ဒါမဟုတ် အလုပ်သမား တစ်ဖက်ဖက်က မိမိတို့ရဲ့နစ်နာချက်ကို တစ်ဦးချင်းအငြင်းပွားမှု ညိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို တိုင်ကြားနိုင်ပြီး ကျေနပ်မှုမရှိခဲ့လျှင် ကိုယ်တိုင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးကို လျှောက်ထားနိုင်ပါတယ် (အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ(၂၃))။ ဘယ်လုပ်ငန်းရှင်မဆို တိုင်ကြားမှုကို လာရောက်ညိနှိုင်း ဖြေရှင်းဖို့ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ပျက်ကွက်လို့ မရပါဘူး (ပုဒ်မ(၃၈))။ ဒါကြောင့် အလုပ်ရှင်ဖြစ်သူတွေအနေနဲ့ တိုင်ကြားမှုကို ညိနှိုင်းဖြေရှင်းဖို့ အလေးထားရပါမယ်။ ပျက်ကွက်ခဲ့မယ်ဆိုရင် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းချမှတ်ခံရပါမယ် (ပုဒ်မ(၄၆))။

အငြင်းပွားမှုကို ဖြေရှင်းပေးတဲ့ခုံအဖွဲ့ဟာ အငြင်းပွားမှုကို လက်ခံရရှိတဲ့နေ့ရက်ကစပြီး တရားဝင်ရုံးပိတ်ရက်မပါ ၁၄ ရက်အတွင်း ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ် (ပုဒ်မ ၂၈ ပုဒ်မခွဲ (က))။ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်အငြင်းပွားသူတွေက သဘောတူတယ်ဆိုရင် အဲ့ဒီဆုံးဖြတ်ချက် ချမှတ်တဲ့နေ့ရက်ကစပြီး အတည်ဖြစ်တယ် (ပုဒ်မ (၃၄))။ အဲဒီလို အတည်ဖြစ်ပြီးသွားတဲ့ ဆုံးဖြတ်ချက်ကို အငြင်းပွားမှုနဲ့ သက်ဆိုင်သူအားလုံး၊ အငြင်းပွားမှုမှာပါဝင်တဲ့ အလုပ်ရှင်ရဲ့ ဥပဒေအရ တရားဝင်ဆက်ခံသူတွေ၊ အငြင်းပွားမှုဖြစ်တဲ့အချိန်မှာ အငြင်းပွားမှု ဖြစ်ပွားပြီးနောက် အဲဒီလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားအားလုံးက လိုက်နာကြရမှာဖြစ်ပါတယ် (ပုဒ်မ(၃၇)(က)(ခ)(ဂ))။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts