hapeye

မဆင်မခြင် အန်ထွက်မိခြင်း

ဒီတစ်ခေါက်တော့ မူလတန်းက စလို့ အထက်တန်းကျောင်းသားတွေအတွက် စာစီစာကုံးနဲ့ စာပေအကြောင်းလေးတွေကို ဆွေးနွေးချင်ပါတယ်။ ဒါပေမယ့် ကျောင်းပြီးပြီးသား အကိုတို့ အမတို့လည်း ဖတ်ရှုသုံးသပ်နိုင်ပါတယ် ခင်ဗျာ။
ကျွန်တော် ကိုယ်တိုင်လည်း အကျွမ်းကျင်ကြီး မဟုတ်ပေမယ့် ဖြတ်သန်းပြီးသူတစ်ယောက်အနေနဲ့ တွေ့ကြုံခဲ့ရတာလေးတွေ ပြန်မျှဝေတဲ့ သဘောပါ။
ပြောရင်းနဲ့ ရင်ဘတ်ထဲက အလုံးအခဲအချို့ အန်ကျသွားရင် ခွင့်လွှတ်ပါ။
 
 စာစီစာကုံးဆိုတာကို ကျွန်တော်တို့ မူလတန်းကတည်းက တွေ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ အနှစ်သာရကိုတော့ ကျောင်းသာပြီးသွားတယ်၊ သိချင်မှတောင် သိလိုက်မှာပါ။ ဒါက တကယ်ကို ဝမ်းနည်းစရာပါ။


တကယ်တော့ အမှတ်နောက်ကိုလိုက်နေတဲ့ ကျွန်တော်တို့ ပညာရေးရဲ့ အဖြစ်ဆိုးပါပဲ။ အကြောင်းဆက်ကတော့ လူငယ်တွေ စာပေအားနည်းလာခြင်းပါပဲ။ စာပေရဲ့ အနှစ်သာရကို မသိတဲ့သူက စာကို လုံးဝ မဖတ်ပါဘူး။ ဘယ်လိုပြောပြော လုံးဝကို မဖတ်တာပါ။ ဒါကြောင့် အနှစ်သာရကို လူငယ်ကျောင်းသားအရွယ်ထဲက သိလာရအောင် စာစီစာကုံးနဲ့ စတင်ကြတာပါ။ ဒီလို အခြေခံဖြစ်တဲ့ စာစီစာကုံးတောင် တန်ဖိုးမထားတဲ့သူ စာဖတ်လာဖို့ဆိုတာ ကန္တာရထဲမှာ ရေနွေးကြမ်းသောက်ခိုင်းရသလိုပါပဲ။ တကယ် လက်ပေါက်ကပ် ပါတယ်။

ကမ္ဘာမှာ အင်အားအကြီးမားဆုံး အမေရိကန်နိုင်ငံမှာ လူတစ်ယောက်ဟာ တစ်နှစ်ကို အနည်းဆုံး စာအုပ်ရှစ်အုပ် ဖတ်ပါတယ်။ သူတို့ လူမျိုးရဲ့ အထက်တန်းက သူတွေဟာ စာဖတ်ခြင်းနဲ့ အပန်းဖြေလေ့ရှိပြီး အောက်တန်းက သူတွေသာ ရုပ်သံ၊ ဂိမ်းနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အပန်းဖြေကြပါတယ်။ ကျွန်တော်တို့နဲ့ ကွာခြားချက်ကို အထူးအထွေ ပြောမနေတော့ပါဘူး။

ဒါကြောင့် စာဖတ်ပြီး ကြီးမြတ်တဲ့ သူတွေ ဖြစ်လာဖို့ စာဖတ်မှု အခြေခံတွေ လိုပါတယ်။ အဲဒီ အခြေခံတွေကို စာစီစာကုံးတွေက ရယူကြရမှာပါ။ ဒါကြောင့် ကျောင်းသား အားလုံး စာစီစာကုံးရဲ့ သဘောသဘာဝတွေကို နားလည်သဘောပေါက်နေရပါမယ်။ အခြေခံစာရေးနည်းတွေကို တတ်မြောက်နေရပါမယ်။ တစ်ရေးနိုးထရေးခိုင်းတောင် ရေးနိုင်နေရပါမယ်။

ကျွန်တော်ပြန်စဉ်းစားကြည့်ရင် မူလတန်းတုန်းက စာစီစာကုံးကို အရမ်းကြောက်ခဲ့ပါတယ်။ ဘာလို့ဆိုတော့ ကျက်ရတာ အရမ်းရှည်လို့ပါ။ ဆရာမထုတ်ပေးတဲ့ စာရွက်ကို အသေအကျေ ကျက်ပြီး အမေ့ဆီမှာ သွားဆိုခဲ့ရပါတယ်။ စာမေးပွဲမှာ ကျက်ထားတဲ့ သုံးပိုဒ်ထဲက တစ်ပိုဒ်လာပါတယ်။ ကျူရှင်တက်ရင်တော့ နှစ်ပိုဒ်ထဲက တစ်ပိုဒ်ပေါ့။ အဲဒီတုန်းက ကျွန်တော် စာစီစာကုံးကို နားမလည်ခဲ့ပါဘူး။ အတန်းထဲမှာလည်း ခေါင်းစဉ်တစ်ခုနဲ့ ပတ်သတ်ပြီး တွေးခေါ်ခိုင်းတယ်လို့ မကြားဖူးခဲ့ပါဘူး။ ကလေးတွေကို စာဖတ်ခိုင်းပြီး ကိုယ်ရဲ့ အယူအဆကို ဆွေးနွေးခိုင်းတာမျိုးတော့ ဝေးရော။ ကိုယ်ထင်တာ ထပြောရင်တောင် ကျပ်မပြည့်သလို ဝိုင်းကြည့်ကြပါတယ်။ ကောင်းပါတယ်။ ဆက်လုပ်ပါအုံး။ ကျွန်တော်တို့ နိုင်ငံကနေ Steve Jobs တို့၊ ဇူကာဘတ်တို့လို လူတွေ ပေါ်လာဦးမှာ မဟုတ်ပါဘူး။ မင်းသားနဲ့ အဆိုတော်တွေပဲ မှိုလိုပေါက်လာမှာပါ။

အလယ်တန်းမှာလည်း မထူးခြားနားပါပဲ။ ရည်းစားစာရေးဖို့ပဲ စဉ်းစားနေပြီး စာဖတ်ဖို့ဆိုတာ ဟာသဖြစ်နေပါတယ်။ အတန်းထဲမှာ အဆင့် ၁ ရတဲ့ ကောင်လေးကို မေးကြည့်ပါ။ သားလေး…စာဖတ်လားလို့။
ဒါကလေးတွေရဲ့ အပြစ်လုံးဝမဟုတ်ပါဘူး။ ကလေးဆိုတာ အသိဉာဏ်အားနည်းပါတယ်။ မြင်တာတွေ့တာတွေကိုအတုယူချင်တယ်။ လူကြီးပဲများရင် လိုက်များချင်တယ်၊ လူကြီးလုပ်သမျှ လိုက်လုပ်ကြည့်ချင်ကြပါတယ်။ စာမဖတ်ပဲ ကိုးရီးယားကားတွေချည်း ထိုင်ကြည့်နေတဲ့ လူကြီးတွေရဲ့ သားသမီးတွေ စာမဖတ်တာက မထူးဆန်းပါဘူး။ ကိုယ်မဖတ်ချင်နေပါ။ ကလေးတွေကို လုံးဝတိုက်တွန်းသင့်ပါတယ်။

အခုတော့ စာစီစာကုံးဆိုတာတောင် နားမလည်နိုင်တော့တဲ့ ကလေးတွေက ဘယ်အကြောင်းပြချက်နဲ့ စာဖတ်ရတော့မလဲ။ အလယ်တန်းမှာလည်း ကျက်ခိုင်းတုန်းပါပဲ။ တစ်ခါလောက်အတန်းထဲမှာ  Idea တွေ ဆွေးနွေးပြီး လက်တန်းချရေးကြည့်ခိုင်းပါလား။ အခုတော့ မြန်မာစာအချိန်ဆိုရင် ကျောင်သင်ပုန်းကဟာတွေ လိုက်ကူးရတာနဲ့၊ ခေါ်ပေးတာတွေကို အသည်းအသန်လိုက်ရေးတာနဲ့၊ မြန်မာစာအချိန်ဆိုရင် နွားတွေကို ဖြစ်ရော။ ပေးထားတဲ့အတိုင်းထက် စာမေးပွဲမှာ ကွန့်ရေးကြည့်ပါလား။ ဒါမှမဟုတ် ကိုယ်တွေးတာ တစ်မျိုးဖြစ်နေလို့ ဆိုပြီး ပြောင်းရေးကြည့်ပါလား။ အမှားခြစ်ပဲ ရလိမ့်မယ်။ စာစီစာကုံးပြိုင်ပွဲတွေတော့ လုပ်ပါရဲ့။ ရေးနေကျသူကိုပဲ ရွေးခေါ်ရတာနဲ့၊ ပြိုင်တော့လည်း လူနည်းစုပဲ ပြိုင်ရတာနဲ့၊ ဘာမှ မထူးခြား။ တဖြည်းဖြည်းနဲ့ စာစီစာကုံးကတန်ဖိုးကျလာရောပဲ။

ကဲ…ကျွန်တော်တို့ အထက်တန်းကို ရောက်လာပါပြီ။ နွားအကြီးစားတွေ ဖြစ်လာပြီပေါ့။ ကျက်စမ်း…နှစ်မျက်နှာကျော်ရှည်တဲ့ မေးခွန်းရှည်တွေ။ ၏ သည် မရွေးကျက်ရတဲ့ ခက်ဆစ်တွေ။  ပြောကြည့်ပါအုံး၊ ခင်ဗျားတို့က စာလုံးတွေရဲ့ အဓိပ္ပာယ်ကို သိစေချင်တာလား၊ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်စွမ်းအားကို တိုင်းတာနေတာလား။  တွေးခေါ်မှုကို စမ်းသပ်တာလား။ နာခံမှုကို စမ်းသပ်တာလား။
လူပဲဗျ။ တွေးမှာပဲ။ ခင်ဗျားပြောသမျှ မယုံနိုင်ဘူး။ ကျွန်တော်တို့မှာလည်း မေးခွန်းတွေရှိတယ်။ ပြန်ပြီး မရှင်းပြနိုင်လည်း ရှင်းပြနိုင်တဲ့ စာအုပ်ပေးဖတ်လိုက်။ အခုဟာက သိချင်လို့ပဲ အပြစ်ရှိသလိုလို။ မေးခွန်းတွေ မေးတာပဲ အရွှဲ့တိုက်နေသလိုလို။ မရှင်းတာကို လိုက်ပြီး ငြင်းခုံနေရင် စကားကပ်သတ်ပြောတာကို ဖြစ်ရောပဲ။

ကျန်တဲ့ဟာတွေသာ အကုန်ပိုင်အောင်လုပ်။ ပြီးတော့ စာစီစာကုံးကို ငါးမျက်နှာလောက်ရေးလိုက်။ ဂုဏ်ထူးထွက်မယ်။
အောင်ချင်ရုံလား။ အာ့ဆို စာစီစာကုံးက မင်းနဲ့ မဆိုင်တော့ဘူး။ ကျန်တာတွေသာ နာနာကျက်။

ကျွန်တော်တို့ အောင်ပါလိမ့်မယ်။ ဂုဏ်ထူးလည်း ထွက်ချင်ထွက်လိမ့်မယ်။ ဒါပေမယ့် စာစီစာကုံး အရသာကိုတော့ မသိခဲ့ပါဘူး။ မသိတော့ ကျွန်တော်တို့ စာမဖတ်ဘူး။ ဖုန်းပွတ်တယ်။ ရည်းစားထားတယ်။ အမှတ်ကောင်းရင် တက္ကသိုလ်ကောင်းကောင်းတက်မယ်။ ဘွဲ့ကောင်းကောင်းရမယ်။ ပိုက်ဆံကောင်းကောင်းဝင်မယ်။ မိန်းမနဲ့ ကလေးတွေနဲ့။ ဘဝကြီး အေးချမ်းမယ်။ အချိန်တန်ရင် အခေါင်းထဲ ဝင်မယ်။ ကျေနပ်စရာပဲ။

ဒါပေမယ့် စာဖတ်ချင်တဲ့၊ ဘဝကြီးကို ချားစီးသလို လူတကာလို တစ်သမတ်မဖြစ်ချင်တဲ့ လူငယ်အနည်းစုအတွက် ကျွန်တော်ဆက်ပြောပါမယ်။

ညီငယ်တို့ ကျောင်းတက်နေတုန်းဆိုရင် စာစီစာကုံးကို ကြိုးစားရေးပါ။ တန်ဖိုးထားပါ။ ပညာရေးရဲ့ ထိုးနှက်မှုတွေကို အံတုပြီးတော့ စာပေကို ချစ်မြတ်နိုးပါ။ စာစီစာကုံးရေးနည်းတွေကို အစ်ကို ဆက်ဆွေးနွေးပေးပါမယ်။ ကျောင်းသားဘဝမှာ စာပေကို မချစ်တဲ့သူက ကြီးလာလည်း မချစ်တော့ပါဘူး။

ညီငယ်တို့ ဘဝဟာ မြန်မာပေါကားလို မဖြစ်ချင်ရင်တော့ စာဖတ်ပါလို့ပဲ အစ်ကိုပြောပါရစေ။

Written by Swan Htet (HapEye.Net)

Related Posts