သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက် မလုပ်ပါ | သူငယ်ချင်းနှစ်ယောက် အစုစပ်လုပ်ငန်း (Part 2)

ပြောပြောဆိုဆိုနဲ့ ကျွန်တော်က ပုံစံခွက်တစ်ခုကို အဖုံးဖွင့်ပြီး ပြလိုက်ပါတယ်။ သတ္တုရောင် ပိုက်ဆံပြားတစ်ပြား ထွက်လာတယ်။ “ဘုရားသခင်။ မင်းတို့က ခဲထဲက နီကယ်ထုတ်ပြီး ပိုက်ဆံလုပ်နေကြတာကိုး” ဖေဖေက ပြုံးရင်းက ခေါင်းကိုခါရမ်းလိုက်ပါတယ်။ ပြီးတော့ ပိုက်ဆံကို အတုလုပ်လို့မရကြောင်းနှင့် အတုလုပ်တဲ့ အပြစ်တွေကိုပါ ရှင်းပြပါလေရော။ ကျွန်တော်တို့ အိမ်မက်လေးလည်း ပြိုပျက်သွားရပါပြီ။

“အန်ကယ်ဆိုလိုတာက ကျွန်တော်တို့ဟာ ဥပဒေချိုးဖောက်ရာ ရောက်တယ်ပေါ့။ ဟုတ်လား။” မိုက်က အသံတုန်တုန်နဲ့ ဖွင့်မေးတယ်။ ဖေဖေက အေးအေးသက်သာပဲ။

“ဟုတ်တယ်။ ဥပဒေနှင့် မလွတ်ဘူး။ ဒါပေမယ့် မင်းတို့ကလေးတွေအနေနဲ့ အရာမထင်ပါဘူးကွာ။ သားတို့မှာ တီထွင်ဉာဏ်နှင့် စိတ်ကူးဉာဏ် ကြီးကြီးကျယ်ကျယ်ရှိတာကို ပြလိုက်တာပါပဲ။ ဆက်လုပ်၊ မင်းတို့အတွက် အဖေ ဂုဏ်ယူတယ်ဟေ့”

ဘာပဲပြောပြော ကျွန်တော်နှင့် မိုက် စိတ်ပျက်သွားကြရပါတယ်။ ကျွန်တော်က မေးမိတယ်။

“ဖေဖေ၊ ဖေဖေကော ဘာကြောင့် မချမ်းသာခဲ့ရတာလဲ”

“ဖေဖေက ကျောင်းဆရာဘဝကို ရွေးခဲ့တာကိုးကွ။ ကျောင်းဆရာဆိုတာ သူဌေးဖြစ်ဖို့ စဉ်းစားကြတာ မဟုတ်ဘူး။ တို့က စာသင်ပေးနေရရင်ကို ကျေနပ်နေပြီ။ သားတို့ကို ဖေဖေ ကူညီဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ငွေ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖေဖေ တကယ်မသိတာပါ။”

မိုက်နဲ့ ကျွန်တော်ဟာ ကျွန်တော်တို့ အလုပ်ခန်းလေးကို ပြန်ရှင်းလင်းသိမ်းဆည်းနေဆဲမှာပဲ ဖေဖေက …

“အဲ ဟုတ်ပြီ။ သားတို့ ချမ်းသာနည်းကိုသိချင်တယ်ဆိုရင်တော့ အန်ကယ့်ကို မမေးနှင့်။ မင်းဖေဖေကြီးနှင့်သာ ပြောပေတော့ မိုက်”

“ကျွန်တော့်ဖေဖေ၊ ဟုတ်လား”  မိုက်က မျက်နှာငယ်လေးနဲ့ ပြန်မေးတော့ …

“ဟုတ်တယ်။ မင်းဖေဖေ” ကျွန်တော့်ဖေဖေက ပြုံးပြုံးလေးနဲ့ ထပ်ပြောလိုက်ပါတယ်။

“မင်းဖေဖေနဲ့ အန်ကယ်တို့ရဲ့ ဘဏ်ပိုင်ရှင်ဟာ တစ်ယောက်တည်းပဲကွ။ ဘဏ်ပိုင်ရှင်က မင်းဖေဖေအကြောင်း တစ်ဖွဖွ ပြောလို့ကို မဆုံးဘူး။ အဲဒီထဲမှာ မင်းအဖေဟာ ငွေတွေလုပ်တာ သိပ်တော်တဲ့ အကြောင်းပါတယ်လေ”

“ကျွန်တော့် ဖေဖေက ငွေလုပ်တတ်တယ်။ ဟုတ်လား။” မိုက်က မယုံနိုင်သလို ထပ်မေးခဲ့ရာက…

“ဒါဖြင့် ကျောင်းကကောင်တွေလို ကျွန်တော်တို့မှာ အပျံစားကားကောင်းကြီးတွေနဲ့ တိုက်အိမ်ကြီး ဘာလို့ မရှိရတာလဲ”

“မင်း ချမ်းသာပြီဆိုတာ  တိုက်ကောင်းကောင်း၊ ကားကောင်းကောင်းကြီး ရှိရုံလောက်ကို ပြောတာ မဟုတ်ဘူးကွ။ အဲ… မင်းငွေလုပ်တတ်ဖို့ပဲ လိုတယ်” ကျွန်တော့်အဖေက ပြန်ရှင်းပြလိုက်တယ်။

“ဂျင်မီ့အဖေဟာ ကြံစိုက်ပျိုးရေးလုပ်ငန်းမှာ ဝင် လုပ်ခဲ့တယ်။ သူနှင့် အန်ကယ်နှင့် အဆင့်ချင်း သိပ်ကွာတာမဟုတ်ပါဘူး။ သူက ကုမ္ပဏီအတွက် လုပ်ပေးပြီး၊ အန်ကယ်က အစိုးရအတွက် လုပ်ပေးတာ။ ကုမ္ပဏီက သူ့ကို ကားဝယ်ပေးခဲ့တာကလား။ သကြားကုမ္ပဏီငွေကြေးအခက်တွေ့တဲ့အခါ သူလည်း ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ ဒီမယ် မိုက်။ မင်းအဖေကတော့ သူနှင့် တခြားစီပဲ။ မင်းဖေဖေက သူ့ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီး ထူထောင်နေတာကွ။ မကြာခင် မျက်စိအောက်မှာပဲ မင်းဖေဖေဟာ သန်းကြွယ်သူဌေးကြီး ဖြစ်လာမယ်လို့ အန်ကယ်ထင်တယ်”

ဒီစကားတွေ ကြားလိုက်ရတော့ မိုက်နှင့် ကျွန်တော် စိတ်လှုပ်ရှားသွားကြပြန်ပါရော။ ကျွန်တော်တို့လည်း ရှုပ်ပွနေတဲ့ အခန်းကို အားကြိုးမာန်တက် ရှင်းပစ်လိုက်ကြတယ်။ သန့်ရှင်းရေးလုပ်ရင်းက မိုက်ဖေဖေနှင့် တွေ့ရင် ဘာတွေ ဘယ်လို ပြောကြမလဲ တိုင်ပင်မိကြပြန်တယ်။

ပြဿနာက မိုက်ရဲ့ အဖေဟာ တစ်နေကုန် အလုပ်သွားနေပြီး၊ တစ်ခါတစ်လေ မိုးချုပ်တာတောင် ပြန်မလာတတ်တာပဲ။ သူ့အဖေဟာ ကုန်ရုံတွေရယ်၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရယ်၊ စတိုးဆိုင်တွေရယ်၊ စားသောက်ဆိုင် သုံးဆိုင်လည်းပိုင်တယ်။ သူ့အိမ်ပြန်နောက်ကျရတာ စားသောက်ဆိုင်တွေ ဝင်ကွပ်ကဲနေရလို့ပါပဲ။

မိုက်က သူ့ဖေဖေကို အကျိုးအကြောင်း ကြိုပြောပြီး . . . စနေမနက် ခုနှစ်နာရီခွဲမှာတော့ ကျွန်တော်တို့မြို့က ဆင်းရဲသားရပ်ကွက်ဘက်ကို ဘတ်စ်ကားစီးပြီး ရောက်သွားပါတော့တယ်။

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 4) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts