No လို့ ပြောဖို့ လေ့ကျင့်ပါ

No လို့ ပြောဖို့ လေ့ကျင့်ပါ

လုပ်စရာတွေအများကြီးရှိတယ်။ I have so much going on.

ကျွန်မတို့… ဒီလိုခဏခဏ ပြောတတ်ကြတယ်…။ နေ့တိုင်းပြောဖြစ်ကြသလိုပဲ…။ ကိုယ့်ကိုကိုယ် အရမ်းအလုပ်များတယ်…။ Busy ဖြစ်တယ်လို့ ခံယူထားတဲ့ သူတွေဟာ ကိုယ့်ရဲ့ လုပ်စရာစာရင်းထဲကို မပြီးဆုံးနိုင်တာတွေ… ထပ်…ထပ်ပြီး ထည့်နေတတ်ကြတယ်…။ ဒါဟာစွဲလန်းခြင်း Obsession တစ်မျိုး ဖြစ်ပါတယ်။

ဘာကိုစွဲလမ်းတာလဲဆိုရင်… ဘဝထဲက… အကြောင်းအရာ တစ်ခုချင်းစီအတွက် For each and every little detail… အရာရာတိုင်းကို ကိုယ်တိုင် စီမံခန့်ခွဲလိုခြင်းဖြစ်ပြီး အဲဒီလို ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ ခံစားချက် Feeling of control ကို ကြိုက်နှစ်သက်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့… တစ်ချိန်တည်းမှာပဲ… ကျွန်မတို့ဟာ… မသိမသာ… စိတ်ဖိစီးမှုတွေဖြစ်လာတတ်ကြပါတယ်။ လုပ်စရာအလုပ်တွေ… အရမ်းများလာပြီး… ဘယ်ကနေ…ဘာကို စလုပ်ရမှန်းမသိတော့တဲ့… အခြေအနေမျိုးကို ရောက်တဲ့အခါ ကျွန်မတို့ဟာ တချို့အရာတွေကို လွှတ်ချပေးလိုက်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့စွမ်းအင်တွေကို ခွဲဝေအသုံးချတဲ့နေရာမှာ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ရွေးချယ်ပြီး ကျန်တဲ့အရာတွေကိုတော့ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်တတ်ရပါမယ်။

တစ်ခါတစ်လေကျတော့… ကျွန်မတို့ဟာ… ကိုယ့်ဘဝကိုတောင်… ကိုယ်မပိုင်ဆိုင်နိုင်တဲ့ စွမ်းအင်မဲ့နေတယ်ဆိုတယ်ဆိုတဲ့ ခံစားမှုမျိုး Feeling of being powerless ကို ခံစားတတ်ရပါတယ်…။ အဲဒါဘာဖြစ်လို့လဲဆိုရင် ကိုယ့်ဘဝထဲမှာရှိနေတဲ့… ကွက်လပ်တွေမှန်သမျှ သူများအတွက် လိုက်ဖြည့်ပေးနေလို့ပဲ ဖြစ်ပါတယ်…။ ကိုယ်လုပ်ချင်တာလေးတွေ ဘာမှ မလုပ်ရဘူး…။

မိုးလင်းကနေမိုးချုပ်… သူများအတွက်ပဲစဉ်းစားတယ်…။ တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ… သူများကိစ္စတွေကို လုပ်ဖို့ပဲ စဉ်းစားတယ်။ ပြက္ခဒိန်မှာ အားလပ်ရက်တွေ မှန်သမျှ လူမှုရေးတွေနဲ့ ပြည့်နှက်နေတယ်။ သာရေးနာရေးတွေ ဘယ်သူက ဘယ်သူမို့လို့…၊ မသွားလို့ မကောင်းဘူးဆိုတာတွေ…၊ အရာအားလုံးဟာ… အရေးကြီးနေတယ်။ လူတိုင်းဟာ အရေးကြီးနေတယ်။ ဂရုစိုက်ရမဲ့သူတွေချည်း ဖြစ်နေတယ်။ ဦးစားပေးရမယ့်သူတွေချည်း ဖြစ်နေတယ်။ ဒီလိုနဲ့ပဲ တစ်ပတ်… တစ်ပတ်… ကုန်သွားတယ်…။ တစ်လ တစ်လ ကုန်သွားတယ်။ ကုန်ဆုံးသွားတာတွေထဲမှာ… ကိုယ့်ရဲ့အချိန်တွေ၊ စွမ်းအင်တွေလည်း ပါသွားကြတယ်။ ဘယ်နေရာတွေကို တကယ်သွားသင့်သလဲ၊ ဘယ်သူတွေနဲ့ တကယ်တွေ့သင့်သလဲဆိုတာဟာ ကိုယ့်ရဲ့ဆုံးဖြတ်မှုပဲ ဖြစ်တယ်.

စိတ်ကို ရှင်းလင်းအောင်ထားချင်တယ်ဆိုရင် ကိုယ့်ရဲ့ Social Calendar ပေါ်က မလိုအပ်တဲ့ ပိုလျှံနေတဲ့ အချိန်ပေးမှုတွေ… ဦးစားပေးမှုတွေ… Non-Essential တွေကို လွှတ်ချပစ်လိုက်ဖို့ လိုအပ်တယ်။ Trim the excess fat from your social calendar. လို့ပြောကြတယ်။

တစ်ခါတစ်လေကျရင် ကျွန်မတို့ဟာ People Pleaser… လူတိုင်းကို ပျော်ရွှင်ကျေနပ်စေချင်တဲ့သူ ဖြစ်နေတတ်ကြတယ်။ အဲဒီအခါမှာ ဖိတ်ခေါ်မှုတိုင်းကို အလိုလိုလက်ခံပြီးသား ဖြစ်နေတတ်တယ်။ သူတို့အတွက်က No လို့ပြောပြီး ငြင်းပယ်ဖို့ဟာ… အင်မတန် ခက်ခဲနေတတ်တယ်…။ ဒါပေမဲ့ ကိုယ်တကယ်လည်းစိတ်မပါ…၊ မလုပ်ချင်တဲ့ ကိစ္စတစ်ခုအတွက် အစောကြီးကတည်းက No လို့‌ ပြောလိုက်တာဟာ နောက်ထပ်စိတ်ရှုပ်လာစရာအကြောင်း မရှိတော့ဘူး…။ စိတ်ဖိစီးမှု ဖြစ်စရာ… အကြောင်းမရှိတော့ဘူး…။ ကိုယ်တကယ် ဂရုစိုက်ချင်တာတွေအတွက် အချိန်ပေးစေချင်တယ်…။ ပျော်ရွင်ချင်တယ်ဆိုရင် ကျွန်မတို့ဟာ No လို့‌ပြောတတ်ဖို့ကိုလည်း အလေ့အကျင့် လုပ်ထားသင့်တယ်။ ဘဝဟာ ဦးစားပေး ရွေးချယ်မှုတွေ ရှိပါတယ်။ အရာအားလုံးကို လိုက်လုပ်ပေးနေဖို့၊ ဖိတ်သမျှ သွားနေဖို့၊ ပေးသမျှ ယူနေဖို့ဆိုတာ တကယ်ကို မလိုအပ်ပါဘူး။

ကိုယ့်နှလုံးသားနဲ့ အနီးစပ်ဆုံးနေရာကို ရွေးချယ်တတ်ဖို့လိုပါတယ်။ လူတိုင်းကို ပျော်ရွှင်ကျေနပ်စေချင်ရအောင် ကျွန်မတို့ဟာ လူရွှင်တော်လည်း မဟုတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို ပျော်ရွှင်ကျေနပ်တတ်ဖို့က ပိုအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။

ကိုယ့်ရဲ့ Brain Space ဟာကို ကိုယ်အလေးထားတဲ့ အရာတွေ အတွက်နဲ့သာ ထိုက်တန်တယ်ဆိုတာကို… သတိပြုတတ်ဖို့ လိုပါတယ်…

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts