ရတနာပုံခေတ် မိန်းမမြင်းစီးသူရဲကောင်း မယ်ဘယက်(တတိယပိုင်း)

နန်းမြို့ပြင်တွင် ဘုရင့်တပ်နှင့် မြင်းစီးသူရဲကောင်း “မိနက်ကြီး” အပါအဝင် သူပုန်တပ်သားများ တိုက်ခိုက်ကြသည်ကိုသိရသော မြို့ဝန်ထံတွင် အခစားအမှုတော်ထမ်းသော မြင်းစီးသူရဲကောင်း “မယ်ဘယက်”သည် သူစီးမည့်မြင်ကွင်း ရဲဒင်း တင်းပုတ် ကြိုးခွေတို့ကို တင်ပြီး နန်းတွင်းမှ မြင်းကိုဒုန်းဒိုင်း၍စီးပြီး ထွက်ကာ ဓားလွတ်ကိုဝှေ့ရမ်းပြီး သူပုန်တပ်ကို ဒလကြမ်း ဝင်ရောက် တိုက်ခိုက်သည်။ ထို့ နောက် မိန်းမကြမ်း မိနက်ကြီးဆီသို့ မြင်းကို ဒုန်းစိုင်း၍စီးပြီး လိုက်ခုတ် သည်။

ဤတွင်မိနတ်ကြီးသည် သူ့ထက်မြင်းစီးကျွမ်းကျင်သော “မယ်ဘယက်”ကိုတွေ့ရာ ကြောက်လန့်၍ ထွက်ပြေးသွားသည်။ မယ်ဘယက်သည် မြို့တွင်းရှိလူဆိုးလူမိုက် ဓားရေးမကျွမ်းကျင်သော သူပုန်တပ်သားအရက်သမား ငမူးတို့ကို အလွတ်မပေးဘဲ တိုက်ခိုက်ရာ လူဆိုးလူမိုက်များမှာ မြင်းစီးသူရဲကောင်း မယ်ဘယက်၏ ရဲဒင်း၊ တင်းပုတ် တို့ဖြင့် ခုတ်ဖြတ်ထုသတ်ခြင်းခံရ၍ သေဆုံးကြသည်။

ထိုအချိန် လောင်းရှည်ဝန်ကြီး တပည့်များနှင့် ကနောင်မင်းတပ်မှ ခုခံတိုက်ခိုက်ရာ သူပုန်တပ်သားအချို့ ကျဆုံးကြသည်။ မြင်ကွန်းမင်းသားသည် ကနောင်မင်းသား၏ ဘက်တော်သားများဖြစ်ကြသော မလွန်ပင်းသား၊ ပြင်စည်မင်းသာ၊ စကုမင်းသားတို့ ကို အကောက်ဉာဏ်ဖြင့် ကနောင်မင်း ခေါ်ခိုင်းသည်ဟု လိမ်ညာပြောဆိုရာ မင်းသုံးပါးမှာ မြင်ကွန်းမင်းသားစကားကို ယုံ၍ လိုက်လာကြရာ နန်းမြို့ တောင်ဘက်သို့ ရောက်သော်
မင်းသုံးပါးကို အဆုံးစီရင်လိုက်သည်။

ယာယီစံနန်းဆောင်တစ်ဝိုက်တွင်လည်း အရှေ့ဝန်မှူးတပ်တောင် ဓားဝယ်ဗိုလ်တပ်တို့သည်လည်း သူပုန်ရန်ကို ခုခံတိုက်ခိုက်သည်။မင်းတုန်းမင်းသည် နန်းတွင်းအရေးအခင်းဖြစ်ပွားသည့်သတင်း ကို ကြားရသည့်အခါ တိုက်ပွဲဖြစ်နေသော နန်းမြို့တွင်းသို့ဝင်ရန် ဆုံးဖြတ်ပြီး အခြွေအရံ မရှိ ဖြစ် နေ၍ မက္ခရာမင်းသားနှင့်အတူ ယာယီစံနန်းဆောင်သို့ ချက်ချင်းကြွသွားတော်မူသည်။

  • မြင်ကွန်းမင်းသားလည်း ခမည်းတော်မင်းတုန်းမင်းကို သတ်ဖြတ်သုတ်သင်ရန် တပည့်ဖြစ်သူ ရွှေဓားဆွဲဗိုလ် ငပိုက်ကြီးအား မြို့တံခါးအဝင်တွင် စောင့်ခိုင်းထားသည်။ မြို့တံခါးအဝင်တွင် မင်းတုန်းမင်းနှင့် ငပိုက်ကြီးတို့ရင်ဆိုင်တိုးမိသည်။ မင်းတုန်းမင်း၏ ကျေးကျွန်ရင်းဖြစ်သဖြင့် ငပိုက်ကြီးသည် ဘုရင်မင်းမြတ်နှင့်တွေ့သော် သတ်ဖြတ်ရန် မေ့ပြီး ဒူးထောက်၍ ဦးတော်ခိုက် ရှိခိုးကန်တော့သည်။
  • ဤတွင် မင်းတုန်းမင်းက-
    “ဟဲ့ ငပိုက်ကြီး ငါ့ကိုဂံနန်းဆောင်ဖို့ စမ်း”ဟု ငပိုက်ကြီးကို အမိန့်ပေးလိုက်သည်။ ဤတွင် ငပိုက်ကြီးသည် မင်းတုန်းမင်းကြီးကို သူ၏ကျောကုန်းထက်၌ ချီပိုး၍ လိုက်ပို့သည်။ နန်းတွင်းသို့ ရောက်သည့်အခါ မင်းတုန်းမင်းသည် ငပိုက်ကြီး ကျောကုန်းပေါ်မှာ ဆင်းလိုက်ရာ ငပိုက်ကြီး၏ ပုဆိုးခြုံအတွင်းမှ ဓားမြှောင်တစ်လက်အောက်သို့ ထွက်ကျသည်ကို မြင်လိုက်သော် မင်းတုန်း မင်းက ဓားမြှောင်ကို ကောက်ယူပြီး ထိုဓားမြှောင်နှင့် ငပိုက်ကြီးကို ထိုးသတ်လိုက်သည်။

မက္ခရာမင်းသားသည် သူပုန်တပ်ရန်ကို ခုခံတိုက်ခိုက်ရာ သူပုန်တပ်သားများမှာ မက္ခရာ မင်းသား ၏ ဓားချက်ဖြင့်ဆုံးကြသည်။ ထိုစဉ် မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား နှစ်ပါးသည် ခမည်းတော်မင်းတုန်းမင်းကို သတ်ဖြတ်ရန် လိုက်ရှာကြသည်။ ရှာမတွေ့သည့်အခါ နောက် ကြောင်းသို့ ပြန်လှည့်ပြီး ဦးထိပ်ယတံခါးမှ နန်းတွင်းသို့ ပြန်ဝင်ကြသည်။

ရွေးတော်တံခါးတွင် နတ်ရှင်ရွေးလေနတ်ဗိုလ်တပ် စောင့်နေကြရာ သူပုန်တပ်နှင့်တွေ့၍ တိုက်ခိုက်ကြရာတွင်၊ နတ်ဗိုလ်တပ်မှာ ခုခံနိုင်စွမ်းမရှိ၍ ရွေးတော်မူတံခါးအပွင့်တွင် သူပုန် တပ်သားများ လွှတ်တော်ကိုဝင်စီးပြီး အတွင်းရှိ ဝန်ကြီးဦးကြာဥမှူးမတ်တို့ကို သူပုန်လက် ရရှိသွားသည်။ ထို့ နောက် သူပုန်တပ်သားတို့သည် လွှတ်တော်မှ တံခါးနီဘက်သို့ ချီတက် သွားကြသည်။

တံခါးနီတံခါးအတွင်းမှ မက္ခရာမင်းသား ရဲမက်တပည့်များ စောင့်ကြပ်နေ၍ သူပုန်တပ်သား များကို မက္ခရာမင်းသား ဦးဆောင်၍ ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ရာ သူနှင့်အတူ ဝန်ကြီး ဦးရန်ဝေး လည်း ရှိနေသည်။ တံခါးနီတံခါးပွင့်လျှင် နန်းပလ္လင်အထိ ဒိုးယိုပေါက်ရောက်ပြီး နန်းပလ္လင်ကို မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်သူပုန်တပ်တို့ အပိုင်စီးမည်ဖြစ်၍ မက္ခရာမင်းသား၏တပ်မှ အသက်ပေးခုခံတိုက်ခိုက်ခြင်းဖြစ်သည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts