သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 4)

“အန်ကယ်ပြောတော့ အလုပ်လုပ်ပေးရင် ပညာသင်ပေးမယ်ဆို။ ကဲ… ကျွန်တော် အန်ကယ်အတွက် အလုပ်တွေ လုပ်ပေးခဲ့ပြီးပြီ။ လုပ်တာမှ အပြင်းအထန်ပဲ။ အန်ကယ့်အလုပ်လုပ်ဖို့ ဘေ့စ်ဘောကစားပွဲတွေတောင် မကစားဘဲ ထွက်ခဲ့ရတယ်။ ဒါပေမယ့် အန်ကယ်က ဒီမြို့က ရှိသမျှလူတွေထဲမှာ အကောက်ကျစ်ဆုံးလူလိမ်ကြီးပဲ။ ပြီးတော့ လောဘလည်း အရမ်းကြီးတယ်။ အန်ကယ်ရဲ့ အလုပ်သမားတွေအပေါ် ကြင်နာသနားမှုလည်း လုံးဝမရှိဘူး။ ခုကြည့်၊ ကျွန်တော့်ကို စောင့်ခိုင်းပြီး တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ဘူး။ ကျွန်တော်ဟာ အန်ကယ့်သားနဲ့ ရွယ်တူ ကျောင်းသားလေးတစ်ယောက်ပါ။ ဒီထက်ပိုပြီးတော့ အရေးတယူ ဂရုတစိုက်ရှိသင့်တာပေါ့”

သူဌေးဖေဖေက ဆုံလည်ကုလားထိုင်ကြီးပေါ် နောက်ပြန်မှီချလိုက်ရာက မေးကို လက်ဖျားနဲ့ ပွတ်ပြီး ကျွန်တော့်ကို အကြည့်တစ်မျိုးနဲ့ စိုက်ကြည့်နေတယ်။ သူကျွန်တော့်ကို အကဲခတ်နေပုံပါပဲ။ ပြီးတော့

“အင်း၊ မင်းလည်း မဆိုးပါဘူး။ တစ်လတောင် မကြာလိုက်ဘူး။ ငါ့အလုပ်သမားတွေ လေသံမျိုး ထွက်လာတာပဲ။

“ဗျာ . . . ” သူ့စကားကို နားမလည်လိုက်သလို၊ အာမေဋိတ်နှင့် ပြန်မေးလိုက်မိရာက  ဒေါနဲ့ မောနဲ့ပဲ စကားဆက်မိတယ်။

“တကယ်တမ်း ကတိတည်ပြီး ကျွန်တော့်ကို ပညာသင်ပေးရမှာက အန်ကယ်ဗျ။ ခု‌တော့ အဲဒီအစား ကျွန်တော်ကို အသားလွတ် ခြိမ်းခြောက်နေတာလား။ သိပ်ရက်စက်တာပဲဗျာ။ တကယ့်ကို အရမ်းရက်စက်တာပဲ”  

သူဌေးဖေဖေက ခပ်အေးအေးပဲ။ တည်ငြိမ်တဲ့ လေသံနဲ့… “မင်းကို ငါ ပညာပေးနေတာပဲကွ” တဲ့။

ကျွန်တော်လည်း အကြီးအကျယ် ဒေါကန်သွားတယ်။ “ အိုး…၊ အန်ကယ် ကျွန်တော့်ကို ဘာတွေသင်ပေးခဲ့လို့လဲ။ ပိုက်ဆံလေး တစ်ပြားနှစ်ပြားနဲ့ အလုပ်တွေချည်းပဲ နင်းကန် လုပ်ခိုင်းခဲ့ပြီးတော့ တစ်နာရီမှ ဆယ်ဆင့်ပဲ။ ဟားး ၊ ဒီအတိုင်းဆို အန်ကယ့်အကြောင်း အစိုးရကို တိုင်ရမယ်ထင်တယ်။ ကျွန်တော်တို့မှာ ကလေးအလုပ်သမားဥပဒေ ရှိတာကော အန်ကယ်သိမှာပေါ့။ ကျွန်တော့် အဖေ အစိုးရဝန်ထမ်းဆိုတာလည်း အန်ကယ်သိမှာပါပဲ”

သူဌေးဖေဖေက သက်ပြင်းမှုတ်လိုက်တယ်။ “ဝူး … ခုတော့ ငါ့အလုပ်သမားတွေနဲ့ ပိုတူသည်ထက် တူလာပြီပဲ။ အဲဒီကောင်တွေဟာ ငါက သူတို့ကို အလုပ်ထုတ်ပစ်ချင် ပစ်။ ဒါမှမဟုတ် သူတို့ဘာသာ အလုပ်ထွက်သွားကြတာပဲ”

“ဒီတော့ အန်ကယ် ဘာပြောချင်သေးလဲ။” ကျွန်တော်က ကလေးအရွယ်နှင့် မလိုက်အောင် ရဲရင့်ပြီး သတ္တိတွေ ရှိလာရာကနေ ခပ်တည်တည်မေးလိုက်မိပါတယ်။ တစ်ဆက်တည်းမှာလည်း…

“အန်ကယ် ကျွန်တော့်ကို ညာတယ်။ အန်ကယ်အတွက် အလုပ်လုပ်ပေးခဲ့ပေမယ့် အန်ကယ်က ကတိမတည်ခဲ့ဘူး။ ကျွန်တော့်ကို ဘာပညာမှ မသင်ပေးခဲ့ဘူး”

“ငါ မင်းကို ဘာမှ မသင်ပေးဘူးလို့ မင်းဘယ်လို သိလဲ” သူဌေးဖေဖေက ခပ်အေးအေးပဲ ပြန်မေးလိုက်ပါတယ်။

“ဩ၊ အန်ကယ် ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောခဲ့ဘူးလေ။ ကျွန်တော် သုံးပတ်လုံးလုံး အလုပ်လုပ်ပေးခဲ့တဲ့တိုင်အောင် ဘာတစ်လုံး သင်ပေးဖူးလို့လဲ”

ကျွန်တော်လည်း စူစူဆောင့်ဆောင့်လေး တုံ့ပြန်လိုက်တာပေါ့။

“နေပါဦးကွ။ ပညာသင်တယ်ဆိုတာ စကားနဲ့ ပြောမှလား။ ဒါမှမဟုတ် လက်ချာတွေ‌ ပေးမှလား။”

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 8) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts