သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 5)

“ဟုတ်တယ်။ ဒီအတိုင်းပဲ။”

သူဌေးဖေဖေက ပြုံးလိုက်တယ်။ “အေး၊ အဲဒါက မင်းတို့ ကျောင်းမှာ သင်တဲ့ ပုံစံပဲကွ။ ဘဝမှာ ပညာသင်တာတော့ အဲသလို မဟုတ်ဘူး။ အဲ၊ ဘဝဟာ အားလုံးထဲမှာ အတော်ဆုံးဆရာကြီးလို့ ငါပြောချင်တယ်။ ဘဝဆိုတာက မင်းကို အချိန်ပြည့် စကားပြောနေတာမဟုတ်ဘူး။ မင်းကို တွန်းအားပေးနေရုံပဲ ရှိမယ်။ တွန်းချက်တိုင်းမှာ ဘဝက စကားပြောနေတာပဲ။ ‘ထစမ်း၊ နိုးကြားစမ်း။ ဒီမှာ မင်းကို ငါပညာသင်ပေးမလို့’ ဆိုပြီး လှုံ့ဆော်နေတယ်လေ”

ကျွန်တော်လည်း တွေတေသွားရာက ကျွန်တော့်ကိုယ် ကျွန်တော် ကျိတ်မေးမိတယ်။

‘ဒီလူကြီး ဘာတွေပြောနေတာလဲ။ ဘဝက တွန်းအားပို့နေတယ်တဲ့။ ငါ့ကို ဘဝက စကားပြောနေတာတဲ့” ကျွန်တော် အလုပ်ကထွက်မှပဲလို့ တွေးလိုက်တယ်။ လက်စသတ်တော့ ကျွန်တော့်ကို ဖမ်းလှောင်ထားချင်တဲ့ လူကြီးနဲ့မှ စကားပြောမိနေတာကိုး။

သူကတော့ မလျှော့သေးဘူး။ “မင်း ဘဝသင်ခန်းစာတွေကို သင်ကြားပြီးရင် ရှေ့ခရီးကို ကောင်းကောင်း ဆက်လျှောက်နိုင်မှာပဲ။ ဒီလိုမှ မသင်ရင်တော့ ဘဝက မင်းကို ဆက်ဖိနေမှာ  သေချာတယ်။ လူတွေဟာ အလုပ်နှစ်ခု လုပ်ကြတယ်။ တစ်ချို့က ဒေါသထွက်ပြီး ပြန်တွန်းကြကန်ကြနဲ့ပေါ့။ ဒါပေမယ့် သူတို့ တွန်းကန်ပုံက သူတို့ရဲ့ အလုပ်ရှင်တွေ၊ သူတို့ရဲ့ အလုပ်တွေ၊ ဒါမှမဟုတ် သူတို့ ခင်ပွန်းနှင့် သူတို့ ဇနီးတွေအပေါ်သာ ဖြစ်တယ်။ ဘဝက သူတို့ကို ဖိအားပေးနေတာတော့ နားမလည်ကြဘူး”

ခုထက်ထိ သူပြောနေတဲ့ စကားတွေကို ကျွန်တော် သဘောမပေါက်သေးတာ အမှန်ပါပဲ။

“ဘဝက တို့အားလုံးကို ဖိအားပေးတယ်။ တစ်ချို့က အရှုံးပေးလိုက်တယ်။ တစ်ချို့က ပြန်တိုက်ကြတယ်။ လူနည်းစုလေးသာ ဘဝက သင်ခန်းစာယူပြီး ရှေ့ဆက် ချီတက်နိုင်ကြတာကွ။ အဲဒီလူတွေက ဘဝက ဖိနှိပ်လာတာတွေကို လက်ခံကြိုဆိုတယ်။ သူတို့ဟာ တစ်ခုခုသင်ယူချင်တယ်။ သင်ဖို့ လိုအပ်တယ်လို့ ယူဆတဲ့ လူတွေပဲ။ သူတို့က ပညာယူပြီး ဘဝခရီးဆက်ကြတယ်။ အများအားဖြင့်တော့ အလုပ်က ထွက်ကြတယ်။ အနည်းငယ်ကတော့ မင်းလိုပဲ ပြန်တိုက်ကြတယ်”

သူဌေးဖေဖေက မတ်တပ်ထပြီး၊ ပြင်ဖို့ လိုနေတဲ့ ပြတင်းပေါက်ဆွေးကြီးကို ပိတ်လိုက်ပါတယ်။

“မင်းအနေနဲ့ ဒီသင်ခန်းစာတွေကို ပိုင်ပိုင်နိုင်နိုင် သင်လိုက်လို့ရှိရင် ပညာဉာဏ်ကြီးမားပြီး အမြင်ကျယ်တဲ့၊ ချမ်းသာပြီး ပျော်ရွှင်တဲ့ လူငယ်တစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ မင်းဘဝတစ်လျှောက်လုံး လခ နည်းမယ်။ အလုပ်ကိုပဲ အပြစ်တင်နေမယ်။ အဲ၊ ပြဿနာရှိသမျှ မင်းအလုပ်ရှင်ကိုပဲ အပြစ်ဖွဲ့နေမယ်။ မင်းဘဝမှာ ငွေကြေးပြဿနာတွေ ပြေလည်ဖို့ ဘယ်နေမှန်းမသိတဲ့ ဧရာမ အခွင့်အရေးကောင်းတစ်ခုကိုသာ မျှော်လင့်ပြီး အသက်ရှင်သွားရတော့မှာပဲ။

သူဌေးဖေဖေက သူ့စကားကို ကျွန်တော် နားထောင်နေခြင်း ရှိ၊ မရှိ တစ်ချက် လှမ်းကြည့်ပါတယ်။ သူနှင့် ကျွန်တော် မျက်လုံးချင်း ဆုံလိုက်ပါလေရော။ ကျွန်တော်တို့ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့် ရင်းက မျက်လုံးတွေကတစ်ဆင့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု စီးဆင်းနေသလိုပါပဲ။

နောက်ဆုံးကျွန်တော်ဟာ သူ့ရဲ့ အဆုံးသတ်သတင်းစကားကို နားဝင်သွားရာက ချက်ချင်းပဲ မျက်စိလွှဲလိုက်မိပါတော့တယ်။ သူ မှန်တယ်ဆိုတာကို ကျွန်တော် သိလိုက်ပါပြီ။ ကျွန်တော်က သက်သက်မဲ့ အပြစ်တင်နေတာပါ။ တကယ်တော့ ကျွန်တော်ကပဲ ပညာသင်ပေးပါလို့ တောင်းဆိုခဲ့တာ မဟုတ်ပါလား။ ခုတော့ သူခိုင်းတာ မလုပ်ဘဲ အလကား ရန်ထောင်နေမိတဲ့ ကျွန်တော်ပေါ့။

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 9) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts