သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ

သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ (Part 2)

ကျွန်တော်နဲ့ မိုက်အဖို့ ကြီးပြင်းလာချိန်မှာ ထင်တိုင်းပေါက်ပြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်ခဲ့ကြတယ်လေ။ အဲဒါဟာ ကလေးဘဝကတည်းက ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး အခြေခံ အုတ်မြစ်ခိုင်မာတဲ့ သဘောသဘာဝတွေကို လေ့လာသင်ကြားခဲ့ရလို့ပဲပေါ့။

ငွေကြေးအကြောင်း ဂဃနဏ နားမလည်ဘဲ ကျောင်းထွက်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော ပညာတတ်တွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပညာအလျောက် အောင်မြင်မှုတွေ ရနေကြပေမယ့် နောက်ပိုင်းမှာ ငွေကြေးအခက်အခဲ ကြုံလေ့ရှိပါတယ်။

သူတို့ဟာ အလုပ်ကို ဆတိုးကြိုးစားလုပ်ကြပေမယ့် ရှေ့မတက်နိုင်ဘဲ ယက်ကန်ယက်ကန် ပက်လက်လန်ခဲ့ကြရတယ်။

သူတို့ပညာရေးရဲ့ ချို့ယွင်းလစ်ဟာချက်က ‘ငွေဖြစ်အောင်လုပ်နည်း’ မပါဘဲ၊ ‘ငွေကို ဘယ်လို သုံးရဖြုန်းရမယ်’ ဆိုတာသာ ပါခဲ့လို့ ဖြစ်ပါတယ်။

အဲဒါကို ဘဏ္ဍာငွေကြေးဆိုင်ရာ အရည်အချင်းလို့ ခေါ်ပါတယ်။ ငွေ လက်ထဲရလိုက်တာနဲ့ ဘာလုပ်မယ်၊ တခြားလူတွေ လက်ထဲ ပါမသွားအောင် ဘယ်လိုစောင့်ရှောက်သိမ်းဆည်းမယ်၊ ဘယ်လောက်ကြာကြာ သိမ်းထားမယ်၊ ဒီငွေတွေကို ဘယ်အထိ အလုပ်လုပ်ခိုင်းမယ် ဆိုတာတွေ အပါအဝင်ပေါ့။

လူအတော်များများကတော့ သူတို့ ဘာကြောင့် ငွေကြေးအကျပ်အတည်း ကြုံရတယ်ဆိုတာ မပြောနိုင်ကြပါဘူး။ အဲဒါ သူတို့ခမျာ ငွေကြေးစီးဆင်းမှုကို နားမလည်လို့ပဲပေါ့။ လူတစ်ယောက်အနေနဲ့ ပါရဂူမြောက်အောင် ပညာတွေ သင်နိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းအရ ဝိဇ္ဇာဖြစ်တတ်ကျွမ်းပြီး အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ‘ငွေ’ ဆိုတဲ့ ဘာသာရပ်မှာတော့ နကန်းတစ်လုံးမှ မတတ်ရှာကြဘူးလေ။ သူတို့ဟာ တစ်ခါတစ်ရံ အလုပ်ကို လိုအပ်တာထက် အပန်းတကြီး လုပ်ကြရပြန်တယ်။ အကြောင်းရင်းက သူတို့အနေနဲ့ ‘အလုပ်ကြိုးစားဖို့’ပဲ သင်ခဲ့ရပြီး၊ ‘ငွေကို ပြန်ခိုင်းဖို့’ နားမလည်ခဲ့ကြလို့ပဲ ဖြစ်လေရဲ့။

‘ငွေများရှိလေ လူတစ်ယောက်ရဲ့ ငွေကြေးပြဿနာကို‌ ဖြေရှင်းနိုင်လေ’ ဆိုတာ မဟုတ်ပါဘူး။ ထက်မြက်တဲ့ အသိဉာဏ်ကသာ ပြဿနာကို ဖြေရှင်းပေးနိုင်တာပါ။ တကယ်လို့ ခင်ဗျားဟာ တွင်းတစ်တွင်းထဲ ရောက်နေမှန်းသိရင် တူးနေတာကို ရပ်ပစ်လိုက်ပါတော့။

လူလတ်တန်းစားတွေဟာ ငွေရဖို့ အမြဲလိုလို ရုန်းကန်ရှာဖွေကြရတာ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ အခြေခံဝင်ငွေဟာ လုပ်ခတွေက ရတာဖြစ်ပြီး၊ လုပ်ခတွေ မြင့်တက်လာတာနဲ့အမျှ အခွန်အခတွေပါ တိုးပြီး ဆောင်ကြရပါတယ်။ တစ်ပြိုင်တည်းမှာ တိုးမြင့်လာတဲ့ လုပ်ခလစာတွေနဲ့ တပြေးညီ အသုံးစရိတ်တွေလည်း ပိုလာပြန်ပါတယ်။ ဒီလိုနဲ့ ‘ဝင်္ကပါထဲက ကြွက်’ ဘဝနဲ့ ပြဿနာသံသရာမှာ ချာလပတ်ယမ်းကုန်ကြရတာပါပဲ။

သူတို့ဟာ လူချမ်းသာတွေ လမ်းစဉ်နဲ့ သွေဖည်ပြီး သူတို့ရဲ့ အိမ်ကို အခြေခံ ရင်းနှီးမြုပ်နှံမှု အဖြစ် ထုပ်ပိုက်ထားကြတယ်။ ကိုယ့်အိုးကိုယ့်အိမ်လေးကို အရင်းအနှီး ထုတ်ပြီး တယုတယ ပြင်သနေတာရယ်၊ လုပ်ခလစာ တိုးလာရင် ဒီထက် ပိုကြီးပိုကောင်းတဲ့ အိမ်ကို ဝယ်လိုက်မယ်ဆိုတဲ့ အယူအဆရယ်ဟာ ဒီနေ့ ကြွေးပတ်လည်ဝိုင်းနေသူတွေရဲ့ မှားယွင်းတဲ့ အခြေခံအကြောင်းတရားပါပဲ။

ဒါဟာ ငွေကြေးပညာမဲ့စွာနဲ့ အဆမတန် စွန့်စားခြင်းပဲ ဖြစ်ပါတယ်။ ဆင်းရဲသားအများစုနဲ့ လူလတ်တန်းစားတွေဟာ ရှေးဆန်ကြသလို၊ ငွေကြေးဆိုင်ရာ အခြေခံ ဗဟုသုတ နည်းကြပါတယ်။ သူတို့ဟာ စီးပွားရေးကို မစွန့်စားရဲကြဘူး။  သူတို့ရဲ့ ရရာ အလုပ်မှာ တွယ်ဖက်နေကြတယ်။ ဒီအလုပ်လေး မြဲအောင်ပဲ အားထုတ်တယ်။ 

ရေလယ်ခေါင်မှာ အရှင်လတ်လတ်နစ်ပြီဆိုတော့မှ မရှူနိုင်မကယ်နိုင်ဖြစ်ကြကုန်ရတဲ့ အလုပ်သမားတွေဟာ သန်းနဲ့ချီပြီး ရှိပါလိမ့်မယ်။ သူတို့အိမ်တွေ၊ သူတို့ကားတွေကလည်း သူတို့ကို ပြန်မကယ်နိုင်တော့ဘဲ သူတို့ကို အစိမ်းလိုက်ဝါးစားပစ်လိုက်ကြပါရောလား။

ဒီတော့ ခင်ဗျားနဲ့ ခင်ဗျားကလေးတွေ အတွက် ဘယ်လို အထုပ်အထည်တွေ ရှိအပ်တယ်လို့ ဆိုရမလဲ။

ဆက်လက်ဖတ်ရှုရန် >> သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ (Part 3 – The End)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts