ဓမ္မရံကြီး ဘုရားသမိုင်း


ဓမ္မရံကြီး

ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ်အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့နရသူနဲ့ နရသူ၏ကောင်းမှုတော် ဓမ္မရံကြီးဘုရား

နရသူသည် ထီးနန်းရယူလို၍ ခမည်းတော် အလောင်းစည်သူမင်းကြီးအား ရွှေဂူကြီးဘုရားအတွင်း ခေါင်းအုံးဖြင့်ဖိသတ်ခဲ့လေသည်။ အလောင်းစည်သူမင်းနတ်ရွာစံသော် နောင်တော်မင်းရှင်စောသည်မင်းပြုအံ့ဟုဆိုကာ ပုဂံပြည်သို့ချီလာလေသည်။ထိုအခါ နရသူက ပံ့သကူမထေရ်မြတ်ကို လျှောက်လေသည်။”

အရှင်ဘုရားနောင်တော်မင်းရှင်စောသည် ခမည်းတော်မရှိသောအကြောင်းကို ကြားတော်မူလျှင် ရေအား၊ ကြည်းအားဖြင့်ချီလာတော်မူလေပြီ။ ကြာသော်ပြည်ထဲအရေးဖြစ်လေပြီ၊ ကျွန်တော်မျိုးရှိသောကြောင့် ဓားတစ်စင်း၊ မြင်းတစ်စီးဖြင့်သာကြွတော်မူ၍ ကျွန်တော်မျိုးကိုယ်တိုင် နောင်တော်ရောက်လျှင် နောင်တော့်ကို ထမ်းပြီးနန်းတင်ပါမည်” ဟုသစ္စာကြီးစွာပြုလေသည်။

ပံ့သကူမထေရ်မြတ်သည်”ငါခေါ်၍ ရောက်သောအခါမင်းမမြှောက်လျှင် ငါအပြစ်ဖြစ်အံ့။ ထို့ကြောင့်သင့်ကိုငါမယုံ”ဟုမိန့်တော်မူခဲ့သော်လည်း နရသူ၏သစ္စာစကားကိုယုံပြီး မင်းရှင်စော ကို ဖျောင်းဖျလေသည်။ မင်းရှင်စောလည်း မထေရ်မြတ်စကားကိုယုံပြီး ပံ့သကူမထေရ်မြတ် နှင့်အတူ နန်းတော်သို့လိုက်လေသည်။ လက်ပံဆိပ်သို့ရောက်လျှင် နရသူလည်း သစ္စာပြုသည့် အတိုင်း လှေသို့ဆင်း၍ နောင်တော်ဓားကိုထမ်းပြီး နန်းတင်လေသည်။ဘိသိက်သွန်းပြီး ထိုညတွင် စားတော်၌ ဆေးခတ်သောကြောင့် မင်းရှင်စောအနိစ္စရောက်လေသည်။

မင်းရှင်စောအနိစ္စရောက်သော်နရသူ နန်းတက်လေသည်။ နရသူဆေးခတ်၍ အနိစ္စ ‌ရောက် ကြောင်း ပံ့သကူမထေရ်မြတ်ကြားလျှင် နန်းတော်သို့သွား၍မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သောမကောင်းမူကိုမကြောက်၊ ဤစည်းစိမ်ကိုရလျှင် နင်၏ခန္ဓာကိုယ်သည် မအို၊မသေပြီဟူ၍ မှတ်သည်လော၊ လောကတွင်နင့်ထက်ပျက်သောမင်းမည်သည်ကားမရှိ ဟူ၍ မိန့်တော်မူလေသည်။ နရသူလည်း”အရှင်မြတ်တို့ထံသစ္စာခံသည့်အတိုင်းနန်းတက်ပါသည်” ဟု ပြန်လည်လျှောက်တင်လေသည်။ ပံ့သကူမထေရ်မြတ်လည်း လူ့ပြည်တွင် နင့်ထက်ဆိုးရွား ညစ်ညမ်းသော သူမရှိ မိန့်တော်မူပြီး သိန်းခိုကျွန်းသို့ ကြွလေသည်။

နရသူသည် ရက်စက်ကြမ်းကြုတ်သော မင်းဖြစ်လေသည်။မှူးမတ်၊တို့အပေါင်းလည်း ကြောက်ရွံ့ကုန်လေသည်။သန်စွမ်းသော ရဟန်းပျိုတို့ကိုလူထွက်စေပြီး စစ်ထဲဝင်ခိုင်းလေသည်။ အချို့သော ရဟန်းတို့လည်း ကြောက်ရွံ့သဖြင့် သိန်းခိုကျွန်းသို့ ကြွလေကုန်လေသည် ။ နရသူသည်မင်းဖြစ်သွားပြီးနောက် ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ရင်း (1170)တွင် ကောင်းမှုတော်ဖြစ်သော ဓမ္မရံကြီးကိုတည်ခဲ့လေသည်။

သူတည်သောဘုရားသည် ပုဂံတွင်အထုအထည်အကြီးမားဆုံးဖြစ်စေချင်သော ဆန္ဒဖြင့် နရသူကိုယ်တိုင် ကြပ်မတ်စစ်ဆေးသည်။ လူပေါင်းများစွာ၊ပန်းရံဆရာပေါင်း များစွာကို စတေးပြီး ဘုရားတည်ခဲ့လေသည်။ နရသူမင်းသည် အုတ်တချပ်နှင့် တချပ်ကြားအပ်နှင့် ထိုးကြည့်၍ အပ်တစ်ချောင်းအုတ်ထဲဝင်လျှင် ထိုနေရာတာဝန်ယူသော ပန်းရံဆရာကို သတ်ပစ်လေသည်။ တချို့ကမူ ပန်းရံဆရာကိုခေါ်၍ လက်ဖြတ်လေသည်ဟုဆိုသည်။

ပန်းရံဆရာတို့မည်မျှလက်ဖြတ်ခံခဲ့ရသည်ကို အောက်ခံကျောက်တုံးက သက်သေပြနေသည်ဟု ဆိုခဲ့ကြသော်လည်း ပညာရှင်များက မူမျက်နှာပြင်ကြက်ခြေခတ်ပါကျောက်တုံးသည် ပန်းရံဆရာများကို လက်ဖြတ်သည့်ကျောက်တုံးမဟုတ်ဘဲ တံခါးတပ်ရာတွင် သံကွင်းအား ချုပ်ကာ နံရံအတွင်းမြုပ်ရန် သံကွင်းချုပ်ကျောက်သာဖြစ်သည်ဟု ဆိုကြသည်။

ဘုရား၏အနောက်ဘက်တွင် ဖခင်အလောင်းစည်သူမင်းနှင့် အကိုမင်းရှင်စောတို့အား ထီးနန်းရယူလို၍ သတ်ခဲ့ခြင်းအပေါ်နောင်တရ၍ မိမိအကုသိုလ်ကျေစေရန် ရည်ရွယ်ချက်လားမသိ ပလ္လင်တခုထဲပေါ် ဘုရားနှစ်ဆူယှဉ်၍ပူဇော်ထားခဲ့ပါသည်။ အုတ်ညီမညီ၊ အုတ်ကျက်မကျက်၊ အုတ်ကောင်းမကောင်း ဘုတ်ကိုအထူးအလေးထားရွေးချယ်ရသဖြင့် လုပ်ငန်းခွင်ကြန့်ကြာမှုရှိလာပြီး အလုပ်တာဝန်ပေါ့လျော့လျှင် အပြစ်ပေးခံသည့်အတွက် ပန်းရံဆရာတို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရသဖြင့်(၃)နှစ်ကြာသော်လည်း ဘုရားကြီးမပြီးနိုင်ဘဲရှိခဲ့လေသည်။

နရသူသည် ဖခင်အလောင်းစည်သူမင်းအားဆက်သသည့် ပဋိက္ခရားမင်းသမီးကိုလည်း သိမ်းပိုက်ခဲ့လေသည်။ နရသူသည် အခင်းကြီးသွားပြီးသန့်သက်ရေမသုံးသဖြင့် ရွံရှာ၍ မင်းသမီးကမခစားသည့်အခါ ကွက်မျက်ခဲ့သည်။ ထိုအကြောင်းကိုပဋိက္ခရားမင်းသမီး၏ ခမည်းတော် မင်းကြီးကြားသော်ကုလားသူရဲကောင်း ရှစ်ယောက်ကို ငါ့သမီးတော်ကို သတ်သောမင်းရှိရာ ပုဏ္ဏားအယောင်အဆောင်၍သွားပြီး နင်တို့သတ်ချေ။ ထိုမင်းသေလျှင် နင်တို့ကိုယ်ကို သန်လျက်နှင့်ထိုး၍ သေကြလေ၊နင်တို့သား၊မယားတို့ကို သုံးစွဲမကုန်သော စည်းစိမ်ကိုပေးမည် ဟု ဆိုပြီးလွှတ်၍ နရသူအားလုပ်ကြံစေသည်။ ကုလားတို့သတ်၍ လွန်လေသော် နောင်တွင် ကုလားကျမင်းဟု အမည်တွင်လေသည်။

ဓမ္မရံကြီးသည် မပြီးသေးခင်ပင် နရသူနတ်ရွာစံသဖြင့် ဆောက်လုပ်ဆဲဘုရားကြီးကိုလည်း တန်းလန်းထားပစ်ခဲ့ပြီးဘွဲ့တော်မမှည့်သေးဟုဆိုသည်။ (ကုလားတို့လုပ်ကြံ၍ ဓါးမရံမိ၍ သေသည်ကိုအစွဲပြု၍ ဓါးမရံမိသည်ကို နှောင်းလူတို့က ဓမ္မရံဟူ၍သော်လည်းကောင်း ၊ဓမ္မရံသီဆိုသော ပါဋ္ဌိစကားမှဆင်းသက်လာသည်ဟူ၍လည်းကောင်း ဘုရား၏ အနောက်ဘက်အနီးတွင် ဓမ္မရံသီအရှင်သူမြတ်သီတင်းသုံးနေထိုင်သည်ကို အစွဲပြု၍ လည်းကောင်း) နှောင်းလူတို့လက်ထက်၌ ဓမ္မရံကြီးဘုရားဟုအမည်တွင်လေသည်။

ဘုရားအတွင်းတွင်လှိုင်ပတ်လမ်းနှစ်လမ်းရှိသော်လည်းအတွင်းလှိုင်ပတ်လမ်းကိုအဘယ်ကြောင့်ပိတ်ခဲ့သနည်းဆိုသည်ကား ယနေ့အချိန်ထိ မည်သူမျှ မသိနိုင်ဘဲရှိနေပါတော့သည် ။

သော်တာမင်း

OpenYourBusinessOnline

သမိုင်း

Related Posts