အတိတ်ကို အတိတ်မှာ ထားခဲ့ပါ

အတိတ်ကို အတိတ်မှာ ထားခဲ့ပါ

Problem with a Solution အဖြေနဲ့ အတူတကွလာသော ပြဿနာ…တဲ့…။ တချို့ပြဿနာတွေကို ဒီလိုပြောရမယ် ထင်ပါတယ်…။ ဘာဖြစ်လို့လဲဆိုရင် သူ့မေးခွန်းတွေထဲမှာကို အဖြေက ပါနေခဲ့ပြီးသားမို့လို့ ဖြစ်ပါတယ်…။

တစ်ခါ… စာဖတ်သူ ညီမတစ်ယောက်ရေးတဲ့စာထဲမှာ… သူ့အမျိုးသားကို အင်မတန် မကျေနပ်ဖြစ်ပြီး ပြဿနာရှာနေမိတဲ့အကြောင်း ပါပါတယ်…။ သူ့အမျိုးသားက သူ့ကို ချစ်မြတ်နိုးပြီး ကောင်းစွာလုပ်ကျွေးနေတဲ့သူပါ…။ ဒါကလည်း သူပြောလို့ပဲ သိရတာပါ…။

ဒါဆို… ဘာလို့များ ဒီလူကို… မကျေမနပ်ဖြစ်နေရတာတဲ့လဲ…။ သူအိမ်ရှင်းရင်း… စာအုပ်တစ်အုပ်ကြားထဲက သူ့အမျိုးသားနဲ့… အမျိုးသားရဲ့ အရင်ရည်းစားရေးထားတဲ့ ရည်းစားစာကလေးများကို အမှတ်တမဲ့ တွေ့လိုက်ရလို့ ဖြစ်ပါတယ်တဲ့…။

ဒီရည်းစားရှိခဲ့ဖူးမှန်းလည်း သူသိပြီးသား…။ အဲဒီတစ်ယောက်ကို အဲဒီလောက်တောင် ချစ်ခဲ့ရလားဆိုပြီး… အရင်က ကိစ္စကို အစဆွဲထုတ်ပြီး ပြဿနာရှာတော့တာပဲ…။

ကျွန်မလည်း ပြုံးစိစိနဲ့ ဘာပြန်ပြောရမှန်းမသိ…။ သူရေးနေတာ ဖတ်နေရင်းကပဲ… ဒါပေမယ့် ဆရာမရယ်… သမီးမှားသွားတာ သမီးသိပါတယ်…။ သူ့ရဲ့ အတိတ်ကိုပါ သမီးက ပိုင်ချင်နေတာပဲ… ဆိုပြီး လိုင်းပေါ်က ဆင်းသွားပါတယ်…။

ကိုယ့်ကိုကိုယ် ဒုက္ခ မရှာပါနဲ့…။ သမီးပြဿနာမှာ အဖြေတွေက ပါနေပြီးသား…လို့ ကျွန်မပြောလိုက်ပါတယ်။

Mind Clutter လို့ခေါ်တဲ့ စိတ်ရှုပ်ထွေးမှုတွေက တစ်ခါတစ်ရံတော့ အတိတ်ကာလနဲ့ ဆက်စပ်နေတာများပါတယ်။ လူတွေအတော်များများဟာ အတိတ်ကာလက ဖြစ်ရပ်တွေကို စိတ်ထဲမှာသိမ်းဆည်းထားတတ်ကြတယ်။ ဦးနှောက်ရဲ့သဘောသဘာဝအရ… ပျော်စရာကောင်းတာတွေထက်… ဝမ်းနည်းစရာကောင်းတာတွေ၊ စိတ်ဆိုးစရာ… မကျေနပ်စရာတွေကို ပိုပြီးသတိရ… မှတ်မိနေတတ်ကြတယ်။

ကိုယ်လုပ်ခဲ့မိတဲ့အမှားတွေ လက်လွှတ်ဆုံးရှုံးရတဲ့ အခွင့်အရေးတွေ…၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ..၊ ကိုယ်ရဲ့နောင်တတွေ…၊ အရှက်ရခဲ့တာတွေ… အများကြီးပါတာပေါ့…။

ဒီဖြစ်ရပ်တွေဟာ… အံဆွဲတွေလို… တစ်ကန့်စီ… တစ်ကန့်စီနဲ့…ကျွန်မတို့ရဲ့ ဦးနှောက်ထဲမှာ ရှိနေတတ်ကြတယ်…။ အံတစ်ခုကို ဆွဲထုတ်လိုက်ရင်… အထဲက ပစ္စည်းတွေ ပေါ်လာသလို…တိုက်ဆိုင်မှုတစ်ခုပေါ်လာတာနဲ့ အစတစ်ခုဆွဲထုတ်လိုက်သလို ပေါ်လာတဲ့ အတိတ်ကာလက… မကောင်းတဲ့ Memory တွေကို ရှင်းထုတ်ပစ်လိုက်ဖို့ အချိန်တစ်ခုယူသင့်တယ်။

အဲဒီအရာတွေကို ရှင်းထုတ်တဲ့နေရာမှာ Forgiveness ဆိုတဲ့ ခွင့်လွှတ်ခြင်းဟာ သိပ်အရေးကြီးတယ်။ ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်တတ်ရမယ်။ သူများကိုလည်း ခွင့်လွှတ်ပေးတတ်ရမယ်…။ (ကိစ္စရပ်တိုင်းတော့ မဆိုလိုပါ…။ သို့သော် တချို့ကိစ္စရပ်တွေကိုတော့ ခွင့်လွှတ်လိုက်မှပဲ နေသာထိုင်သာ ရှိသွားရတတ်တယ်)

ကိုယ်ကိုကိုယ် ခွင့်လွှတ်တယ်ဆိုတာ ပျော့ညံ့တာ မဟုတ်ပါဘူး။ ကိုယ်လုပ်မိတဲ့ အမှားကို သိတယ်။ ဖြစ်ခဲ့တာတွေအပေါ် လက်ခံတယ်။ နောက်ကို ဒီလိုအမှားမျိုး မဖြစ်အောင် ကြိုးစားမယ်။ ရှေ့ကို ဆက်သွားလိုတဲ့ ဆန္ဒရှိတယ်။ တကယ်လည်း ရှေ့ဆက်သွားတယ်။ Move on လုပ်တယ်။ တောင်းပန်စရာရှိလည်း တောင်းပန်လိုက်တယ်။

သူများကို ခွင့်လွှတ်တယ်ဆိုတာလည်း ဒီသဘောအတိုင်းပါပဲ…။ သူ့ကို ခွင့်လွှတ်ပေးလိုက်တာဟာ… သူ့ကို အရှုံးပေးတာ အညံ့ခံတာ မဟုတ်ဘူး…။ သူက တစ်ခါလောက် နာကျင်အောင်လုပ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ ဒါကို ပြန်တွေးပြီး ထပ်ခါထပ်ခါ ခံစားနေမယ်ဆိုရင် အခါခါ နာကျင်နေတာမျိုးပဲ…။

ဖြစ်ပြီးတဲ့ ကိစ္စ ပြီးသွားပြီ… လို့ မှတ်လိုက်ရင်… ပြန်တွေးနေမိတိုင်း… သူ့ကြောင့် အခါခါ နာကျင်နေရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားရတယ်…။

သူ့ကို ခွင့်လွှတ်ပေးလိုက်တယ်ဆိုတာ… ကိုယ့်လွတ်မြောက်မှုကို ကိုယ့်ဘာသာ ဖန်တီးယူလိုက်တာမျိုးပဲ…။ အတိတ်ကာလက ဖြစ်ရပ်တွေကြောင့် စိတ်ရှုပ်ထွေးမှုတွေဟာ… တစ်ခါတစ်ရံ အလိုလိုနေရင်း ထိုင်ရင်းကို ပေါ်ပေါက်လာတတ်ကြတယ်…။

ကျွန်မဆိုရင်… ကားမောင်းရင်းမှာ… လူတစ်ယောက်ရဲ့မနှစ်မြို့စရာ အပြုံးကို သတိရလိုက်တာမျိုးရှိတယ်…။ သူငယ်ချင်းတွေနဲ့ စားသောက်ပျော်ရွှင်နေတဲ့ အချိန်မှာတောင် ကိုယ်သဘောမကျတဲ့ လူတစ်ယောက်ရဲ့စကားလုံးတွေ စိတ်ထဲပြန်ပေါ်လာတာမျိုး ရှိတယ်…။ ဒါဟာ… စိတ်ရဲ့သဘာဝပဲ…။

ကျွန်မတို့စိတ်ဟာ… မနေ့က…ဆိုတာနဲ့… မနက်ဖြန်ကျရင်လေ…ဆိုတဲ့နေ့ရက်နှစ်ရက်မှာပဲ ကျင်လည် ကျက်စားနေတာများတယ်…။ ဒီနေ့… ဆိုတဲ့စိတ်… အခု…ဆိုတဲ့ စိတ်နဲ့… ရှင်သန်နေထိုင်တဲ့သူဟာ… အင်မတန်နည်းပါးတယ်…။

ပြီးခဲ့တဲ့ အတိတ်ကာလ ဖြစ်ရပ်အကြောင်းတွေကို လွှတ်ချပေးလိုက်ပါ။

Let go of the past.

Live NOW.

ခွင့်လွှတ်လို့ရသမျှ ခွင့်လွှတ်ပေးလိုက်ပါ…။ နေထိုင်ရတာ… ရှင်းလင်းပေါ့ပါးသွားမှာ… အမှန်ပါ…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts