စွန့်စားခြင်း

သာယာလှသော နွေဦးပေါက်ရာသီ ဖြစ်သည်။

မြေဆီဩဇာ ပြည့်ဝသည့် ခြံဝင်းတစ်ခုထဲမှာ သစ်စေ့ နှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေသည်။

ပထမသစ်စေ့က ဆိုသည်။

“ငါ အပင်ဖြစ်ချင်တယ်၊ ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေ အောက်ဖက်မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်၊ ငါ့အစို့အညှောက်တွေ အထက်မြေလွှာကို ဖောက်ထွင်းပြီး အပြင်ဘက် ထွက်ချင်တယ်၊ နူးညံ့တဲ့ အဖူးကလေးက ပွင့်အာလာတဲ့ အချပ်အလွှာတွေနဲ့ အောင်လံထူပြီး နွေဦးကိုကြိုဆိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့ နေရောင်ခြည် ကျရောက်တာ ငါခံယူချင်တယ်၊ အေးမြတဲ့ နံနက်ခင်း နှင်းပွင့်ကလေးတွေ ငါ့ ပွင့်လွှာချပ်တွေပေါ် ဖျန်းပတ်တာလဲ ငါ ခံစားချင်တယ်”

သည်လိုဖြင့် သူ ကြီးထွားရှင်သန်သွားခဲ့သည်။

ဒုတိယ သစ်စေ့က ဤသို့ဆိုသည်။

“အပင်ပေါက်ရမှာ ငါ ကြောက်တယ်၊ အမြစ်တွေ မြေကြီးထဲ ထိုးထည့်တော့ အမှောင်ထဲမှာ ဘာတွေနဲ့ ရင်ဆိုင်တိုးရမလဲ ငါမသိဘူး၊ အပေါ်က မြေမာကို ဖောက်ထွက်တော့လဲ နူးညံ့တဲ့ ငါ့အစို့အညှောက်လေးတွေ ပဲ့ရွဲ့ပျက်စီးမှာ စိုးရတယ်၊ …..အဖူးအငုံလေးတွေ ပွင့်အာစမှာ ပက်ကျိစားသွားရင်ကော၊ ပန်းကလေးတွေ ပွင့်လာတော့မှ ကလေးတစ်ယောက် ကောက်နုတ်သွားရင်ကော ဘယ့်နှယ်လုပ်မလဲ၊ မဖြစ်ဘူး၊ စိတ်ချရတဲ့အထိ စောင့်မှကောင်းမယ်”

သို့နှင့် သူ စောင့်နေခဲ့သည်။

တစ်နေ့မှာတော့ ခြံဝင်းထဲမှာ အစာ ရှာဖွေသည့် ကြက်မတစ်ကောင် ဟိုဟိုသည်သည် ယက်ရင်း စိတ်ချရသောအချိန်ကို စောင့်မျှော်နေသည့် သစ်စေ့ကိုတွေ့ကာ ဆတ်ခနဲ ကောက်စားပစ်လိုက်လေသည်။

[မူရင်း။   ။Patty Hansen ၏ Risking]

ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts