သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 6)

သူဌေးဖေဖေက စကားဆက်တယ်။ “အဲ၊ မင်းဟာ ခံနိုင်ရည်နှင့် သတ္တိမရှိတဲ့ လူစားထဲ ပါနေပြီဆိုရင်တော့ ဘဝက ဖိအားပေးတိုင်း လက်မြှောက် အရှုံးပေးနေရုံပဲ။ တကယ်လို့ မင်းဟာ ဘဝလုံခြုံမှု ရအောင် လှုပ်ရှားနေမယ့် လူစားအနေနဲ့ မှန်တာတွေပဲ လုပ်မိရင်းက မင်းကိုယ်မင်း ကယ်ဆယ်ရာ ရောက်မှာပဲ။ မဖြစ်သင့်တာတွေလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ နောက် ငြီးငွေ့ထိုင်းမှိုင်းတဲ့ လူကြီး မဟုတ်တော့ဘူး။ အလုပ်သမားကောင်း အဖြစ်နဲ့ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ အများကြီး ရလိမ့်မယ်။ ဘဝလုံခြုံမှုရအောင် လှုပ်ရှားရင်းက မှန်တာတွေ လုပ်ခဲ့လို့ပဲ။ ဒါပေမယ့် တကယ်စင်စစ်ကတော့ ဘဝရဲ့ ဖိအားပေးတဲ့ဒဏ်ကို အလိုက်သင့် ခံခဲ့လို့ပဲ။ မင်းကို ဆင်းရဲတွင်းထဲ ဆွဲနှစ်ပစ်မှာကတော့ စွန့်စားရမှာကို ကြောက်တဲ့ စိတ်ပေါ့။

“မင်းဟာ အမှန်တကယ် အောင်မြင်ချင်တယ်။ ဒါပေမယ့် ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်ဟာ အောင်မြင်လို့ ခံစားရမယ့်စိတ်ထက် ပိုကြီးမားနေတယ်။”

“မင်းကိုယ်မင်း နက်နက်ရှိုင်းရှိုင်း ပြန်စစ်ကြည့်။ အဲသလို အဖြစ်ဆိုးမျိုး မကြုံချင်ဘူးဆိုတာ မင်းနဲ့ မင်းသာ နားလည်လိမ့်မယ်။ မင်းက လုံခြုံစိတ်ချရတဲ့ ဘဝမှာ လှုပ်ရှားနေဖို့ ရွေးချယ်ခဲ့တာပဲလေ။”

ကျွန်တော်တို့ချင်း မျက်လုံးတွေ ပြန်ဆုံမိကြပြန်တယ်။ ဆယ်စက္ကန့်လောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိပြီး သူ့စကားကို သဘောပေါက် လက်ခံလိုက်မိတာနဲ့တစ်ပြိုင်နက် မျက်လုံး လွှဲမိလိုက်ပါတယ်။

“ဒါဖြင့် အန်ကယ် ကျွန်တော့်ကို တမင် ဖိအားပေးခဲ့တယ်ဆိုပါတော့”  မေးခွန်းထုတ်လိုက်တော့ သူဌေးဖေဖေက ပြုံးရင်း . . .

“တစ်ချို့လူတွေကတော့ အဲသလိုပဲ ပြောလိမ့်မယ်။ ငါကတော့ မင်းကို ဘဝရဲ့ အရသာလေး မြည်းခိုင်းရုံပါလို့ ပြောမှာပဲ။”

“ဘဝရဲ့ အရသာဟာ ဘာလဲ” ကျွန်တော်က စိတ်ဆိုးမပြေသေးပေမယ့်  သိချင်စိတ်နဲ့ မေးမိတာပါ။ ပညာသင်ဖို့ အသင့်ဖြစ်နေတဲ့ အနေအထားနဲ့ပေါ့။

“အင်း၊ မင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ငွေ လုပ်နည်း သင်ပေးဖို့ ငါ့ကို ပထမဆုံး တောင်းဆိုခဲ့သူတွေပါပဲ။ ငါ့မှာ အလုပ်သမား တစ်ရာ့ငါးဆယ်ကျော် ရှိတဲ့ကြားက တစ်ယောက်မှ ငွေအကြောင်း ငါဘာတွေသိလဲလို့ မမေးဖူးကြဘူး။ သူတို့က ငါ့ကို အလုပ်တစ်ခုရယ်၊ လစာရယ် ပေးဖို့ပဲ တောင်းကြတာလေ။ သူတို့ကို ငွေအကြောင်း သင်ပေးဖို့ တစ်ခါမှ မပြောဖူးကြဘူး။ ဒါကြောင့်လည်း သူတို့ အများစုဟာ သူတို့အသက်ရှင်နေသမျှ အဖိုးတန် နှစ်ကာလတွေကို ငွေရဖို့ပဲ အလုပ် လုပ်သွားကြရတယ်။ သူတို့ ဘာအတွက် အလုပ်လုပ်နေကြတယ်ဆိုတာ တကယ့်ကို နားမလည်ခဲ့ရှာကြဘူး”

ကျွန်တော်က ငုတ်တုတ်လေး စိတ်ပါလက်ပါ နားထောင်နေခဲ့မိလေရဲ့။

“ဒီလိုနဲ့ ငွေရအောင်လုပ်နည်းကို သင်ချင်တယ်ဆိုတဲ့ မင်းအကြောင်း မိုက်ပြောလိုက်တာနဲ့ လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးသင်တန်းတစ်ခုကို ပုံစံဆွဲဖို့  ငါဆုံးဖြတ်ခဲ့တော့တာပဲ။ ငါ တစ်မျက်နှာလုံး ပြာနှမ်းပြီး လျှာထွက် အမောဆို့တဲ့ အထိ မင်းကို ငါပြောပြနိုင်ပါတယ်။ ဒါပေမယ့် မင်းတစ်လုံးမှ သဘောပေါက်မှာ မဟုတ်ဘူး။ ဒီတော့ မင်း ငါ့စကားကိုနားလည်အောင် ဘဝပေးသင်ခန်းစာနှင့် ဖိအားပေးခဲ့ရတာပဲ။ ဒါဟာ မင်းကို ငါဆယ်ဆင့်တည်း ပေးခဲ့တဲ့ အကြောင်းရင်းပါပဲ”

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 10) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts