မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း

မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 3)

ဆိုင်ထဲမှာ multi-mixer ဖျော်စက်ကြီး ၈ လုံးဟာ တစ်ပြိုင်တည်းလည်ပြီး နို့နဲ့ သစ်သီးဖျော်ရည်တွေကို ရောကြိတ် ဖျော်ပေးနေတယ်။ ကျွန်တော်လည်း စပ်စုချင်တာနဲ့ တန်းစီရပ်နေကြတဲ့လူတွေရဲ့ နောက်မှာ သွားရပ်လိုက်တယ်။

“မစ္စတာ၊ လူတွေ ဘာကြောင့် ဒီလောက် တန်းစီဝယ်စားနေကြတာလဲ ခင်ဗျ” လို့ ရှေ့က တန်းစီနေတဲ့ လှိုင်းတွန့်ချည်အင်္ကျီအဖြူဝတ်ထားတဲ့ အသားညိုညိုလူကို မေးလိုက်တယ်။

“ခင်ဗျား ဒီကို တစ်ခါမှ မလာဖူးဘူးထင်တယ်” လို့ သူက ပြန်ပြေတယ်။

“ဟုတ်ကဲ့၊ မလာဖူးလို့ပါခင်ဗျ”

“ဒါဆိုလည်း ခင်ဗျား စောင့်ကြည့်နေလိုက်ပါ။ ဒီဆိုင်မှာ ဟမ်းဘာဂါတစ်ခုကို ၁၅ ဆင့်ပဲ ပေးရတယ်။ စားလို့ကောင်းတယ်။ အရသာရှိတယ်။ ဈေးသက်သာတယ်။ အကြာကြီး မစောင့်ရဘူး။ စားပွဲထိုး အမျိုးသမီးတွေလည်း ဘောက်ဆူးပေးစရာ မလိုဘူး”

ကျွန်တော် တန်းစီနေတဲ့ လူတွေကြားကနေ ထွက်လိုက်ပြီး ဆိုင်နောက်ဘက်ကို လျှောက်သွားကြည့်လိုက်တယ်။ ဆိုင်ရဲ့အုတ်နံရံကို ကျောမှီပြီး ဆောင့်ကြောင့်ထိုင်ရင်း ဟမ်းဘာဂါတွေကို ကိုက်စားနေကြတဲ့ ဘေ့စ်ဘောကက်ဦးထုတ်ဆောင်းထားကြတဲ့ လူအတော်များများကို တွေ့ရတယ်။

ရပ်ပြီးစားနေတဲ့ လက်သမားခါးစည်းရှေ့ဖုံး ဝတ်ထားသူတစ်ယောက်ကိုလည်း တွေ့ရတယ်။ အနီးနားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက လာဟန်တူပါတယ်။ သူ ကျွန်တော့်ကို ဖော်ရွှေတဲ့အပြုံးနဲ့ ကြည့်နေတာကို‌ တွေ့လိုက်လို့ သူ့အနားသွားလိုက်ပြီး နေ့လယ်စာစားဖို့ ဒီဆိုင်ကို ဘယ်နှကြိမ်လောက် ရောက်လာခဲ့ပြီးပြီလဲလို့ မေးလိုက်ပါတယ်။

“နေ့တိုင်း လာစားပါတယ်။ တခြားဆိုင်တွေမှာ အေးစက်နေတဲ့ အသားညှပ်ပေါင်မုန့် ဝယ်စားရတာထက်စာရင် ဒီဆိုင်က ဟမ်းဘာဂါက အရသာပိုကောင်းတယ်ဗျ” လို့ သူက ဟမ်းဘာဂါကို ပလုတ်မလောင်းကိုက်စားရင်း ပြန်ဖြေလိုက်ပါတယ်။

အဲဒီနေ့က အတော်ပူပြင်းတဲ့နေ့ပါ။ ဒါပေမဲ့ ဆိုင်နားမှာ ယင်ကောင်တို့၊ ကြွက်တို့ မတွေ့ရဘူး။ အမှိုက်တွေလည်း မတွေ့ရဘူး။ အဖြူရောင်ဝတ်ထားကြတဲ့ ဝန်ထမ်းတွေကလည်း သူတို့အလုပ်လုပ်တဲ့နေရာကို သပ်ရပ်သန့်ရှင်းအောင် ထားကြတယ်။ ကားရပ်နားတဲ့နေရာမှာလည်း အမှိုက်သရိုက်ကင်းစင်နေတာကို တွေ့ရတယ်။ ဒါကိုမြင်တွေ့ရလို့ ဒီဆိုင်ကို အတော် သဘောကျသွားမိတယ်။ ဘာကြောင့်လဲဆိုတော့ ရောက်ဖူးတဲ့ စားသောက်ဆိုင်အတော်များများဟာ ညစ်ပတ်ပြီး ရွံ့စရာကောင်းနေလို့ပါ။

မလှမ်းမကမ်းမှာရပ်ထားတဲ့ တောက်ပတဲ့ အဝါ‌ရောင် အမိုးဖွင့်ကားတစ်စီးပေါ်က ရွှေဝါရောင်ဆံပင်နဲ့ အင်္ကျီအဝါရောင်အနုလေး ဝတ်ထားတဲ့ အသက် ၂၅နှစ်အရွယ် အမျိုးသမီးချောချောလေးတစ်ယောက်ဟာ လက်တစ်ဖက်နဲ့ ဟမ်းဘာဂါကို ဖြည်းဖြည်းချင်း ကိုက်ဝါးစားနေတာကို တွေ့ရတယ်။ သူစားနေပုံဟာ ကြည့်လို့အတော်ကောင်းနေတယ်။ ကျွန်တော်လည်း သူ့ကို မေးချင်စိတ်ပေါ်လာတာနဲ့ ရဲဆေးတင်ပြီး သူ့အနား သွားလိုက်တယ်။ ကျွန်တော်ဟာ ဒီနေရာတစ်ဝိုက်မှာ ကားအသွားအလာစားရင်း ကောက်ယူနေသူဖြစ်နေတယ်လို့ လိမ်ပြောပြီး အခုလိုမေးလိုက်ပါတယ်။

“ညီမရေ စိတ်မရှိပါနဲ့နော်။ ဒီဆိုင်ကို တစ်ပတ်မှာ ဘယ်နှခါလောက် လာစားဖြစ်သလဲဆိုတာ ပြောနိုင်ရင် ပြောပြပေးပါလား”

“ကျွန်မ ဒီနားရောက်တိုင်း ဒီဆိုင်မှာ လာစားဖြစ်ပါတယ်။ ဒီကို မကြာမကြာလည်း ရောက်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနေတဲ့ အိမ်က ဒီနားမှာရှိလို့ပါ။ နောက်ပြီး ကျွန်မရည်းစားလည်း ဒီနားမှာပဲ နေပါတယ်။”

စိတ်ထဲမှာ‌ တွေးမိလိုက်တာက ဒီဆိုင်ကို ဘာကြောင့် လူပေါင်းစုံလာပြီး ဟမ်းဘာဂါကို မြိန်ရေရှက်ရေ စားနေကြတာလဲဆိုတာပါ။ ဒီဆိုင်လို ရောင်းကောင်းတဲ့ ဟမ်းဘာဂါဆိုင်မျိုုးကို အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးသေးပါဘူး။

အပိုင်း(၄) အား ဆက်လက်ဖတ်ရှုရန် >> မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 4)

ဗန်းမော်သိန်းဖေ ဘာသာပြန်ထားသော မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

စီးပွားရေ

Related Posts