အိပ်ရာမဝင်ခင်

အလှအပအတွက် အိပ်ရာမဝင်မီ ပြုပြင်သင့်သော အမူအကျင့်များ

အလှအပအတွက် အိပ်ရာမဝင်မီ ပြုပြင်သင့်သော အမူအကျင့်များ

အခုဖော်ပြပေးမယ့် အမူအကျင့်တွေက အိပ်ရာမဝင်ခင် သင်ပြုလုပ်တတ်တဲ့ အမူအကျင့်အမှားတွေမို့ ဒါတွေကို ပြုပြင်ပေးရင် သင့်အနေနဲ့ မထင်မှတ်လောက်အောင် ပြောင်းလဲပြီး လှပ နုပျိုလာပါလိမ့်မယ်။

၁။ မိတ်ကပ် မဖျက်ခြင်း
သင့်အနေနဲ့ ဘယ်လောက်ပဲအလုပ်များများ၊ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ၊ အိပ်ရာမဝင်ခင်မှာတော့ မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ကုန်စင်အောင် ဖျက်ပေးရပါမယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိတာက အရေပြားပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်ပါတယ်။ သင့်အရေပြားအနေနဲ့ အိပ်နေစဉ်မှာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို ပြုလုပ်ပါတယ်။ ဒီအချိန်မှာ မျက်နှာပေါ် မိတ်ကပ်ထူထူကြီးရှိနေတာက အရေပြားအတွက် ပြုပြင်ဖို့ ခက်ခဲသွားပြီး ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ Hand Cream လိမ်းပြီး မအိပ်ခြင်း
လက်ချောင်းလေးတွေ လှပနေတာက သင့်ကို ပိုမိုပြီး ဆွဲဆောင်မှုရှိင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ သင့်လက်ကို ရေနွေး၊ ဆပ်ပြာပျော့ပျော့နဲ့ ဆေးကြောပါ။ ပြီးရင် မျက်နှာသုတ်ဝါနဲ့ ခြောက်သွေ့အောင် သုတ်ပြီး Hand Cream လိမ်းပေးပါ။ အဲဒီလိုလိမ်းပေးထားတာကြောင့် တစ်ညတာလုံးအတွက် အစိုဓါတ်ရရှိနိုင်ကာ နောက်တစ်နေ့မနက်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် လက်ချောင်းလေးတွေ ချောမွေ့လှပနေပါလိမ့်မယ်။

၃။ တိုနာ မလိမ်းခြင်း
တိုနာ(Toner)က အရေပြားရဲ့ သဘာဝ pH ညီညွတ်မျှတမှုကို ထိန်းထားပေးနိုင်ပါတယ်။ pH မညီညွတ်တဲ့အတွက် ဘက်တီရီးယားနဲ့ တခြားပိုးမွှားတွေ အရေပြားထဲကို မဝင်ရောက်နိုင်သလို ဖုန်နဲ့ အညစ်အကြေးတွေလည်း သန့်စင်သွားနိုင်ပါတယ်။ တိုနာကို ဝါဂွမ်းနဲ့ဆွတ်ပြီး မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ပွတ်လိမ်းပေးပါ။

၄။ Eye cream မလိမ်းခြင်း
အမျိုးသမီးတွေရဲ့ အလှအပဟာ မျက်ဝန်းတစ်စုံမှာ ရှိတဲ့အတွက် မျက်ဝန်းအလှကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ Eye make upတွေ အကုန်ဖျက်ပစ်ပြီး Eye cream လိမ်းပေးပါ။ Peptide ပါတဲ့ Eye cream တွေက မျက်ဝန်းကို အစိုဓါတ်ရရှိနိုင်ပြီး အရေးအကြောင်းတွေကို လျော့ပါးနိုင်ပါတယ်။

၅။ ဆံပင်ကိုချည်၍ မအိပ်ခြင်း
ဆံပင်ကို စည်းနှောင်မအိပ်တဲ့အတွက် နောက်တနေ့မနက်မှာ ဆံပင်ရှုတ်ထွေးနေတာတွေ၊ ဆံပင်ငြိတာတွေ မျက်နှာပေါ်ကို ကျရောက်ပြီး ဝက်ခြံဖြစ်တာလိုမျိုး ပြဿနာတွေလည်း ဖြစ်နိုင်တာမို့ ညအိပ်ခါနီးတိုင်း ဆံပင်ကို စည်းနှောင်ပြီးမှ အိပ်စက်ပါ။

၆။ ခြေထောက်ကို ရေနံဂျယ်လီလိမ်းပြီး မအိပ်ခြင်း
သင့်ခြေထောက်တွေရဲ့ အလှအပကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။ သူတို့က သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ရောင်ပြန်ဟပ်နိုင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ခြေထောက်ကို ရေနွေးနဲ့ ဆေးကြောပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ။ ပြီးရင် ရေနံဂျယ်လီကို လိမ်းပေးပါ။ ရေနံဂျယ်လီက အရေပြားခြောက်သွေ့မှု မရှိအောင် ကာကွယ်နိုင်ပါတယ်။

၇။ အိပ်ရာမဝင်မီ သွားမတိုက်ခြင်း
အိပ်ရာမဝင်ခင်မှာ အရေးကြီးဆုံးအလုပ်က သွားတိုက်ဖို့ပဲ ဖြစ်ပါတယ်။ အပြင်က အလှအပထက် အတွင်းက လှပနေဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် ခံတွင်းအနံ့ဆိုး မထွက်ရလေအောင် ညအိပ်ရာဝင်ခါနီးတိုင်း သွားတိုက်ဖို့ လိုအပ်ပါတယ်။ ညစာစားပြီး မိနစ် ၃၀ အကြာမှာ သွားတိုက်ပါ။ သွားကြားပွတ်ကြိုးနဲ့ သွားကြားကို သန့်စင်ပြီး ခံတွင်းသန့်စင် ဆေးရည်နဲ့ ပလုတ်ကျင်းဖို့လည်း လိုအပ်ပါတယ်။ သွားမတိုက်ခင်မှာ သွားကြားပွတ်ကြိုးကို ဦးစွာ အသုံးပြုရပါမယ်။

၈။ ပိုးသားခေါင်းအုံးစွပ် အသုံးမပြုခြင်း
ပိုးသားခေါင်းအုံးစွပ်ကို အသုံးမပြုဘဲ ချည်သားခေါင်းအုံးလိုမျိုး ခေါင်းအုံးစွပ်တွေကို အသုံးပြုရင် ဘေးစောင်းအိပ်တဲ့အခါ ဒါမှမဟုတ် မှောက်လျက်အိပ်တဲ့အခါ မျက်နှာမှာ အစင်းရာတွေ ထင်နေနိုင်ပါတယ်။ ပိုးသားခေါင်းအုံးစွပ်ကတော့ သင့်အလှအပအတွက် အံ့ဩဖွယ်ရာကောင်းလောက်အောင်ကို အထောက်အကူပြုနိုင်ပါတယ်။ ပိုးမှာ ပရိုတင်းများစွာနဲ့ အမိုင်နိုအက်စစ် ၁၈ မျိုးအထိ ပါဝင်တာကြောင့် အရေပြားအတွက် အလွန်သင့်တော်ပါတယ်။

၉။ အိပ်ရေးဝအောင် မအိပ်ခြင်း
အိပ်ရေးမဝတာကြောင့် မျက်ကွင်းညိုတာ၊ မျက်အိတ်ထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် အိပ်ရေးဝအောင် အိပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ညစဉ် အိပ်စက်ချိန် ၇-၈ နာရီ ရအောင် အိပ်ပေးပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts