hapeye

လုပ်ငန်းတိုးတက်အောင်မြင်ဖို့နည်းလမ်းများ

“လုပ်ငန်းတိုးတက်အောင်မြင်လာဖို့ လုပ်ငန်းရှင်တွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမည့် မေးခွန်း (၁၀)ခု

၁၀ဝ% စိတ်ပါလက်ပါ ကြိုးကြိုးစားစားနှင့် အလုပ်လုပ်မည့် ဝန်ထမ်းတွေရှိနေခြင်းက မိမိလုပ်ငန်း အောင်မြင်ဖို့တွေထဲက အချက်တစ်ခုပါ။

မြန်မာပြည်မှာ အအောင်မြင်ဆုံးဆိုတဲ့ ကုမ္ပဏီကြီးတွေမှာတောင် ၆၀% မကျော်တာတွေ့ရပါတယ်။

လုပ်ငန်းရှင်တွေ ဒီနေ့အကြီးမားဆုံး ရင်ဆိုင်နေကျရတဲ့ ပြဿနာတစ်ခုဟာ အရည်အချင်းရှိ ဝန်ထမ်းရှားပါးခြင်းပါ။ ဝန်ထမ်းအများစုက မိမိဝါသနာပါရာမှာ တိုးတက်အောင်မြင်အောင် လုပ်ဖို့ထက် လက်ရှိ အလုပ်အကိုင် တစ်ခုရရေးနဲ့စားဝတ်နေရေးပြေလည်မှုကို အဓိကထားလုပ်ကိုင် ကြပါတယ်။

ဒီနေရာမှာ ခေါင်းဆောင်သူ (ဝါ) လုပ်ငန်းရှင် (ဝါ) မန်နေဂျာတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ အလုပ်တစ်ခုရရင် ပြီးရောဆိုပြီး လုပ်နေတဲ့ ဝန်ထမ်းတွေကို ဒီအလုပ်ကို ချစ်တတ်လာအောင် မိမိဘဝရဲ့ တက်လမ်းတစ်ခုလို အလုပ်ပေါ်မှာ မြင်တတ်လာအောင် စီမံခန့်ခွဲ လမ်းညွှန်ပေးရမှာပါ။

ဒီအတွက် အောက်ပါမေးခွန်းလေးတွေကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြစေချင်ပါတယ်။

(၁) သင့်ဝန်ထမ်းတွေရဲ့ တစ်ဦးခြင်းအရည်အချင်းတွေ တိုးတက်လာစေဖို့ သင်ဘယ်လို အခွင့်အရေးမျိုးတွေ လုပ်ပေးပြီးပြီလဲ။

ဒါဟာ နံပါတ် (၁) အရေးကြီးဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်ဟာ ၄ – ၅ နှစ် ဆက်တိုက်လုပ်ပေးပြီး အလွန်တော်တဲ့ ဝန်ထမ်းဖြစ်နေရင်တောင်မှ အချိန်တစ်ခုရောက်လို့ သူ့အတွက် တိုးတက်ဖွံ့ဖြိုးနိုင်ဖို့ (ရာထူး၊ ငွေကြေး၊ ပညာ၊ အတွေ့အကြုံသစ်) အခွင့်လမ်းမရှိတော့ဘူးလို့ မြင်လာရင် အလုပ်ပေါ်မှာ စိတ်ပျက်ငြီးငွေ့လာပြီး လုပ်နိုင်စွမ်းအားတွေလျော့ကျ လာတက်ပါတယ်။ သူတို့ကို လုပ်ပိုင်ခွင့်ပိုပေးခြင်း၊ သူတို့ရဲ့ အဓိကလုပ်ငန်းကျွမ်းကျင်မှု နယ်ပယ်ကို ပိုမိုမြင့်တင့်ပေးခြင်း (ဥပမာ – အရောင်းကျွမ်းကျင်သူကို တဆင့်ပြီးတဆင့်မြင့်တဲ့ သင်တန်းမျိုးတွေ တက်စေခြင်း၊ သူတို့ဟာလုပ်ငန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလို့မြင်တတ်လာအောင် အသိအမှတ်ပြုပေးခြင်း) တွေလုပ်ပေးနိုင်ပါတယ်။ သူတို့တွေ တိုးတက်လာအောင် လုပ်ပေးနိုင်တာနှင့်အမျှ သင်သူတို့ကို့ တကယ်ခေါင်းဆောင်တွေလို မြင်ကြည့်ပေးရပါမယ်။

(၂) ဝန်ထမ်းတွေရဲ့အသံ (ခံစားချက်)ကို သိအောင်လုပ်ထားရဲ့လား။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ဝန်ထမ်းတွေရဲ့ခံစားချက် (အသံ)ကို တစ်လကို ဘယ်နှစ်ကြိမ်လောက် နားထောင်ကြည့်ဖူးပါသလဲ။ နားလည်နိုင်အောင် ကြိုးစားကြည့်ဖူးပါသလား။ ” ငါပြောသလိုလုပ်၊ ဘာမှပြန်မပြောနဲ့၊ မင်းတို့ထက်တော်လို့ သူဌေးလုပ်နေတာ” ဆိုတဲ့အတွေးမျိုးနဲ့ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဝန်ထမ်းတွေရဲ့အသံကို နားထောင်ပြီး သူတို့တောင်းဆိုသမျှ လိုက်လျောရပါမယ်လို့ မဆိုလိုပါ။ ဝန်ထမ်းတွေအတွင်းမှာလဲ လိုတာထက် ပိုတောင်းမယ့်သူတွေ ရှိနေနိုင်လို့ပါဘဲ။

ပြောချင်တဲ့အဓိကအချက်က ဝန်ထမ်းတွေအားလုံးရဲ့ အခြေအနေကိုသိအောင် လုပ်ထားမှ ကိုယ်ကမှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ လုပ်နိုင်မှာမို့လို့ပါဘဲ။ တချို့မန်နေဂျာတွေ လုပ်လေ့ရှိတာက ပြဿနာ (သို့) အကြောင်းအရာတွေကို စုပြီးရှင်းတတ်ခြင်းနှင့် မဖြစ်မနေ အကြောင်းကိစ္စပေါ်လာမှ လုပ်တတ်ခြင်းတွေပါ။ အန္တရယ်များပါတယ်။ ဝန်ထမ်းတွေရဲ့အသံကို နားထောင်ခြင်းဆိုတာ သူတို့ရဲ့အလေ့အကျင့်/ အပြုအမူ အတွေးအခေါ်မှားနေရင် ပြောင်းလဲပေးဖို့ပါဘဲ။ အတွေးအခေါ် အပြုအမူ မှားနေတာကို အချိန်နှင့်တစ်ပြေးညီသိအောင်လုပ်ပြီး ပြုပြင်ပြောင်းလဲပေးရပါမယ်။

(၃) ဝန်ထမ်းတွေကိုအသိမှတ်ပြုရဲ့လား။

ဝန်ထမ်းတွေဟာ သူတို့ရဲ့ကြိုးစားမှု၊ အောင်မြင်ပြီးမြောက်မှု တစ်ခုခုရှိတိုင်း အလုပ်ရှင်ရဲ့ အသိမှတ်ပြုမှုကို လိုချင်တတ်ကြပါတယ်။ နှုတ်ကလေးနဲ့ မင်းတော်တယ်ကွာ ဆိုတာမျိုးလောက်တောင် မလုပ်ပေးနိုင်ခဲ့ရင်တော့ သူတို့တွေရဲ့ စိတ်ပျက်အားငယ်မှုဟာ အလွန်အမင်း ကျဆင်းသွားတော့တာပါဘဲ။ ဘယ်လောက် လုပ်ပေးလုပ်ပေး မထူးတော့ပါဘူးကွာ၊ ကိုယ့်ကိုမှ အသိအမှတ်မပြုတာ တော်ရုံလေးလုပ်ပြီး လစာများတဲ့အလုပ်တွေ့ရင် ရွေ့တာပေါ့ဆိုတဲ့ အတွေးများ ဝင်ကုန်ကြပါတယ်။ အသိမှတ်ပြုတယ်ဆိုရာမှာ ဂုဏ်ပြုလက်မှတ်၊ ငွေကြေး၊ ဆုပစ္စည်း ဆိုတာမျိုးအပြင် သုံးစက္ကန့်လောက်ပဲ အချိန်ကုန်တဲ့ “မင်းလုပ်တာတော်တယ် ချီးကျူးပါတယ်” ဆိုတာလောက်တော့ ပြောပေးနိုင်ကြမယ်ထင်ပါတယ်။

(၄) အပေါ်အောက်အုပ်ချုပ်သူ (ကြားခံ) မန်နေဂျာ များနှင့်ဆက်ဆံရေးကောင်းမွန်ကြပါရဲ့လား။

သုတေသနတွေ တွေ့ရှိချက်တွေအရ မန်နေဂျာတွေဟာ လုပ်ငန်းရှင်နှင့် ဝန်ထမ်းကြား ဆက်သွယ်ပေးနေရသူတွေ ဖြစ်တဲ့အပြင် သူတို့ရဲ့စေ့စပ်ညှိနှိုင်းပေးနိုင်မှု ဟာ ၇၀ %ခန့် အရေးပါတာတွေ့ရပါတယ်။ အလယ်အဆင့် (Mid – Level) မန်နေဂျာတွေဟာ ခက်ခဲတဲ့ အနေထားတစ်ခုမှာ ရပ်တည်ကြရပါတယ်။ ကိုယ့် Team မကောင်းရင် အလုပ်ရှင်ရဲ့ အဆူပူကိုခံရသလို အောက်က ဝန်ထမ်းတွေက သူတို့ရဲ့ အဆင်မပြေမှုတွေအတွက် ပုဏ္ဏတိုင် လုပ်လေ့ရှိကြပါတယ်။

ကိုယ့်အလုပ်ကိုပြီးအောင်၊ တာဝန်ကျေအောင်လုပ်ရတဲ့အပြင် ၊ကိုယ့် Team ရဲ့ Motivation အတွက်ပါ ကြိုးစားလုပ်နေရပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ငယ်သား တစ်ယောက်ချင်းစီကို အချိန်ပေးရပါမယ်။ တစ်ယောက်အကြောင်း တစ်ယောက် နားလည်အောင် လုပ်ရပါလိမ့်မယ်။ ဝန်ထမ်းတွေဟာ သူတို့ကို ဂရုစိုက်တာ၊ တန်ဖိုးထားဆက်ဆံတာ လိုချင်ကြပါတယ်။ သူတို့ရဲ့ ရင်ဘတ်ထဲက ခံစားချက် ( Emotion ) ကို နားလည်ပြီး တက်ကြွအောင် လုပ်ဆောင် ပေးနိုင်ရပါမယ်။

(၅) ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပျော်ရွှင်အောင် ဘာတွေလုပ်ပေးထားသလဲ။

ဝန်ထမ်းတွေ အလုပ်လုပ်နေရတာ ပျော်ကြရဲ့လား။ ဒီမေးခွန်းက နည်းနည်းရှုပ်ပါတယ်။ မိမိအိမ်မှာ ပျော်ရွှင်မှုရနေတဲ့ ဝန်ထမ်းဟာ အလုပ်ခွင်ရောက်လာရင် အပျော်တွေ ကူးစက်လာပီး အလုပ်လုပ်ရတာ ပျော်နေပါသလား။ အပြန်အလှန်အားဖြင့် အလုပ်မှာ ပျော်ရွှင်ခဲ့သူ တစ်ယောက်ဟာ အိမ်ပြန်ရောက်ရင်ကော ပျော်နေနိုင်ပါသလား။ စဉ်းစားကြည့်ပါ။ ကိုယ်ရေးကိုယ်တာတွေ သိပ်မပါစေတဲ့ ဝန်ထမ်းတွေကို အလုပ်ခွင်မှာကော အလုပ်ခွင် ပြင်ပမှာပါ သူတို့ကို ပျော်ရွှင်မှုရအောင် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားပေးပါ။ ပျော်ရွှင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဟာ ပုံမှန်အားထက် ၁၂% တိုးပြီး အလုပ်လုပ်ပါတယ်တဲ့။

(၆) ကျန်းမာရေးအတွက်ရော ဘာတွေ ဂရုစိုက်ထားပေးပါလဲ။

လုပ်ငန်းခွင် ကျန်းမာရေးဆိုတာ အလွန်ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ Gym ဆော့ဖို့ ပိုက်ဆံထုတ်ပေးတာ၊ ခွန်အားဖြစ်စေတဲ့ အစားအစာ၊ ဓာတ်ဆားထုတ် အလကား ပေးတာလောက်ကို ပြောနေတာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အရမ်းပင်ပန်းပြီး Work Life Balance ဆိုတဲ့ အလုပ်နဲ့ ဘဝ နေထိုင်မှု မမျှတတော့ဘူးဆိုရင် သူ အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းလာပါပြီ။ လုပ်ငန်းခွင် အားကစားပြိုင်ပွဲ အသေးစား (အပြေးပြိုင်တာ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကန်ခြင်း) အစရှိတာလေးတွေ လုပ်ပေးရပါမယ်။ ဝန်ထမ်းတွေကို အလုပ်ဒဏ် မပိပါစေနဲ့။

(၇) သင့်ဝန်ထမ်းဟာ သင့်လုပ်ငန်းရဲ့ Ambassador (သံတမန်ဖြစ်နေရဲ့လား)

လက်တွေ့ အလွယ်ကူဆုံး စမ်းစစ်နိုင်တဲ့အချက်က သင့်ဝန်ထမ်းဟာ သူ့မိတ်ဆွေတစ်ဦးဦးကို သူ နှင့်အတူ အလုပ်လာဖို့ဖိတ်ခေါ်ချင် စိတ်ရှိရဲ့လားဆိုတာပါ။ ဒီအလုပ်က ပျော်စရာကောင်းတယ်၊ တိုးတက်နိုင်တယ်လို့ ကိုယ်ဝန်ထမ်းက ပြောလာတာဟာ တန်ဖိုးအရှိဆုံးတိုင်းတာနည်း တစ်ခုပါဘဲ။ လက်ရှိလုပ်ကိုင်နေတဲ့ ဝန်ထမ်းကမှ သူ့မိတ်ဆွေကို အလုပ်လာလျှောက်ဖို့ ဖိတ်ခေါ်ချင်စိတ် မရှိဘူးဆိုရင်တော့ သင့်လုပ်ငန်းက ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်ပျော်ရွှင်မှု အခြေအနေကိုသိနိုင်ပါပြီ။

(၈) လုပ်ငန်းခွင် စိတ်ကျေနပ်မှုရှိရဲ့လား။

ပျော်ရွှင်မှုနဲ့မတူပါ။ လုပ်ငန်းခွင်မှာ သက်တောင့်သက်သာ အလုပ်လုပ်နေမှ ကုန်ထုတ်စွမ်းအားတိုးပါ့မယ်။ အလွန်ပူအိုက်တဲ့ အခန်းမျိုးထဲမှာ ဘယ်သူမှ ခေါင်းအေးအေးနဲ့ မလုပ်နိုင်ကြပါဘူး။ အလုပ်ခွင် ဧရိယာအကုန်လုံးကို အချိန်နှင့်အမျှ နေထိုင်လုပ်ကိုင်လို့ ကောင်းအောင် လိုအပ်တာတွေကို ပြုပြင်ညှိနှိုင်းပေးဖို့ လိုပါတယ်။

(၉) လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းမျိုးတွေကို ခန့်ထားရဲ့လား။

Culture Fit လို့ဆိုတဲ့ မိမိလုပ်ငန်းရဲ့ပုံစံ ၊ ဓလေ့နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းမျိုးတွေ ခန့်ထားနိုင်မှ၊ ထုတ်လုပ်နိုင် စွမ်းအားမြင့် တက်လာသလို၊ ဝန်ထမ်းကလည်း အလုပ်ခွင် ပျော်ရွှင်စိတ်ကျေနပ် မှုရနိုင်ပါတယ်။

ဥပမာ – ဝန်ဆောင်မှုပေးရတဲ့ ဟိုတယ်/ စားသောက်ဆိုင် လုပ်ငန်းတွေမှာ စကားပြောဆိုချိုသာတဲ့ ယဉ်ကျေးပျူငှာစိတ်ရှည်တဲ့ ဝန်ထမ်းမျိုးနဲ့မှ ကိုက်ညီပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က မိမိလုပ်ငန်း က အဓိကတန်ဖိုး (ဓလေ့ထုံးစံကို) စွဲစွဲမြဲမြဲ ကိုင်စွဲထားရပါမယ်။ ကိုယ်နဲ့အတူ ရင်ဘတ်ချင်းအတူတူ လုပ်မဲ့ ဝန်ထမ်းမျိုးကိုသာ ရှာခန့်ပါ။

(၁၀) လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချင်းချင်းနဲ့ ဆက်ဆံရေးတွေကော ကောင်းမွန်ပါရဲ့လား။

    သင့်ဝန်ထမ်းကိုမေးကြည့်ပါ။

    “အလုပ်ခွင်အတွင်းမှာ သူ့အတွက် အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ရထားပြီးပြီလားလို့”

ကိုယ်နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် လုပ်ငန်းခွင်မိတ်ဆွေ ဆိုတာလိုအပ်ပါတယ်။ အဆင်မပြေမှုတွေကို ရင်ဖွင့်နိုင်ရင် ဖိအားတွေ လျော့သွားစေမှာပါ။ အဖွဲ့လိုက်ခရီးသွားခြင်း၊ Team Build Game ဆော့ပေးခြင်းတွေနဲ့ တိုးတက်လာစေနိုင်ပါတယ်။ အဓိကကတော့ အချင်းချင်း ပြောဆိုဆက်ဆံမှု တိုးလာစေဖို့ အလုပ်ချိန်ပြင်ပ အတူသွားအတူစား၊ အတူသောက်ကြ ပျော်ပါးကြစေခြင်းဟာ သူတို့ရဲ့ ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာစေတာပါဘဲ။

လေးစားစွာဖြင့်

Kaung Nyein Soe (Kudos to you)

Related Posts