mask ကိုဘယ်လိုတပ်ကြမလဲ

Mask ကို ဘယ်လို တပ်ကြမလဲ

Mask ကို လူတော်တော်များများ တပ်ဖူးကြပါတယ်။ ကိုယ်နေမကောင်းလို့ပဲ ဖြစ်ဖြစ်၊ အပြင်သွားရင်း သူများဆီက ကူးမှာ မို့လို့ပဲ ဖြစ်ဖြစ် တပ်ကြပါတယ်။ ဒါပေမယ့် Mask က အဖြူရောင် တစ်ဖက်၊ အပြာ ဒါမှမဟုတ် အစိမ်းရောင် တစ်ဖက် ဖြစ်နေတော့ ဘယ်လိုတပ်ရမယ်ဆိုတာ သေသေချာချာ သိတဲ့သူက နည်းပါတယ်။ ကိုယ်တိုင်က လူမမာဖြစ်လို့ ဝတ်ရင် တစ်မျိုး၊ သူများဆီက ကူးမှာဆိုးလို့ ဝတ်ရင် တစ်မျိုးဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။

အဖြူပဲ အပြင်က ဝတ်လို့ ဆိုသူတွေလည်း မနည်းသလို၊ အစိမ်း (သို့) အပြာကို အပြင်ကဝတ်လို့ ပြောသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့လဲလို့ မေးကြည့်ရင်တော့ ချက်ကျ လက်ကျ ဖြေနိုင်သူ ရှားပါတယ်။ Mask ကို ဝတ်မယ်ဆိုရင် အရောင်ပါတဲ့ဘက်က အပြင်ကဝတ်ပြီး အဖြူရောင်ကို အတွင်းဘက် ထားဝတ်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာကို အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။

Mask တွေကို ပုံမှန်အားဖြင့် အလွှာသုံးလွှာနဲ့ ပြုလုပ်ထားပါတယ်။ အပြင်ဘက်ဆုံး အလွှာက အရောင်နဲ့ပါ။ အများအားဖြင့် အစိမ်းရောင် ဒါမှမဟုတ် အပြာရောင် ဖြစ်ပါတယ်။ အဲဒီ အလွှာက polypropylene လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ရေမတင်ပါဘူး။ သွေး၊ နှပ်၊ မျက်ရည် အပါအဝင် ခန္ဓာကိုယ်က ဘယ်အရည်အမျိုးအစားမှ ဖြတ်မသွားနိုင်ပါဘူး။

အလယ် အလွှာကတော့ အရေးအကြီးဆုံးပါ။ အလယ်အလွှာက ပိုးမွှားများနဲ့ သေးငယ်တဲ့ အမှုန်အမွှားတွေကို အတွင်းကနေ အပြင်ကိုရော၊ အပြင်ကနေ အတွင်းကိုရော မဖြတ်နိုင်အောင် တားဆီးပေးပါတယ်။ အတွင်းဆုံး အဖြူရောင် အလွှာကတော့ အပြင်က အစိမ်း (သို့) အပြာရောင် အလွှာနဲ့ ထပ်တူနီးပါး တူပါတယ်။

ကွာခြားတာ တစ်ခုတည်းကတော့ အတွင်းဆုံး အဖြူလွှာက အသက်ရှုထုတ်လိုက်တဲ့ စွတ်ထိုင်းမှုကို စုပ်ယူပေးပြီးတဲ့ အပြင် အရေပြားနဲ့ ထိတွေ့တဲ့ အလွှာဖြစ်တဲ့ အတွက် ပိုမို နူးညံ့ပါတယ်။ ဒါကြောင့် နောက် Maskဝတ်တော့မယ် ဆိုရင် အစိမ်း (သို့) အပြာရောင်ကို အပြင်ဖက်က ဝတ်ပြီး အဖြူရောင်ကို အတွင်းက ဝတ်တာသာ အမှန်ဖြစ်ပါတယ်။

ဒါဆိုရင် အဖြူရောင်ကို အပြင်ဖက်က ထားဝတ်တဲ့သူတွေ အတွက်ရောလို့ မေးချင်သူတွေ ရှိပါလိမ့်မယ်။ အဖြူရောင်ကို အပြင်ဖက်၊ အစိမ်း (သို့) အပြာရောင်ကို အတွင်းဖက် ထားဝတ်သူတွေဟာ အဖြူရောင်ကို အပြင်မှာ ထားဝတ်တဲ့ အတွက် အပြင်ဖက်က စိုစွတ်မှုကိုတွေနဲ့ ပိုးမွှားများဟာ အဖြူရောင် အလွှာမှာ ကပ်ကျန်နေနိုင်ပြီး အစိမ်း (သို့) အပြာရောင်ကို အထဲထားဝတ်တဲ့အတွက် အတွင်းဖက်မှာ စိုစွတ်ထိုင်းမှိုင်းမှုကြောင့် သက်သက်သာသာ ရှိမှာ မဟုတ်ပါဘူး။

ရောဂါပိုးကို တားဆီးပေးနိုင်မှုကတော့ ဘယ်အရောင် အပြင်ဖက် ထားဝတ်ဝတ် အတူတူ ဖြစ်ပေမယ့် နည်းလမ်းအမှန် ဝတ်သူတွေကတော့ ပိုမို သက်တောင့် သက်သာ ရှိမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ Maskတွေဟာ တစ်ခေါက်သုံးစာ အတွက် ထုတ်ထားတာ ဖြစ်တဲ့အတွက် Mask တွေကို အကြိမ်ကြိမ် သုံးစွဲခြင်းဟာ ရောဂါပိုးမွှားတွေကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် Maskတွေကို တစ်ခေါက်သာ သုံးဖို့ အရေးကြီးပါတယ်။

ယခု သင်ဟာ နောက်တစ်ခေါက် Maskဝတ်တော့မယ် ဆိုရင်တော့ ဘယ်လို ဝတ်တာ အမှန်ဆိုတာ သိတဲ့ အပြင် ဘာလို့ အမှန်ဖြစ်တာပါ သိသွားပြီ ဖြစ်ပါတယ်။ အောက်က Link ကတော့ ဟောင်ကောင် အစိုးရက mask ကို ဘယ်လို ဝတ်သင့်တယ်ဆိုတာ ပြောပြထားတာပါ။

https://www.info.gov.hk/info/sars/en/facemask.htm

ဗဟုသုတဆောင်းပါးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ဗဟုသုတ

Related Posts