သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 2)

“အဲ၊ ကျွန်တော် မေးခွန်းလေးတစ်ခု မေးပါရစေ” ကျွန်တော်က ခွင့်တောင်းလိုက်တယ်။

“မရဘူး။ မမေးနဲ့။ လက်ခံမယ်၊ လက်မခံဘူး ဆိုတာကိုပဲပြော။ ငါ့မှာလည်း အလုပ်တွေ အများကြီးပဲကွ။ အချိန်မပေးနိုင်ဘူး။ မင်း အခုဆုံးဖြတ်ချက်မချနိုင်ရင် ငွေလုပ်တဲ့နည်းကို ငါ့ဆီက ဘယ်တော့မှ သင်ခွင့်ရတော့မှာ မဟုတ်ဘူး။ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲ ရနိုင်တယ်။ ဆုံးဖြတ်ချက်တွေကို တစ်ထိုင်တည်းနှင့် လျင်လျင်မြန်မြန်ချနိုင်ဖို့ဆိုတာလည်း အရေးကြီးတဲ့ ကျွမ်းကျင်မှုတစ်ခုအဖြစ် မင်းနားလည်ထားဖို့ လိုတယ်။ အခု မင်းတောင်းတဲ့ အခွင့်အရေးလည်း ရပြီ။ မင်းအတွက် ကျောင်းက ချက်ချင်းဖွင့်လို့ရပြီ။ ဒါမှမဟုတ် ဆယ်စက္ကန့်အတွင်း ပြီးသွားနိုင်တယ်။” မိုက်ရဲ့ အဖေက လှောင်ပြုံးကလေးနဲ့ ပြောခဲ့တာပါ။

ကျွန်တော်လည်း အဖြေ ပေးလိုက်မိပါတော့တယ်။ “လက်ခံပါတယ်”

မိုက်ကလည်း “လက်ခံပါတယ်”

“ကောင်းတယ်။ မစ္စစ်မာတင် ဆယ်မိနစ်အတွင်း ရောက်လာပါလိမ့်မယ်။ သူနှင့် ငါတွေ့ပြီး သူ့ကားနဲ့ ငါ့ ကုန်စုံဆိုင်ကို လိုက်သွားလိုက်တာနဲ့ အလုပ် စလုပ်လို့ရပြီ မှတ်လိုက်။ မင်းကို ငါ တစ်နာရီ တစ်ဆယ်ပေးမယ်။ မင်း ငါ့ကို စနေနေ့တိုင်း တစ်နေ့ သုံးနာရီ အလုပ်လုပ်ပေးရဦးမှာ”

“ဒါပေမယ့် ဒီနေ့ ကျွန်တော်ပွဲရှိလို့ ဘောလုံးကစားပေးရဦးမှာ”

ကျွန်တော်က ဆင်ခြင်တက်မိပါတယ်။ မိုက်ဖေဖေက မာကြောပေမယ့်၊ လေပျော့ကလေးနှင့် ထပ်မေးတယ်။

“လက်ခံမလား၊ ငြင်းပယ်မလား”

“ကျွန်တော် လက်ခံမှာပါ”

ကျွန်တော်လည်း ဘောလုံးကစားဖို့အစား အလုပ်လုပ်ဖို့ ရွေးချယ်လိုက်ပြီး အဖြေပေးလိုက်ပါတော့တယ်။

လှပတဲ့ စနေနေ့နံနက် ကိုးနာရီမှာ မိုက်နှင့် ကျွန်တော်တို့ဟာ မစ္စစ်မာတင်ဆီမှာ အလုပ်ဝင်နေကြရပါပြီ။ သူဟာ ကြင်နာတတ်ပြီး စိတ်ရှည်တဲ့ အမျိုးသမီးတစ်ဦးပါပဲ။ သူက ကျွန်တော်နဲ့ မိုက်ကို မြင်တိုင်း လူလားမြောက်ပြီး ထွက်သွားကြတဲ့ သူ့သားနှစ်ယောက်ကို သတိရတယ်လို့ အမြဲပြောနေကျ။ သူ့အနေနဲ့ မေတ္တာစိတ်ထားပေမယ့် အလုပ်ကို ရိုရိုသေသေနှင့် ဖိဖိစီးစီးလုပ်မှ ကြိုက်ပြီး၊ ကျွန်တော်တို့ အလုပ်လုပ်တာကို အမြဲ စောင့်ကြည့်ကြပ်မတ်လေ့ရှိပါတယ်။ ပြီးတော့ သူဟာ ကျွန်တော်တို့ကို ရေရေလည်လည်မောင်းတဲ့ ဆရာတစ်ဦးပဲပေါ့။

ကျွန်တော်တို့ဟာ စင်တွေပေါ်က စည်သွပ်ဗူးတွေချပြီး ငှက်မွေးဖုန်သုတ်နှင့် ဖုန်တွေကို စင်အောင်သုတ်၊ စင်တွေပေါ် စနစ်တကျ ပြန်စီတင်၊ သေသေသပ်သပ် လှလှပပလေးဖြစ်အောင် လုပ်။ သုံးနာရီလုံးလုံး မနားရတော့ပါဘူး။

တကယ်တော့ အရမ်းကို ငြီးငွေ့စရာကောင်းတဲ့ အလုပ်ကြီးပါပဲဗျာ။ ကျွန်တော်က သူဌေးဖေဖေလို့ အမည်ပေးထားတဲ့ မိုက်ရဲ့ အဖေဟာ ဒီလို ကုန်စုံစတိုးဆိုင်မျိုး ကိုးဆိုင်ကို၊ ကားရပ်ဖို့ နေရာအကျယ်ကြီးတွေနှင့် ပိုင်ဆိုင်ထားပါတယ်။ နေကပြင်းတော့ ပူမှာစိုးလို့ ပြတင်းပေါက်တွေ ဖွင့်ထားရတယ်။ ဖုန်ဝင်လိုက်တာ မပြောပါနဲ့။ လေအေးစက်ကလည်း အဲဒီအချိန်က ဟာဝိုင်ယီမှာ မတပ်ကြသေး။ လေအေးစက်မရှိတဲ့ဆိုင်မှာ သုံးပတ်လုံးလုံး အလုပ်လုပ်ခဲ့ကြရတာပေါ့။

နေ့စဉ် အလုပ်ဆင်းပြီးတဲ့ ညနေတိုင်း မစ္စစ်မာတင်က လုပ်ခ ဆင့်သုံးဆယ် ရှင်းပေးလေ့ရှိပါတယ်။ ၁၉၅၀ ခုနှစ်အနေနဲ့ အသက်ကိုးနှစ်အရွယ်မှာတောင် ဆင့်သုံးဆယ်ဆိုတာ ဘာမှ မဟုတ်လှပါဘူး။ ကာတွန်းရုပ်ပြတစ်အုပ် ဆယ်ဆင့် ပေးနေရတဲ့ အချိန်ဆိုတော့ ကျွန်တော်ရတဲ့ ပိုက်ဆံနဲ့ ကာတွန်းစာအုပ်တွေ ဝယ်ပြီး ပြန်လေ့ရှိစမြဲ။

လေးပတ်မြောက်တဲ့ ဗုဒ္ဓဟူးနေ့ကျတော့ ကျွန်တော် အလုပ်ထွက်ဖို့ ကြံခဲ့မိပါပြီ။ ကျွန်တော်အလုပ်ဝင်လုပ်ခဲ့တာက မိုက်ရဲ့ အဖေဆီက ငွေလုပ်တဲ့ ပညာကို တတ်ချင်တာတစ်ခုတည်းကြောင့်သာဖြစ်ပြီး၊ ခုတော့ ကျွန်တော်က တစ်နာရီဆယ်ဆင့်နဲ့ ကျွန်တစ်ယောက်လို လုပ်နေရတာကိုး။

အဲဒီထက်ဆိုးတာက ပထမဆုံး စနေနေ့ စတွေ့ပြီးတည်းက မိုက်ရဲ့ အဖေကို မျက်နှာတောင် မမြင်ရတော့တာပါပဲ။

“ငါ အလုပ်ထွက်တော့မယ်”

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 6) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts