၇၀ ရာခိုင်နှုန်း

၇၀ ရာခိုင်နှုန်း (Part 1)

နေ့စဉ် စားသောက်နေတဲ့ အစာအာဟာရတွေထဲမှာ ကိုယ်ခန္ဓာအတွက် တကယ်လိုအပ်တဲ့ အသုံးဝင်တဲ့ အစာအာဟာရတွေပါသလို၊ လုံးဝမလိုအပ်တဲ့ အဆိပ်အတောက်ကိုပင် ဖြစ်စေနိုင်တဲ့၊ ကျန်းမာရေးကို ထိခိုက် ပျက်စီးစေတဲ့ အစာအာဟာရတွေလည်း ပါဝင်နေတတ်ကြပါတယ်…။

ဒါပေမဲ့ ကျွန်မတို့ လူတွေ အများစုကတော့ ကိုယ့်အတွက်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြိုက်တယ်ဆိုရင် ပါးစပ်ထဲကို ထည့်လိုက်ကြတာက များပါတယ်။

အဆီအနှစ်တွေ စားကြတယ်။ သွေးကြောတွေ ပိတ်တယ်။ အဆိပ်နဲ့တူတဲ့ အရည်တွေကို သောက်ကြတယ်။ အသည်းတွေ၊ ကျောက်ကပ်တွေက အဆိပ်တွေကို မစွန့်ထုတ် မချေဖျက်နိုင်တော့တဲ့အခါ ပျက်စီးကြတယ်။

ဒါကြောင့် ကိုယ်ခန္ဓာဆိုလည်း အဆိပ်ထုတ်ပေးရတယ်။ သွေးထဲက အဆီတွေကျသွားအောင် အဆီကျဆေးသောက်နေရတယ်။ သွေးကြောတွေကို ချဲ့ထွင်ရတယ်။ ကိုယ်အလေးချိန် လျော့အောင် လုပ်ကြရတယ်။ ဒါတွေဟာ အလကား မဟုတ်ပါဘူး။ ဘယ်သူမဆို ကျန်းမာသက်ရှည်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ကြချင်ကြလို့ပဲ ဖြစ်ပါတယ်။

ကျန်းမာသက်ရှည်ပြီး ချမ်းချမ်းသာသာနေရတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် စိတ်မချမ်းသာဘူး ဆိုရင်တော့လည်း အသက်ရှင်နေထိုင်ရတဲ့ ဘဝ တစ်သက်တာဟာ အလကားပဲလို့ ထင်မိပါတယ်။

ဒါကြောင့် နေရာမလပ် ကျပ်ခဲ ပိတ်ဆို့နေတဲ့စိတ်ထဲမှာ နေရာအပိုလေးတွေ ထွက်လာအောင် သန့်ရှင်းရေး မလုပ်ချင်ဘူးလား…။ မကောင်းတဲ့ အဆိပ်တွေ ထုတ်မပစ်လိုက်ချင်ဘူးလား။ မလိုအပ်ဘဲ ပိုနေတဲ့ အဆီကို… အရာတွေလျော့ချမပစ်လိုက်ချင်ဘူးလား…။ စဉ်းစားစရာ ဖြစ်လာပါတယ်။

အတွေးတွေဟာ ဦးနှောက်အတွက် အစာ အာဟာရတွေပဲ ဖြစ်ပါတယ်။ Thoughts are food for the brain. ဦးနှောက်ကိုဘယ်လို အစားမျိုး များများကျွေးပေးမလဲ…။

Mental Detox စိတ်ကို အဆိပ်ထုတ်မယ်ဆိုရင် အဆိုးမြင်စိတ်ခံစားမှု Negative Emotion တွေကို ဖြစ်ပေါ်စေတဲ့ အတွေးတွေကို Limit ကန့်သတ်ပစ်လိုက်ရမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို ဆောင်ယူလာပေးတဲ့ စိတ်အတွေးတွေနဲ့ အစားထိုးပေးရမှာ ဖြစ်ပါတယ်။

အဆီအစိမ့်တွေ လှိမ့်ပိမ့်ပြီး စားနေမယ့်အစား အရည်ရွှမ်းတဲ့ သဘာဝ သစ်ဥ သစ်ဖုလေးတွေကို အစားထိုး စားသုံးပေးတဲ့အခါမှာ ကိုယ့်ခန္ဓာထဲက ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေ အဆိပ်တွေ ကြည်စင်သွားသလိုပဲပေါ့။

တကယ်တော့ အလေ့အကျင့်ပါပဲ။ ကိုယ်ခန္ဓာ ကျန်းမာဖို့ဆိုတာလည်း အရိုးစွဲလာခဲ့တဲ့ စားသောက်နေထိုင်မှု ပုံစံကို Lifestyle ပြုပြင်ယူလိုက်ရတာပါ။ Mental Diet လို့ ကျွန်မတို့ ခေါ်ကြည့်ရအောင်…။ စိတ်ကို ဝိတ်လျော့တာဟာ သဘောတရားတစ်ခုတည်းပဲ ဖြစ်ပါတယ်။

အခု ကိုယ်ဖြစ်လာတဲ့ ကိုယ်ခန္ဓာအနေအထားဟာ တစ်သက်လုံးစားလာခဲ့တဲ့ စားသောက်မှုပုံစံပေါ် မူတည်ပါတယ်။ အခု ဘဝမှာ ကိုယ်ရောက်နေတဲ့ နေရာဟာလည်း ကိုယ့်အတွေးတွေက တွန်းပို့ခဲ့တဲ့ နေရာပဲဖြစ်ပါတယ်။ ဒါကြောင့် အလေ့အကျင့်တွေကို ပြင်လိုက်ဖို့ အရေးကြီးပါတယ်။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> ၇၀ ရာခိုင်နှုန်း (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts