စီးပွားရေးလုပ်ငန်းဆိုတာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အဖွဲ့အစည်းတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကုမ္ပဏီဆိုရင် အသင်းဖွဲ့စည်းမျဉ်းတွေနဲ့ စနစ်တကျရေးဆွဲထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ သဘောသဘာဝဆိုတာ အဲဒီအဖွဲ့အစည်းထဲကလူတွေရဲ့ လုပ်ဆောင်မှုအကျိုးဆက်တွေပါပဲ။ ဒီအတွက် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေမှာ အဲဒီဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ မျိုးနွယ်စု၊ ယဉ်ကျေးမှုနဲ့ လူမှုရေးပုံစံတွေလာရောက် ထင်ဟပ်နေပါလိမ့်မယ်။ ဒီနှစ်ချက်ကို ကောက်ချက်ပေးရရင် ဝန်ထမ်းတွေဟာ စီးပွားရေးလုပ်ငန်းရဲ့အရေးအကြီးဆုံး
ရပိုင်ခွင့်တွေဖြစ်တယ်လို့ပဲဆိုရပါလိမ့်မယ်။ ဒါပေမယ့်လည်း ယနေ့ခေတ်မှာ လုပ်ငန်းရှင်တစ်ချို့ဟာ ကိုယ့်လုပ်ငန်းရဲ့ အသည်းနှလုံးလို အရေးကြီးလှတဲ့ ပုံသေရပိုင်ခွင့်တွေကို မေ့လျော့ထားတတ်ကြပါသေးတယ်။
၁၉၈၀ပြည့်နှစ်တွေမှာ စီးပွားစီမံသုတေသနတွေလုပ်ကြတော့ အချို့လုပ်ငန်းတွေက အခြားလုပ်ငန်းတွေထက် ပိုကောင်းအောင် လုပ်နိုင်ကြတာကို ကောင်းကောင်းကြီး မြင်လာရပါတယ်။ အဲ့ဒီမှာ ထင်ရှားလာတဲ့ အချက်က မန်နေဂျာကောင်းတွေဟာ ပေါင်းသင်းဆက်ဆံရေးကနေတစ်ဆင့် အလုပ်ပြီးမြောက်အောင်လုပ်တဲ့နေရာမှာ ပိုထူးချွန်နေတယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီမန်နေဂျာတွေဟာ ဝန်ထမ်းတွေကို အချိန်ပေးဆက်ဆံတဲ့ အလုပ်ကို သူတို့အလုပ်ချိန်ရဲ့ ရာခိုင်နှုန်း ၈၀ အသုံးပြုနေတယ် ဆိုတာလည်း သုတေသနရလာဒ်တွေအရ သိရှိလာခဲ့ပြန်ပါတယ်။ ဒီမှာတင် လူ့အရင်းအမြစ်ရဲ့ အရေးပါပုံကို သိရှိလာခဲ့ပြန်ပါတယ်။ ခက်နေတဲ့အချက်က လုပ်ငန်းထဲမှာရှိနေတဲ့ အခြားအရင်းအမြစ်တွေနဲ့ လူ့အရင်းအမြစ်က သဘောသဘာဝ အင်မတန် ခြားနားနေတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အသိပညာတွေကို လေ့လာသင့်သလို ကိုယ့်ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့
ဥပဒေစီမံချက်ကိုလည်း ခိုင်ခိုင်မာမာထားရှိရမှာဖြစ်ပါတယ်။
အလုပ်ရှင်ဆိုတာ လုပ်ငန်းရဲ့အသက်သွေးကြော
စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတွေက လုပ်ငန်းရဲ့အသည်းနှလုံးဖြစ်ကြောင်း တင်စားဖော်ပြခဲ့ပါသည်။ ထို့အတူပဲ အလုပ်ရှင်ဆိုတာသာ မရှိရင် စီးပွားရေးလုပ်ငန်းဆိုတာလည်းမရှိနိင်တာကြောင့် ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်ဆိုတာလည်းမရှိဘူးဆိုတာ အရှင်းကြီးပါပဲ။ လုပ်ငန်းတစ်ခုမှာ အလုပ်ရှင်ရဲ့အခန်းက္ဍက အင်မတန်မှ အရေးကြီးပါတယ်။ အလုပ်ရှင်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ အရည်အသွေးနဲ့ ကြိုးစားအားထုတ်သင်ယူမှုတွေကြောင့်
လုပ်ငန်းအပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာ အသေအချာပါပဲ။ ဒါကြောင့် လုပ်ငန်းရှင်ဖြစ်တဲ့ မိတ်ဆွေအနေနဲ့လည်း လုပ်ငန်းလည်ပတ်နေချိန်မှာ ကိုယ့်လုပ်ငန်းတစ်ခုလုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပုံမှန်
သုံးသပ်ပြီး ပိုကောင်းမွန်လာမယ့်နည်းလမ်းကို အမြဲရှာဖွေကြံဆနေရပါလိမ့်မယ်။
ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။