ရှေးရေစက်

နာမည်ကျော် ဂျာမန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မင်ဒဲလ်ဇွန်းသည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဦး ဖြစ်သည်။ လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ခု ရှိကာ ခါးကုန်းနေသည်။

တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူ အလည်ရောက်ရှိသည်။ ကုန်သည်ကြီးမှာ ဖရွန်တီယဲ အမည်ရှိ သမီးချောတစ်ယောက် ရှိသည်။ သူကလေးကို မြင်တော့ မိုးဇက် အရူးအမူး ချစ်မိသည်။ သို့သော ဖရွန်တီယဲအဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ။

မည်သို့ဖြစ်စေ၊ ပြန်ခါနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်။ သူမ၏ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ်လွန်းလှသည်။ သို့သော် သူ့ကိုကား မျက်လွှာတစ်ချက် ပင့်၍မျှမကြည့်။

သူ့ရင်ထဲ ကြေကွဲလျက်နှင့်ပင် သူ အကြိမ်ကြိမ် စကား စ,ကြည့်သည်။ မရ။

“အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့အတိုင်း ဖြစ်ရတယ်ဆိုတဲ့စကား မင်းယုံသလား” ဟု သူမေးတော့၊

“ယုံတယ်၊ ရှင်ကော” တဲ့။ သူမက ခေါင်းငုံ့လျက်ပင် ပြန်ပြောသည်။

“ကိုယ်လဲ သိပ်ယုံကြည်တာပေါ့” ဟု သူက ဆိုသည်။ “ဒီမှာ ကိုယ်ပြောပြမယ်၊ ယောက်ျားလေး တစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မဲ့ အခါတိုင်း လူ့ပြည်မှာ သူနဲ့ထိမ်းမြားရမဲ့မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေငြာပေးလေ့ရှိတယ်၊ ကိုယ့်ကို မွေးလာတဲ့အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်က ပြောတယ်၊ ‘မင်းရဲ့ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်’ တဲ့၊ အဲဒီတော့ ကိုယ်က ပြောလိုက်တယ်၊ ‘မိန်းကလေးတစ်ယောက်အဖို့ ကျောမှာဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ၊ ဒါကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ ကိုယ်ထဲ ထည့်ပေးလိုက်ပါ၊ သူ့ကို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ’ လို့ ကိုယ် ပန်ကြားခဲ့တယ်။”

သည်စကားကြားတော့ ဖရွမ်တီယဲ မျက်လွှာလေးပင့်၍ ကြည့်သည်။ သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည့် မိုးဇက်၏ ရုပ်သွင်ကို ပြန်လည်အမှတ်ရသလို မြင်လာသည်။ မိုးဇက်ထံ သူမ၏လက်ကို ဆန့်တန်း၍ ပေးလိုက်သည်။ ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင် ချစ်ခင်စုံမက်သည့် ထာဝရကြင်ဖက် ဖြစ်သွားခဲ့လေသည်။

[မူရင်း။   ။ Barry and Joyce Vissell တို့၏ True Love]

ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts