နတ်ရှင်နောင်

နတ်ရှင်နောင် ၏ ဘဝနိဒါန်း

နတ်ရှင်နောင် သည် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး၏ မြေးတော်ဖြစ်ပြီး၊ သက္ကရာစ် ၉၄၆ ခုနှစ်တွင် ကေတုမတီ ရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသော ” တောင်ငူ ရွှေနန်းတည်မင်း ” ဟု အမည်တွင်သည့် မင်းရဲသီဟသူ၏ သားတော်ကြီးဖြစ်သည်။ မယ်တော်မှာ ” ခင်စော ” ဖြစ်သည်။ ဟံသာဝတီ ဆင်ဖြူရှင် မင်းတရားကြီးသည် အင်းဝ ရွှေနန်းကြော့ရှင်၏ သမီးတော် သီရီဖုန်းထွတ်ကို စန္ဒာဒေဝီဘွဲ့နှင့် မိဖုရားမြှောက်တော်မူ၍ ” ခင်စော” ဟူသော သမီးတော်ကို ဖွားမြင်တော်မူလေသည်။ ထိုသမီးတော် ခင်စောကို တောင်ငူမင်းဖြစ်သော မင်းရဲသီဟသူနှင့် လက်ဆက်ပေးလေရာ နတ်ရှင်နောင်နှင့်တကွ ညီတော် သုံးပါး ဖွားမြင်လေသည်။ ခမည်းတော် မင်းရဲသီဟသူနှင့် မယ်တော် ခင်စောတို့မှ နတ်ရှင်နောင် ကို ဖွားမြင်ပြီး ညီတော် မင်းရဲကျော်စွာ၊ မင်းရဲသီဟသူ၊ မင်းရဲကျော်ထင်တို့ ဖွားမြင်သည်။

နတ်ရှင်နောင် မွေးသက္ကရာဇ်အား ရှေးဟောင်းရာဇဝင် အစောင်စောင်တို့၌ ၉၃၉-ခုနှစ်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ နတ်ရှင်နောင်၏ ခမည်းတော်နှင့် မယ်တော်တို့၏ မျိုးရိုးမှာ သာမန်မဟုတ်ကြပဲ မင်းမျိုးတို့သာ ဖြစ်ကြသည်။ ခမည်းတော်၏ မျိုးရိုးကိူ ပြန်လည်စေ့ငုံကြည့်သောအခါ … ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ ခမည်းတော် တောင်ငူဘုရင် မင်းရဲသိင်္ခသူမှ အနွယ်မပျက် ဆင်းသက်ခဲ့သော မင်းမျိုးဖြစ်သည်။

နတ်ရှင်နောင်၏ ခမည်းတော်ဘက်မှ ဘိုးတော်မှာ ဘုရင့်နောင်မင်းတရားကြီး၏ ညီတော် တောင်ငူဘုရင်မင်းခေါင်ဘွဲ့ခံ ” သီဟသူ ” ဖြစ်သည်။ ဘုရင်မင်းခေါင်သည် မင်းသားဘဝ ဇေယျနန္ဒ ဘွဲ့ဖြင့် နေရစဉ်၊ မင်းတရားရွှေထီး ဟံသာဝတီ၌ တစ်ပင်တိုင်ပြဿဒ် ဆောက်တော်မူ၍ သက္ကရာဇ် ၉၀၇-ခုနှစ်တွင် ရာဇဘိသေက ခံတော်မူသည့် အခမ်းနား၌ ပြည်ဘုရားထွေးနောက် မိဖုရားတွင်မြင်သော သမီးတော် ( လေးကျွန်း မိဖုရား ) နှင့် စုံဖက်ပေးတော်မူခြင်း ခံရသည်။ ထိုတောင်ငူ ဘုရင်မင်းခေါင်နှင့် လေးကျွန်းမိဖုရားတို့မှ သားတော် (နောင်တွင် တောင်ငူရွှေနန်းတည်မင်း ) ဖြစ်လာမည့် မင်းရဲသီဟသူအား ဖွားမြင်သည်။ ထိုမင်းရဲသီဟသူမှာ နတ်ရှင်နောင်၏ ခမည်းတော်ပင်တည်း။

နတ်ရှင်နောင်၏ မယ်တော်မျိုးရိုးသည်လည်း ကြီးကျယ်မြင့်မြတ်သော မင်းမျိုးတို့သာလျှင် ဖြစ်ပြန်လေ၏ ။ မယ်တော်ဘက်မှ ဘိုးတော်မှာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင်ပင် ဖြစ်တော်မူသည်။ ဘုရင့်နောင်မင်းတရားကြီးသည် အင်းဝရွှေနန်းကြော့ရှင်၏ သမီးတော် သီရီဘုန်းထွတ်အား ( စန္ဒာဒေဝီ ) ဘွဲ့ဖြင့် မိဖုရားမြှောက်တော်မူခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီးနှင့် စန္ဒာဒေဝီတို့မှ သမီးတော်ခင်စောကို မြင်တော်မူသည်။ သမီးတော် ခင်စောမှာ နတ်ရှင်နောင်၏ မယ်တော်ပင်တည်း။

ဘုရင့်နောင်မင်းတရားကြီးသည် သက္ကရာဇ် ၉၃၃-ခုနှစ်၊ နယုန်လဆန်း ၇-ရက်၊ စနေနေ့တွင် စန္ဒာဒေဝီ ရှင်မိမိဖုရားမှ မြင်သော သမီးတော်မင်း ခင်စောနှင့် ညီတော် တောင်ငူဘုရင်မင်းခေါင်၏ သားတော် မင်းရဲကျော်ထင် (‌ နောင်တွင် မင်းရဲသီဟသူ ) အား နန်းတွင်း၌ပင် ကြီးကျယ်ခန့်နားစွာ ကိုယ်တော်တိုင် စုံဖက်ပေးတော်မူခဲ့သည်။

ယင်းတို့မှ သားတော်ကြီး နတ်ရှင်နောင်ကို ဖွားမြင်သန့်စင်ပြီး နောင်သောအခါ၌ မြန်မာစာပေ လောကတွင် ထင်ရှားကျော်ကြားလှသော ရတုများ စပ်ဆိုခဲ့သည်။ နတ်ရှင်နောင်၏ ဖွားသက္ကရာဇ်ကို မဟာရာဇဝင် ကြီး၌ ၉၃၉ ဟုလည်းကောင်း၊ မြန်မာစာပေသမိုင်း၌ ၉၄၀ ပြည့်ဟုလည်းကောင်း အသီးသီးဖော်ပြထားကြပြီး ကွဲလွဲမူများရှိကြသည်။ ထို့ကြောင့် ဓာတုကလျာနှင့် အရွယ်ချင့်တွယ်ရာ၌ အချို့ကျမ်းတို့၌ ၁၈နှစ် ကွာသည်။ ၁၉နှစ် ကွာသည်ဟု ငြင်းခုံမှု ရှိခဲ့ကြသည်။

သန်းထွန်း ( လှည်းကူး ) ရေးသားသော နတ်ရှင်နောင်နှင့် ရာဇဓာတုကလျာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်

Related Posts