ရုပ်နဲ့စိတ်ရဲ့ဆက်သွယ်ချက်

ရုပ်နဲ့စိတ်ရဲ့ဆက်သွယ်ချက် (Emotional Connection)

ပြောရမယ်ဆိုရင် ကျွန်မဟာ အဝတ်အစား တော်တော်မက်မောတဲ့ သူပါပဲ…။ အဝတ်တွေလည်း မကြာခဏ ဝယ်လေ့ရှိတယ်…။ ချုပ်လည်းချုပ်တယ်…။ စိတ်ညစ်ရင် အဝတ်ဝယ်တာပဲ…။ Online ကနေ ဝယ်လို့ရတော့ ပြီးရော…။ ကျွန်မ စိတ်သိပ်မပျော်ဘူးဆို အဝတ်တွေ လျှောက်မှာပစ်လိုက်ပြီ…။ လက်မလေးနဲ့ ဖုန်းစကရင်မ်ကို ပွတ်ဆွဲကြည့်ရင်း… ကြိုက်တဲ့ပုံတွေ့ရင် Screenshot ရိုက်ထားလိုက်…၊ Save လုပ်ထားလိုက်နဲ့… အဲလို လုပ်ရတာကို ပျော်နေတော့တာ…။

အဝတ်ဗီဒိုကို ရှင်းထုတ်လိုက်ရင် သူများတွေကို ပြန်ပေးဖို့ အထုတ်ကြီး အထုတ်ငယ်နဲ့ ထွက်လာတာပဲ…။ အံဩစရာ ကောင်းတာက တချို့အဝတ်တွေဟာ… ဝယ်ပြီးကတည်းက ကျွန်မ တစ်ခါမှကို မဝတ်ရသေးဘူး…။ တချို့အဝတ်တွေဆို… မေ့တောင်မေ့နေပြီ…။ တချို့အဝတ်တွေက ချုပ်ပြီးမှ မကြိုက်တော့ဘူး…။ အဆင်မပြေတော့ဘူး…။

ခုနောက်ပိုင်းတော့… တစ်ခုသတိထားမိလာတာရှိတယ်…။ တကယ်တော့ အဝတ်သစ်တွေကို ကြိုက်လို့ ဝယ်တာပဲဖြစ်ဖြစ်…၊ ပျော်လို့ဝယ်တာပဲဖြစ်ဖြစ် လက်ထဲရောက်လာပြီဆိုရင်… Emotional Connection ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုက ရှိမှ မရှိတာပဲ…။

တစ်နေရာကို… နှစ်ရက်ဆက်တိုက်သွားရရင်…ကျွန်မ မနေ့က ဝတ်ခဲ့တဲ့ ဝတ်စုံကို ဒီနေရာမှာ… ပြန်မဝတ်ချင်တော့ဘူး…။ ပထမနေ့က အသစ်လေးဝတ်ရလို့ လှလှပပ ကျော့ကျော့မော့မော့လေးနဲ့ ပျော်တယ်…။

ပျော်တယ်ဆိုရင်… နောက်နေ့ဆက်ဝတ်လေဆိုတော့…ဟင့်အင်း…ဒါကြီးကိုပဲ…ထပ်မဝတ်ချင်ပါဘူး…။ မနေ့က ဝတ်ထားတဲ့ဟာကြီးလို့…ဖြစ်သွားပါလေရော…။

ဪ… အဝတ်သစ်တွေထဲမှာ… ပျော်ရွှင်မှု မရှိဘူးဆိုတာ သေချာသွားတော့တာပဲ…။ အစတုန်းက အဝတ်သစ်ဝယ်ရတော့မယ်…၊ အဝတ်သစ်ရပြီ… ဝယ်ရတော့မယ်ဆိုရင် ပျော်စရာလို့ ထင်နေခဲ့တာနော်…။

တကယ်တော့ ပျော်ရွှင်မှုဟာ… အသစ်…အသစ်တွေနောက်လိုက်နေမှ မဟုတ်ဘူး…။ ကိုယ့်လက်ထဲမှာ ရှိတာလေးကို သာယာနှစ်သက်နေတာ…၊ ကျေနပ်ရောင့်ရဲနေနိုင်တာကမှ ပျော်ရွှင်ရတာပါ…။

တစ်ခုခုကို လိုချင်လို့ စိတ်တွေ ဂနာမငြိမ်ဖြစ်နေပြီဆိုရင်… ဒီပစ္စည်းဟာ… နောက် ၆ လအထိ ပေါပြူလာ ဖြစ်နေဦးမှာလား…။ ကိုယ့်ကို စိတ်လှုပ်ရှားနေစေဦးမှာလားလို့ မေးကြည့်တဲ့…။ Oxford ဆရာတော်ဟောတဲ့ တရားထဲမှာပါဖူးတယ်…။

ခုတော့…ဆရာတော်ကို ပြန်‌လျှောက်ချင်လာတယ်…။ အမလေး…အရှင်ဘုရား… နောက် ၆ လစောင့်ဖို့ မလိုပါဘူး…။ မနက်ဖြန်ဆိုရင်တောင် မပျော်တော့ဘူး ဘုရား…လို့…။

အဟုတ်ပဲ… အဝတ်အစားဝတ်ဖို့ဆိုရင် အတော်အချိန်တွေပေး…အားထုတ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်…။ ခရီးသွားရင် အဝတ်တွေကို အလေးခံယူရတယ်…။ ကျွန်မက အပြင်သွားခါနီးတိုင်း… အဝတ်အစား ၃…၄ စုံလောက် ရွေးလေ့ရှိတယ်…။ ပြန်မသယ်နိုင်တော့လို့ ရောက်တဲ့နေရာမှာ ထား…ထား…ပစ်ခဲ့ရတာအပြင်…အသစ်ပြန်ဝယ်လာတာလဲ တစ်ပုံကြီးပဲ…။

အပြင်သွားခါနီးတိုင်း… ဗီဒိုဖွင့်ပြီး ၃စုံလောက် လဲပြီးမှ… ကိစ္စပြီးတော့တယ်…၊ ဒီဟာက ပူတယ်…၊ ဒီဟာက ဗိုက်ထွက်နေတယ်…၊ ဒီဟာကပါးတယ်… စသည်ဖြင့်အမျိုးစုံပဲ… ရယ်လည်းရယ်ရတယ်။

နောက်ဆုံးကျတော့ စိတ်တွေရှုပ်လာပြီ…အပွဆုံး၊ အအေးဆုံးဟာ…ရှာပြီး ဝတ်ထွက်လာရော…။ ပြီးရင် စိတ်ညစ်ပြီ…။ ဪ… ငါ့မှာ… ဝတ်စရာ မရှိတော့ပါလား။ ထပ်ဝယ်ရဦးမယ်…၊ ထပ်ချုပ်ရဦးမယ်နဲ့… ဝယ်ပြီး… ချုပ်ပြီးတော့လည်း…အဲဒီသံသရာက ဆက်လည်သွားပြန်တော့တာပဲ…။ မဆုံးတော့ဘူး…။ အမြစ်ကို မခုတ်ပစ်နိုင်ဘူးလေ…။

ရွေးချယ်ရတာတွေဟာ… လူတွေကို စိတ်ဖိစီးမှု ဖြစ်စေတယ်…။ ကလေးတစ်ယောက်ကို… ကားရော…၊ ရထားရော…၊ လေယာဉ်ပျံရော…၊ အရုပ်တွေ စုပြုံပေးပြီး… ရွေးခိုင်းကြည့်ပါ…။ ဟိုဟာလည်းလိုချင်…၊ ဒီဟာလည်းလိုချင်နဲ့… ဒီကောင် အူကြောင်ကြားဖြစ်ပြီး… ဘာယူကစားရမှန်းမသိတော့ဘူး…။ နောက်ဆုံး စိတ်ညစ်ပြီး… ဗြဲဆို ထငိုရော…။ ကျွန်မလည်း တူတူပဲ…။ တစ်ခါတစ်ရံ လူကြီးတွေ ဖြစ်ပေမဲ့ စိတ်တွေက ကလေးဖြစ်နေကြတုန်းပဲလေ…။

စကားမစပ် Mark Zuckerberg တို့၊ Steve Jobs တို့ဟာ… အင်္ကျီအဝတ်အစားကို နေ့တိုင်းပုံစံတစ်မျိုးပဲ ဝတ်ကြတယ်ဆိုလို့… သူတို့ပုံတွေ Google လုပ်ကြည့်တာ… အမှန်ပဲ။ Mark ဟာ…အမြဲ…မီးခိုးရောင် တီရှပ်နဲ့…၊ Steve ဟာအမြဲ… လည်ထောင်ဆွယ်တာ အမဲနဲ့…။

ဘာဖြစ်လို့ ဒီလိုတစ်မျိုးပဲ ဝတ်တာလဲဆိုရင်… သူတို့က အရေးကြီးတဲ့ ဆုံးဖြတ်ချက် Decision Making တွေ အချိန်တိုအတွင်းမှာ လုပ်ကြရတော့… သူတို့ရဲ့ စွမ်းအင် Energy ကို ခြွေတာလိုက်တာတဲ့…။

ဗီဒိုဖွင့်ပြီး… ဟိုဟာဝတ်ရကောင်းမလား…၊ ဒီဟာဝတ်ရကောင်းမလား…နဲ့… စဉ်းစားစရာ မလိုတော့ဘူးလေ…။ ကိုယ်နဲ့အလိုက်ဆုံး စတိုင်တစ်ခုကို ဖမ်းထားလိုက်တယ်။ အဲဒီအတိုင်း တစ်သက်လုံး နေလိုက်တယ်…။

အမျိုးသားနဲ့ အမျိုးသမီးဆိုတာကလည်း ကွာခြားမှု ရှိတာပေါ့လေ…။ သူတို့လို… လိုက်လုပ်ဖို့ဆိုတာကတော့… ဘယ်လိုဖြစ်နိုင်ပါ့မလဲ…။ အမျိုးသမီးတွေကျတော့… အင်္ကျီနဲ့လိုက်တဲ့ ဖိနပ်တို့၊ လက်ပွေ့အိတ်တို့…၊ နားကပ်တို့…၊ ဆွဲကြိုးတို့…၊ ပုဝါတို့… ဆိုတာတွေကလည်း ရှိသေးတာကိုး…။ အမျိုးသမီးတွေထဲမှာကို… ကျွန်မလိုဟာမျိုးက…သိပ်…အဆာပလာများတာ…။

ဒါပေမယ့်နော်… ကျွန်မအသိ အန်တီတစ်ယောက်ကတော့ အမြဲတမ်း ရှပ်အင်္ကျီအပြာကွက်နဲ့ လုံချည်နက်ပြာရောင်လေးပဲဝတ်တာ… တွေ့ဖူးတယ်…။ လုပ်နိုင်တဲ့လူတွေ လုပ်နိုင်ပါတယ်…။ အဆာပလာမများတဲ့ သူမျိုးတွေပေါ့လေ…။ အရိုးဆုံးဟာ… အရှင်းဆုံးပေါ့လေ…။

ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်ခုချင်းစီအပေါ်မှာ… ကျေနပ်ရောင့်ရဲတဲ့စိတ် Emotional Connection လေးပေါ်လာရင်တော့…အသစ်… အသစ်တွေနောက်လိုက်ရင်း… စိတ်ပျော်စရာကို ရှာနေမိတဲ့ကိစ္စဟာ လျော့သွားနိုင်မလားပဲ…။ တွေးမိတာလေးပါ…။

ပျော်စရာဆိုတာက တစ်ခါတလေကျတော့… လိုက်လေ ဝေးလေပဲ…။ ဖမ်းလေ… ပြေးလေပဲ…။ နီးလျက်နဲ့… ဝေးနေတတ်သေးတာ…။

တကယ်ပျော်ဖို့အတွက်က ကိုယ့်စိတ်ကိုပဲ ပြောင်းကြည့်ရမှာ…။ ကျွန်မလည်း ကြိုးစားကြည့်ပါမယ်…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts