ကျောင်းမှ နေ့လယ်စာစားချိန် မိုက်ကို ကျွန်တော်ဖွင့်ပြောလိုက်ပါတော့တယ်။
မိုက်က ပြုံးတယ်။
“မင်း ဘာပြုံးတာလဲ” ကျွန်တော်က ဒေါပွပွနဲ့ စိတ်ပျက်လက်ပျက် မေးမိတယ်။
“ငါ့အဖေက တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ပြောပြီးသားကွ။ သူက မင်း အလုပ်ထွက်တော့မယ်ဆိုရင် သူနဲ့ လာတွေ့ဦးတဲ့ မှာထားတယ်။”
“ဘာကွ၊၊ ငါ စိတ်ပိန်သွားတဲ့အထိ သူက စောင့်နေတာတဲ့လား” ကျွန်တော်က ခံပြင်းစိတ်နဲ့ ပြောမိလိုက်ပါတယ်။
မိုက်က “တစ်ခုခုတော့ တစ်ခုခုပဲ။ ပြီးတော့ ဖေဖေက ဘယ်သူနဲ့မှမတူတဲ့ လူစားမျိုးကွ။ သူက မင်းအဖေ ပညာသင်ပေးတာနဲ့လည်း တစ်ခြားစီပဲ။ မင်းဖေဖေနဲ့ မေမေက နားညည်းအောင် တရားတွေ စွတ်ဟောတာ။ ငါ့ဖေဖေကတော့ စကားနည်းသလောက် ပါးစပ်ပိတ်နေတတ်တယ်။ လာမယ့် စနေနေ့အထိသာ အောင့်ပြီး စောင့်လိုက်ပါကွာ။ မင်း ထွက်မယ့်အကြောင်း လာပြောမယ်လို့ ငါ သတင်းပို့ထားလိုက်မယ်”
“ဒါ ငါ့ကို အကွက်ဆင်ခဲ့ကြတဲ့ သဘောပေါ့”
“ဒီလိုလည်း မဟုတ်ပါဘူး။ အဲ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ငါ ဘာမှ အတိအကျ မပြောတတ်ဘူး။ စနေနေ့ကျရင်တော့ ဖေဖေက ရှင်းပြမှာပါ”
ကျွန်တော်ကတော့ အဆင်သင့်ပြင်ဆင်ပြီးနေပါပြီ။ ကျွန်တော့် အဖေအရင်းကတောင် မိုက်အဖေကို စိတ်ဆိုးသွားတဲ့ အထိ။ ဆင်းရဲဖေဖေလို့ခေါ်တဲ့ ကျွန်တော့် အဖေကတောင် မိုက်ရဲ့အဖေ(သူဌေးဖေဖေ)ဟာ ကလေးအလုပ်သမားဥပဒေကို ချိုးဖောက်လို့ အတိုင်ခံရနိုင်တယ်လို့တောင် ပြောသေး။
ပညာတတ်သလောက် ဆင်းရဲတဲ့ ကျွန်တော့်အဖေက လုပ်ခကို တန်ရာတန်ကြေးတောင်းလို့လည်းမှာလိုက်ရဲ့။ တစ်နာရီ ၂၅ဆင့်နှုန်းပေါ့။ တကယ်လို့ လုပ်ခတိုးမပေးရင် အလုပ်က ချက်ချင်းထွက်ခဲ့လို့လည်း ပြောခဲ့တယ်။
“မင်းအနေနဲ့ စုတ်ပြတ်နေတဲ့ အလုပ်မျိုး လုပ်စရာမလိုပါဘူး သားရာ” ဆင်းရဲဖေဖေက နာကြည်းစိတ်နဲ့ ရေရွတ်လိုက်ပါသေးတယ်။
စနေနေ့မနက် ရှစ်နာရီမှာတော့ ကျွန်တော်ဟာ မိုက်တို့အိမ်ရဲ့ တံခါးအိုတံခါးဆွေးကြီးကို ဖြတ်ဝင်ခဲ့မိပါပြီ။
“ထိုင်ပြီး အလှည့်ကျအောင် စောင့်ဦး” ကျွန်တော်နဲ့ တွေ့တွေ့ချင်း မိုက်အဖေက ပြောလိုက်တယ်။ နောက် ချာခနဲလှည့်ပြီး နောက်က ရုံးခန်းကျဉ်းလေးထဲ ဝင်သွားပါတော့တယ်။
ကျွန်တော်က တစ်ခန်းလုံး မျက်စိကစားပြီး မိုက်ကို လိုက်ရှာကြည့်တယ်။ မိုက် အရိပ်အယောင် တစ်စွန်းတစ်စတောင် မတွေ့ရဘူး။ ရင်တဖိုဖိုနဲ့ပဲ ဆိုဖာရှည်ကြီးပေါ် ထိုင်ချလိုက်မိတယ်။
၄၅ မိနစ်ကြီးများတောင် ကြာသွားပြီ။ ကျွန်တော် လှုပ်လှုပ်ရွရွလေး ဖြစ်လာရပါပြီ။ ဘာမှမထူးခြားသေးပါ။
နေသာပြီး လှပတဲ့ ဟာဝိုင်ယီရဲ့ နေ့တစ်နေ့မှာ လူမရှိတဲ့ အိမ်ထဲက အမှောင်ထဲမှာ ကျွန်တော်ဟာ ချောင်ပိတ်မိနေသလို။ ကလေးတွေကို ညာခိုင်းတဲ့ အချောင်သမားကြီးတစ်ယောက်နဲ့ စကားပြောဖို့ စောင့်နေလေရဲ့။ သူက သူ့ရုံးခန်းတစ်ဝိုက် ဝင်လိုက်ထွက်လိုက် အလုပ်များနေလိုက်၊ ဖုန်းဆက် စကားပြောလိုက်နဲ့ ကျွန်တော့်ကို လုံးဝ လစ်လျူရှုထားတာပဲ။
ကျွန်တော်ဒေါပွပွနဲ့ ထပြန်ဖို့တောင် ပြင်လိုက်မိတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆက်ထိုင်နေမိပြန်တယ်။
နောက်ဆုံး ဆယ့်ငါးမိနစ်လောက် ထပ်ကြာသွားပြီး၊ ကိုးနာရီတိတိ ထိုးတော့မှ သူဌေးဖေဖေဟာ သူ့ရုံးခန်းထဲက ထွက်လာတယ်။ ဘာတစ်ခွန်းမှ မပြောဘဲ၊ ညစ်ပတ်နေတဲ့ သူ့ရုံးခန်းထဲ ဝင်လာဖို့ လက်ယပ်လှမ်းခေါ်တယ်။ သူက ဆုံလည်ကုလားထိုင်ပေါ် ဘယ်ညာလှည့်ယမ်းထိုင်ရင်းက စကား စလိုက်တယ်။
“မင်းက လခ တိုးလိုချင်တယ်။ မရရင် အလုပ်ထွက်မယ်လို့ ပြောတယ်ဆို”
ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီ။ မင်းဟာ သဘောတူညီချက်ကို ဆုံးအောင် မလိုက်နာနိုင်ဘူးဆိုရမှာပေါ့”
သူ့စကားကြောင့် ကျွန်တော် မျက်ရည်ပေါက်ပေါက်ကျမတတ် ဖြစ်သွားရပါတယ်။ ကိုးနှစ်သားလေးတစ်ယောက် အနေနဲ့ လူကြီးတစ်ယောက်ကို အတိုက်အခံပြောဖို့လည်း ရွံ့ကြောက်နေတာ အမှန်ပါ။
အဲဒီကြားထဲက အရဲစွန့်ပြီး . . .
ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 7) | သင်ခန်းစာများ စပါပြီ
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။