အချစ်ပြယ်ဆေး

အချစ်ပြယ်ဆေး
‘ကျွန်ုပ်၏တစ်သက်တွင် ကျွန်ုပ်သည် များစွာအမှားတို့ကို ပြုလုပ်ကောင်း ပြုလုပ်ခဲ့ဖူးပေလိမ့်မည်၊ သို့ရာတွင် ကျွန်ုပ်သည် အချစ်တစ်ခုတည်းကြောင့် မိန်းမယူရန် ဘယ်အခါမှ စိတ်မကူးခဲ့ပေ’ ဟု ကမ္ဘာကျော် အင်္ဂလိပ်နန်ရင်းဝန်ဒစ်ဇရေလီသည် ထုတ်ဖော် ပြောဆိုဖူးလေသည်။

ထိုကဲ့သို့ ပြောသည့်အတိုင်းလည်း မယူဘဲနေခဲ့၏။ လူပျိုကြီးဘဝနှင့် နေခဲ့ရာ အသက် ၃၅ နှစ်သို့ ရောက်မှ သူ့ထက် အသက် ၁၅ နှစ်ကြီးသော ပိုက်ဆံချမ်းသာကြွယ်ဝသည့် မုဆိုးမတစ်ဦးကို လက်ထပ်ထိမ်းမြားလိုကြောင်းနှင့် ကြောင်းလမ်း၏။ ထိုမုဆိုးမကြီး၏ ဆံပင်တို့မှာ ဖြူ၍ပင် နေလေပြီ။ သူ့ကိုချစ်၍ မဟုတ်ဘဲ ပိုက်ဆံချမ်းသာသောကြောင့်သာ လက်ထပ်သည်ဟု မုဆိုးမကြီးသည် ကောင်းစွာသိရှိ၏။ ထို့ကြောင့် ကြောင်းလမ်းသောအခါ တစ်နှစ်လောက်စောင့်ပြီးလျှင် ဒစ်ဇရေလီကို အကဲခတ်ပါရစေဦး ဟူ၍သာ တောင်းပန်လိုက်၏။ တစ်နှစ်စေ့သောအခါ မုဆိုးမကြီး မေရီအန်းသည် ဒစ်ဇရေလီနှင့် လက်ထပ်လိုက်၏။

ငွေကြောင့် လက်ထပ်သည်ကား မှန်၏။ သို့ရာတွင် ထိုဇနီးမောင်နှံတို့သည် ပျော်တပြုံးပြုံး မော်မဆုံးနိုင်အောင် ရှိကြ၏။ မေရီအန်းသည် ရုပ်ရည်ရူပကာယမှာ မပြည့်စုံ၊ ငယ်ဂုဏ်ကလည်း မပြောသာ၊ ပညာဉာဏ်မှာတော့ အလွန်နည်းသူတစ်ဦး ဖြစ်လေသည်။ စကားပြောရာတွင်လည်း အမှားမှားအယွင်းယွင်းတို့ကိုသာ ပြောတတ်လေသည်။ ဥဒါဟရုဏ်၊ ရောမနှင့် ဂရိရှိသည့်အနက် ဘယ်သင်းသည် အလျင်ကျကြောင်း အလျဉ်းမသိချေ။ အဝတ်အစားကိုလည်း ကြောင်ကြောင်ကျားကျားမှ ဝတ်တတ်၏။ အိမ်ကို ပြင်ဆင်ရာတွင်လည်း ရယ်စရာကောင်းလောက်အောင် သူများထက် ဆန်း၏။

သို့ရာတွင် တစ်ခုတော့ ချီးမွမ်းစရာ ရှိ၏။ ထိုချီးမွမ်းစရာအချက်သည် အခြားမဟုတ်။ ယောက်ျားကို ပြုစုရာတွင် တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ခြင်းပင် ဖြစ်လေသည်။ မေရီအန်းသည် ဒစ်ဇရေလီကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ပညာဉာဏ်အရာတွင် ဘယ်အခါမှ မယှဉ်ပြိုင်။ လင်လုပ်သူကိုသာ အနိုင်ပေးလေ့ရှိသည်။ အလုပ်လုပ်ရာမှ မောပန်း၍ပြန်လာသောအခါ လင်တော်မောင်အား ယုယပိုက်ထွေး ကျွေးမွေးပြုစုခြင်းဖြင့် အမောပြေစေ၏။ မေရီအန်းရှိသော အရပ်သည် ဒစ်ဇရေလီ ပင်ပန်းခြင်းအပေါင်းတို့ ချုပ်ငြိမ်းစရာ လောကနိဗ္ဗာန်သဖွယ် ဖြစ်နေလေသည်။

ဒစ်ဇရေလီ အမတ်ကြီးဘွဲ့ကို မေရီအန်း ကွယ်လွန်မှ ရ၏။ အရပ်သားအဖြစ်နှင့် နေရစဉ်ကပင် သူ့မိန်းမအား မင်းပိုင်းစိုးပိုင်းဝင် ဖြစ်အောင် ဝိတိုရိယဧကရီဘုရင်မကြီးအား တောင်းပန်ဖူးလေသည်။ ထို့ကြောင့်လည်း ၁၈၆၈ ခုနှစ်တွင် မေရီအန်းမှာ ဗိုင့်ကောင့် တက် ဗီးကွန်းစဖီး ဖြစ်သွားလေသည်။ ဘယ်လောက်ပင် ထူထူအအ ဒစ်ဇရေလီသည် ဇနီးသည်ကို ပရိသတ်တွင် ကြိမ်းမောင်းခြင်း၊ အပြစ်ပြောခြင်း မပြုလုပ်ခဲ့ပေ။ အကယ်၍ တစ်စုံတစ်ယောက်သောသူက သူ့ဇနီးကို ရှုတ်ချပြောဆိုသောအခါ သူသည် အသက်ပေး၍ ကာကွယ်ပြောဆိုခဲ့လေသည်။

မေရီအန်းလည်း အနှစ် ၃၀ ကျော် ပေါင်းသင်းဆက်ဆံခဲ့သည့် အတောအတွင်း လင်တော်မောင်၏ အကြောင်းကို ချီးကျူးရတော့မည်ဆိုလျှင် မငြီးတမ်း ချီးကျူးလေ့ရှိ၏။ ‘ကျွန်ုပ်တို့ လက်ထပ်လာခဲ့သည်မှာ အနှစ် ၃၀ ရှိလေပြီ၊ ကျွန်ုပ်၏ဇနီးပေါ်တွင် တစ်ခါဖူးမျှ မငြီးငွေ့ခဲ့ဖူးပေ’ ဟူ၍ ဒစ်ဇရေလီက ထုတ်ဖော်ပြောဆိုခဲ့ဖူး၏။

‘ကျွန်ုပ်တို့၏ စိတ်ကို အတင်းအကျပ် အနှောင့်အယှက် မဖြစ်စေဘဲနှင့် တစ်ဖက်သားတို့ စိတ်ချမ်းမြေ့အောင် နေတတ်သော အလေ့အကျင့်များကို ကျွန်ုပ်တို့သည် အနှောင့်အယှက် မပြုသင့်ပေ၊ ဤနည်းသည် လူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် ရှေးဦးစွာ လိုက်နာရသောနည်း ဖြစ်လေသည်’ ဟု ဟင်နရီဂျိမ်းသည် ရေးသားခဲ့ဖူးလေသည်။

‘အိမ်ထောင်တည်မြဲရေး’ စာအုပ်ထဲတွင် လေလန်ဖို့ စတာဝုသည် အောက်ပါအတိုင်း ရေးထား၏။ ‘အိမ်ထောင်တည်တံ့ရန်အရေးတွင် လူကောင်းကို ရှာရုံနှင့် မပြီးသေးဘဲ မိမိကိုယ်တိုင်လည်း လူကောင်းဖြစ်ရန် လိုပေသေးသည်’

ထို့ကြောင့် အကြင်လင်နှင့် မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုကြပါလျှင် အကြင်လင်မယားတို့သည် တစ်ဦးကိုတစ်ဦး ငြီးငွေ့အောင် မလုပ်သင့်ချေ။

Related Posts